Tuesday, 1 October 2013

စစ်ကိုင်းဆောင်သွေး ရဲရဲနီတယ်

အမျိုးအစား = ရဟန်းလောက ဖြစ်ရန်မှန်ရယ်စရာလေး
ရည်ညွှန်း = ရွှေဝါရောင်တော်လှန်ရေး အမှတ်တရ
ရေးသူ = အရှင်ပညာနန္ဒ (မြိုင်) (ခ) တွတ်ပီ

“ဦးဇင်းရေ--- ဒီည တက္ကသိုလ်ကို ၀င်စီးမှာတဲ့နော်။ ည ကိုးနာရီ။ ကိုးနာရီ”
ဘယ်သတင်းဌာနက ထုတ်လွှင့်လိုက်သည့် သတင်းမှန်းတော့ မသိ။ တက္ကသိုလ်တစ်ခုလုံး မုဟုတ်ချင်း ပျံ့နှံ့သွားခဲ့သည်။

ရွှေဝါရောင်တော်လှန်ရေးကာလအပြီး အရေးအခင်းမှာ ပါဝင်ခဲ့ကြတဲ့ သံဃာများကို စစ်အစိုးရက အလုံးအရင်းနဲ့ ၀င်စီးပြီး ဖမ်းဆီးထောင်ချနေတဲ့အချိန်။ စာသင်တိုက်ကြီးတွေလဲ လုံခြုံရေးသတိ အမြဲရှိ။ မြို့ပြင်က တဲကျောင်းလေးက ကိုယ်တော်တွေလဲ အိပ်ကောင်းခြင်းမအိပ်ရ။ သို့ကလို ရွစိရွစိ ဖြစ်နေသည့်အချိန်။ မနေ့တစ်နေ့ကမှ တောင်ဥက္ကလာငွေကြာယံကျောင်းတိုက် ၀င်ရောက်စီးနင်းခဲ့ပုံကို ဒီဗွီဘီ စလောင်းသတင်းကနေ မျက်စီနဲ့တပ်အပ်ကြည့်ထားကြပြီမို့ မိမိတို့ သာသနာ့တက္ကသိုလ်က ကိုယ်တော်ချောများလည်း ဘယ်နေ့လာဖမ်းမလဲ၊ ဘယ်အချိန်လာစီးမလဲဆိုသည်ကို စိုးတထိတ်ထိတ် စောင့်စားနေရ၏။

ဟော အခုတော့ ဒို့အလှည့် ရောက်လာပါလေပြီ။ ည ကိုးနာရီတဲ့။ ခိုင်လုံတဲ့ သတင်းရပ်ကွက်က လာတဲ့သတင်း။ စစ်သားတွေကိုယ်တိုင် ဖမ်းမဲ့ကိုယ်တော်တွေစာရင်းစာရွက်ကို တက္ကသိုလ်မုခ်ဦးနားက သန်းမိတ္တူဆိုင်မှာ လာကူးသွားတာတဲ့။ ပြီးတော့ သင်းသင်းဆွေစတိုးဆိုင်ကဖုန်းနဲ့ သူ့တို့ဗိုလ်ကြီးဆီ ဖုန်းဆက်ပြီး ဒီည ဒီကိုယ်တော်များကို ၀င်ဖမ်းဖို့ အစီအစဉ်ရှိကြောင်း အကြောင်းကြားသည် ဆို၏။ ဆို၏။ ဒီသတင်းကို ချက်ချင်းဖုန်းဆက်ပေးသူက သင်းသင်းဆွေစတိုး။

သန်းမိတ္တူဆိုင်သို့ မိမိအမည် ပါမပါ သွားမေးကြသည်မှာ စာမေးပွဲ ဂေဇက်ထွက်နေသလား အောက်မေ့ရသည်။ လာကူးသွားတာက နှစ်မျက်နှာတဲ့။ အပေါ်ဆုံးက နာမည်ပဲ မှတ်မိလိုက်သည် ဦးကိတ္တိလို ဘာလိုလိုတဲ့။ ဒါဆို သေချာသွားပီ။ တခါ အပါး(60)ကျော်ဆိုပြီး သတင်းထွက်လာပြန်သည်။ ဇစ်မြစ်ကို မေးမြန်းကြည့်တော့ နှစ်မျက်နှာလာကူးတာဆိုတော့ တစ်မျက်နှာကို ၃၀-ခန့်နဲ့တွက်ရင် အပါး(၆၀)ဖြစ်မည်ဆို၏။ ကိုယ့်တွက်ကိန်းနှင့်ကိုယ်တော့ ဟုတ်နေသည်ပဲ။ သန်းမိတ္တူဆိုင်လဲ ကိုယ်တော်တွေတရုံးရုံးဆိုတော့ ကြောက်လာဟန်ရှိသည်။ ညနေ 5-နာရီလောက်မှာပဲ ဆိုင်ပိတ်သွားတော့၏။

