လှည်းကူးမြို့နယ်ထဲက ဖောင်ကြီးတော
(ရိုးမတော)ဟာဖြင့် တောကလဲနက် သစ်ကြီးဝါးကြီးလဲ ပေါတဲ့ အရပ်ပါပဲ။ လှည်းကူးနယ်တစ်ခွင်
ပဲခူးနယ်တစ်ခွင်က လယ်သမားတွေဟာ နွေလေးပေါက်ပြီဆိုရင်ဖြင့် ဖောင်ကြီးတောကို တက်ကြပါတယ်။
သစ်လိုချင်လို့ တောတက်တဲ့သူလဲ
ရှိပါတယ်။ ၀ါးလိုချင်လို့ တောတက်သူလဲရှိပါတယ်။ အိမ်မိုးဖို့ ဓနိတို့ ဓနုံးတို့လိုချင်လို့
တက်တဲ့လူလဲ ရှိပါတယ်။ ရိုးမထဲက သစ်တွေ ၀ါးတွေကို စီးပွားဖြစ် ခိုးထုတ်တဲ့ သူတွေလဲ အများကြီးပါ။
အဲဒီလူတွေကတော့ တောခေါင်းတွေ တောအုပ်တွေနဲ ပူးပေါင်းပြီး လုပ်ကြတာပါ။
အဲဒီလူတွေထဲမှာတော့ ဦးကျင်ဆိုတဲ့လူတစ်ယောက်ကတော့
တောခေါင်းတွေ တောအုပ်တွေအပေါ်မှာ တော်တော်သြဇာညောင်းသူပါ။ ဘာကြောင့်လဲဆိုတော့ ရဲတွေ၊
တောခေါင်း တောအုပ်တွေကို ငွေကို အထုပ်လိုက်ပစ်ပေးပြီး ပေါင်းထားလို့ပါပဲ။ သူဟာ လှည်းကူးမြို့နယ်၊
ပိုက်ကြီးဝဲသား ဖြစ်ပါတယ်။
မိသားစုသုံးဖို့လောက် သစ်ဝါးခုတ်ယူလာတဲ့
လှည်းသမားတွေ မိမိရွာကို ရောက်ဖို့ဆိုရင် လမ်းတစ်လျှောက်မှာ ပေးရကမ်းရတဲ့ ၀ါးတားဂိတ်တွေက
(၂၀) ကျော်ကျော်ရှိပါတယ်။ အဲဒီ ၀ါးတားဂိတ် (၂၀)ကျော်ကို ပေးဖို့ရယ်။ လမ်းခရီးမှာ စားဖို့သောက်ဖို့ရယ်ကို
တစ်ခါတည်း ပိုက်ဆံထည့်သွားရတာပါ။ တော်ရုံတန်ရုံ ရဲတွေ၊ တောခေါင်း တောအုပ်တွေကို ဦးကျင်-ရဲ့
နာမည်လေးပဲ ပြောလိုက်ပါ။ ရဲတွေ တောခေါင်းတွေ တောအုပ်တွေက သစ်ဝါးခိုးထုတ်တဲ့ လှည်းသမားတွေကို
မဖမ်းတော့ပါဘူး။
လှည်းသမားတိုင်းနီးပါးက အဖမ်းခံရရင်
ဦးကျင်နဲ့ ဘယ်လိုဆွေမျိုးတော်ကြောင်းပဲ ပြောကြတော့ တာပေါ့။ အဲဒီလိုပဲ ပြောပါများတော့
ရဲတွေ တောအုပ်တောခေါင်းတွေမှာ အောက်စိုက်မရတော့ဘူးပေါ့။ တစ်ခုသောနေ့မှာတော့ လှည်းကူးမြို့နယ်၊
ပိုက်ကြီးဝဲရွာက ဦးကျင် နှင့် ဆွေမျိုးတော်သူတစ်စုဟာ ဖောင်ကြီးတောကို တက်ပြီး သစ်ခုတ်ပြီးအပြန်
လမ်းမှာ ရဲနဲ့ တန်းတိုးပါတော့တယ်။ ထုံးစံအတိုင်းပေါ့။ ဦးကျင်နဲ့ ဘယ်လိုဆွေမျိုးတော်ပါတယ်-ဟု
လှည်းသမားတွေက ပြောရာမှာ ရဲတွေက အောက်ပါအတိုင်းပြောခဲ့ပါတယ်။
" အဲဒီ ငကျင် သာခိုးသေး"-ဟု။
ပိုက်ကြီးဝဲရွာက လှည်းသမားတွေဟာ
ရဲကို မနည်းလာဘ်ထိုးပြီး အမြန်မောင်းထွက်လာခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ လှည်းတွေပေါ်မှာ
အ၀ါတွေ အပြည့်နဲ့လေ။
(မှတ်ချက်။ ၊ အ၀ါဆိုသည်မှာ
ကျွန်းသစ်-ကို ဆိုလိုပါတယ်။)
မောင်နေခြည် (လှည်းကူး)
No comments:
Post a Comment