စီနီယာ ကျောင်းသားကြီးများက တစ်ဆောင်နှင့်တစ်ဆောင် သတင်းပေးဖို့ ချိတ်ဆက်ကြသည်။ ဒီပြဿနာကို ဘယ်လိုရှင်းမလဲ မေးကြည့်သည်။ ပဲခူးဆောင်ကိုမေးကြည့်တော့ အဆောင်မှူး ပေါင်ချိန်ကိုယ်တိုင် မားမားမတ်မတ်ရပ်ပြီး ခုခံမည်ဆို၏။ ကရင်ဆောင်နဲ့ ပဲခူးဆောင်က ကိုယ်တော်များကတော့ သူတို့အဆောင်တွေက အပေါက်ဝနားမှာမို့ ကိန်းသေအထိနာမည်ကို ကြိုသိနေသည့်အတွက် ဘေးအဆောင်များသို့ သွားအိပ်ကြသည်ဆို၏။ အခြားအဆောင်များကို လှည့်မေးကြည့်တော့လဲ ပြန်လည်ခုခံဖို့ ဆုံးဖြတ်ထားကြသည်ဟု သိရသည်။

ဒီလိုဆိုရင် မိမိတို့ စစ်ကိုင်းဆောင်လဲ တိကျတဲ့အဖြေတစ်ခုကို ထုတ်ရတော့ပေမည်။ အဆောင်ရှိသံဃာအားလုံး ဘုရားခန်းအတွင်းသို့ စည်းဝေးပွဲခေါ်လိုက်သည်။ သဘာပတိက ဆရာပေါက်စ ဦးပညာဝံသ။
“ကဲ ကိုယ်တော်တို့ သိကြတဲ့အတိုင်း။ ညကိုးနာရီတဲ့။ အဲဒီတော့ အရှင်ဘုရားတို့အနေနဲ့ အသာတကြည်ပဲ အဖမ်းခံကြမလား။ ပြန်ပဲ ခုခံကြမလား။ အဲဒါ ဆုံးဖြတ်ဖို့ အစည်းအဝေးခေါ်ရခြင်းဖြစ်တယ်” တုန်တုန်ယင်ယင်နဲ့ အားယူပြောရှာသည်။

“ပြန်ချမယ်ဘုရား” ကရင်ကြီးက ထပြောသည်။ မတ်တတ်ရပ်ပြီး ရင်ကော့ပြောသည်။ “တပည့်တော်ကတော့ တံတွေးနဲ့ပဲ ဆွတ်ရဆွတ်ရ၊ လက်သည်းနဲ့ပဲ ဆိတ်လိုက်ရ ဆိတ်လိုက်ရ ပြန်ချမှာပဲ။ အရှင်ဘုရားတို့ကော ကြောက်နေကြသလား”

“ဟုတ်တယ် ဟုတ်တယ် ပြန်ချမယ်” ဘာရယ်မဟုတ်။ ငကြောက်တော့ အဖြစ်မခံနိုင်။ တစ်ညီတစ်ညွတ်တည်း ပြန်ချဖို့ ဆုံးဖြတ်လိုက်ကြသည်။

“ကဲကဲ ဟုတ်ပါပြီ။ ပြန်ချမယ်ပေါ့” သဘာပတိ ဦးပညာဝံသ ဆုံးဖြတ်ချက်ချလိုက်သည်။ “ကဲ ဒါဆိုရင် တစ်ဘက်ရန်သူက သေနပ်တွေပါမယ်။ အင်အားကလဲ များလိမ့်မယ်။ အဲဒီတော့ တပည့်တော်တို့အနေနဲ့ စနစ်တကျ ကြိုတင်ပြင်ဆင်ထားမှဖြစ်မယ်။ ဒီလို တစ်ယောက်တစ်ပေါက် ပြောနေလို့တော့ မဖြစ်ဘူး။ ကဲ ဘယ်လို ခုခံမလဲဆိုတာ ပြောကြ” သဘာပတိက စစ်ရေးကျွမ်းကျင်သည်ပဲ။

မောင်ရွှေကျင်က “သူတို့ ၀င်လာတာနဲ့ အပေါ်ကနေပြီး ရေနွေးပူနဲ့ လောင်းချမယ်”တဲ့။
အောင်ဘုကတော့ “ဒုတ်တွေ ကိုယ်စီဆောင်ထားမယ်။ နီးရာစစ်သားကို တွယ်မယ်”ဆိုပဲ။ မောင်သောဘိကတော့ “ကင်းစောင့်ချထားဖို့လိုမယ်။ သူတို့လာပြီဆိုတာနဲ့ သံပုံးတီးအချက်ပေးရမယ်”ဆိုပြီး လေးလေးနက်နက်တင်ပြသည်။ ကရင်ကြီးကတော့ ဘာမှမလိုဘူး လက်သီးနဲ့ထိုးမယ်ဆိုတာချည်းပဲ ခဏခဏပြောနေ၏။ ၀ါဝါခေါ် စိန်သီးကတော့ လေးခွနဲ့ ချောင်းထုမည်ဟုဆိုသည်။ ကဲ ဒီလောက်ဆိုရင် ခုခံလို့ ရနေပြီပဲ။ အဆောင်မှာ လက်မရွံ့တပ်သား (၃၀)လောက်ရှိနေပြီ။ လုံလောက်ပြီ။

နောက်တစ်ဆင့်အနေနဲ့ အသီးသီးတာဝန်ပေးဖို့နဲ့ နေရာချထားဖို့ လိုလာသည်။ အောင်ဘုကတော့ ဒုတ်တွေ လုံလောက်အောင် ခုတ်ပေးမည်ဟု ဆိုသည်။ တပ်သားများကို ကင်းလှည့်ပေးဖို့က ဆရာကြီးလုပ်တတ်တဲ့ ဦးသောဘိ။ အောင်ဘုကလဲ သူပါ ကင်းလှည့်ဖို့ ကူပေးမည်ဟုဆိုသည်။ ရေးနွေးကြိုဖို့တာဝန်က အဘသီဝလိနဲ့ စိတ်စိတ်။ အပေါ်က ရေနွေးနဲ့လောင်းချမဲ့သူတွေက စက်ကြီး၊ ရွှေကျင်၊ မိုရီယန်တေးတို့ သုံးဦး။ အောက်ထပ် ခေါင်းဆောင်က သတ္တိကောင်းတဲ့ ကရင်ကြီး။ အလယ်ထပ်မှာက ရွှေဘိုသား အာဇာနည် မထေရ်ကြီး။ အပေါ်ဆုံးထပ်က ကိုအက်လေးနဲ့ ဂုဏိန်။ အပေါက်ဝကနေ ကင်းစောင့်ပြီး သံပုံးတီးဖို့က လူမရှိ။ ထိုရာထူးက အသေခံတပ်သားဆိုတာ လူတိုင်းတွေးတပ်ကြသည်ပဲ။ “ကဲကဲ တွတ်ပီ။ မင်းက အိပ်ရေးပျက်ခံနိုင်တယ်။ မင်းပဲ သံပုံးတီးဖို့လုပ်” “ဟုတ်တယ်” “ဟုတ်တယ်” မောင်သောဘိတို့ မဆီမဆိုင်အကြောင်းပြပြီး ချောက်တွန်းချေပြီ။ ဘာမှ ပြောခွင့်မရလိုက်။ မတတ်နိုင်ချေ။ ပြီးမှသာ ကြည့်ရှောင်ရုံပဲ။ လက်ခံလိုက်ရ၏။

(၇)နာရီထိုးနေပြီ ပြင်ဆင်ချိန်က နှစ်နာရီပဲ ရှိတော့သည်။ ဒုတ်တာဝန်ခံ အောင်ဘုက ကျောင်းရှေ့မှ သြဇာပင်များကို ခုတ်လာပေးသည်။ ကရင်ကြီးကတော့ အောင်ဘုပေးသည့် သြဇာသား ဒုတ်ကြီးဖြင့် လေ့ကျင့်နေသည်။ ရေနွေးကြိုသည့်အဖွဲ့ကလည်း အဆောင်ရှိ ရေနွေးအိုးနဲ့ ဓာတ်ဗူးအားလုံးကို လိုက်ငှါးပြီး ကြိုနေကြပြီ။ တပ်သားများ အိပ်ချင်ပြေအောင် ဦးက၀ိနဲ့ မောင်ဂုဏိန်တို့က လဘက်သုပ်များ၊ ကော်ဖီများ လိုက်လံဝေနေသည်။ မိမိသည်လည်း စတိုခန်းမှ ဆီထည့်သည့် သံပုံးကြီး သစ်ပင်မှာချိတ်ပြီး အသင့်ပြင်ထားပြရသည်။ တစ်ဘက်ကလည်း ပြေးပေါက်ကို ကြည့်ထားရသေးသည်။

သူတို့က လက်နက်တွေနဲ့ ကိုယ့်မှာ ဘာမျှ ရှိသည်မဟုတ်။ ဘိုးတော်ဦးကောင်း ပြောသလို ရှုံးမည်မှန်းကြိုသိနေသည့် စစ်ပွဲကို မတိုက်လို။ သတ္တိမရှိဘူးပဲဆိုဆို ပြေးပေါက်ကိုသာ ရှာနေမိ၏။ တွေ့ပါလေပြီ။ အပေါ်ဆုံး အမိုးပေါ်က ရေစင်ပေါ်တက်သည့် အပေါက်ကြီး။ ဟုတ်ပေသည်။ စစ်သားတွေ ၀င်လာတာ အသံကြားသည်နှင့် အပေါ်ပြေးတက်ရင်း သံပုံးတီးခဲ့မည်။ ပြီးသည်နှင့် ထိုအပေါက်ကနေ အပေါ်တက်ပြီး ရေတိုင်ကီနားမှာ ပုန်းနေမည်။ မည်သည့်စစ်သားမှ ထိုအပေါက်ကို သိကြမည်မဟုတ်။ ကဲ ဘယ်လောက်အကြံပိုင်လိုက်သလဲ။

တပ်မှူး ဦးသောဘိက စာအုပ်ကြီးတကိုင်ကိုင်နဲ့ မြေပုံတွေဘာတွေထောက်ပြပြီး လိုက်ရှင်းပြနေသည်။ ဟုတ်မဟုတ်တော့မသိ။ စစ်ကားဝင်စရာအပေါက်က အရှေ့ဘက်မုခ်ဦးပဲရှိသည်တဲ့။ အဲဒီအပေါက်က စစ်ကားဝင်လာတာနဲ့ ကွမ်းယာဆိုင်က မခိုင်နဲ့ သင်းသင်းဆွေစတိုးက ဒကာမကြီးက ပဲခူးဆောင်ကို ဖုန်းလှမ်းဆက်မည်။ ပဲခူးဆောင်ကမှတစ်ဆင့် လိုင်းခွဲဖုန်းများဖြင့် အခြားအဆောင်များကို သတင်းပေးမည်ဆို၏။ ထိုမှတဆင့် မိမိတို့ စစ်ကိုင်းဆောင်သို့ ၀င်လာသည်နှင့် မိမိက သံပုံးတီးရမည်။ အပေါ်က ရေးနွေးပူများဖြင့် လောင်းချမည်။ ပြီးမှ အောင်ဘု၏ ဒုတ်များဖြင့် အဆင့်ဆင့် တွယ်ကြရမည်တဲ့။
“ယက်စ် ဆာ။ ယယ်ဒီ”

အလယ်ထပ်မှ ဆူညံဆူညံကြားရ၍ တက်ကြည့်ရသေးသည်။ လက်စသတ်တော့ ရွှေဘိုသား မထေရ်ကြီးက အာဠာဝက ထနေသည်။ ဖြစ်ပုံကဒီလို။ စိတ်စိတ်က လက်နက်တွေနဲ့ စစ်သားတွေကို ခုလို ကာကွယ်မှာ အဓိပ္ပါယ်မရှိဘူးဟု ပွစိပွစိပြောနေ၍ ထုံးစံအတိုင်း ဒေါသပုန်ထပြီး အောင်ဘု၏ သြဇာသားဒုတ်ကြီးဖြင့် ရိုက်မည်တကဲကဲ လုပ်နေသည်ဆို၏။ တပ်မှူး ဦးသောဘိ ရောက်လာပြီး ဒီအချိန်မှာ အချင်းချင်းစည်းလုံးဖို့လိုကြောင်း ဘာညာပြောပြီး သြ၀ါဒပေးသွား၍ ပြီးသွားခဲ့သည်။

အချိန်က ည(၁၀)နာရီခန့်။

“ကလင်---ကလင်----ကလင်” ဟေ့ ရဲဘော်တို့ အားလုံးသတိ။ ဖုန်းလာတယ်။ ဖုန်းကိုင်သူက ပျိုးခင်းကြီး ဦးရေ၀တ။ တဘက်ကစကားပင် နားထောင်ပုံမရ။ “လာပြီတဲ့ဟေ့ လာပြီတဲ့ဟေ့”ဆိုပြီး ကုန်းအော်သည်။ ဘေးအဆောင်မှ သံပုံတီးသံများလည်း ကြားရသည်။ သေချာပြီ။ မိမိလည်း အားကုန်တီးရင် တက်ပုန်းရမည့်နေရာသို့ ဦးတည်ပြေးခဲ့၏။ တက္ကသိုလ်တစ်ဝန်းလုံး ကမ္ဘာပျက်သွားသည့်အလား သံပုံတီးသံများ အော်သံဟစ်သံများဖြင့် ဆူညံနေ၏။

တွေ့ပါလေပြီ မိမိရဲ့ ကယ်တင်ရှင် ထွက်ပေါက်လေး။ တွေ့ပါလေပြီ သတ္တိခဲ တပ်သားများ။ ထိုအပေါက်လေးသို့ အလုအယက်တက်နေကြသည်။ အောင်ဘုဆိုလျှင် သူ့ရှေ့က ကုန်းကုန်းကိုပင် ဆွဲချပြီး လုတက်ခဲ့သည်ဆို၏။ မိမိက အောက်ဆုံးထပ်ကနေ တက်လာရ၍ နောက်ဆုံးဘိတ်ဖြစ်နေ၏။ တော်တော်ပင် တရားရစရာ ကောင်းလှ၏။ သတ္တိခဲများအကုန်လုံး အပေါ်ဆုံးအထပ်မှာချည်း။ တုန်တုန်ယင်ယင် ပုန်းခိုလို့။

ည(၁၂)နာရီလောက်မှာ ဘယ်အဆောင်မှ ၀င်မစီးဘူးဆိုတဲ့သတင်းရသည်။ အမှန်က စစ်ကားများသည် သူတို့စခန်းချရာ မဟနဆောင်များဘက်သို့ သွားခြင်းဖြစ်၏။ ဤသည်ကိုပင် ကွမ်းယာဆိုင်မှ မခိုင်က ပဲခူးဆောင်သို့ ဖုန်းဆက်အကြောင်းကြားလိုက်သည်ဆို၏။ ထိုအချိန်ကျမှပင် အားပါးတရ ရယ်မောကြရတော့၏။

တပ်မှူးကြီး မောင်သောဘိ ပျောက်နေပြန်သည်။ ဘယ်များထွက်ပြေးသလဲမသိ။ သူတစ်ပါးတည်းပဲ ၀င်ဆွဲသွားလေသလား။ အဲလိုလဲဖြစ်နိုင်သည်။ သူက ဦးဂမ္ဘီရတို့ထက်ပင် အရေးအခင်းကို ဦးဆောင်ခဲ့လေသူ။ ထင်မြင်ချက်အမျိုးမျိုး။ ရောက်လာပါလေပြီ တပ်မှူးကြီး။ တစ်ကိုယ်လုံး ရေတွေရွှဲလို့။ အပေါ်ထပ်က ရေတိုင်ကီထဲမှာ ရေငုပ်ပြီး ပုန်းနေတာတဲ့။

(တစ်ခါက ရေးထာဖြစ်ခဲ့သော စာစုလေးကို အနည်းငယ်ပြင်ပြီး တင်ပေးလိုက်တာပါ။ မိမိကိုယ်တိုင်ပင် အရေးအသားကို မကြိုက်ပါ။ စစ်ကိုင်းဆောင်က သူငယ်ချင်းများအတွက် အမှတ်တရအနေနဲ့သာ တင်ပေးလိုက်တာပါ

Ref:https://www.facebook.com/photo.php?fbid=1419816848233238&set=a.1408864715995118.1073741828.100006148081559&type=1

No comments: