Thursday, 3 October 2013

မတူတာလေးများ အပိုင်း-၂၂ (သို့) သြစီက အမှိုက်



ဒီတစ်ပတ်အတွက်တော့ အမိုက်ကိစ္စကို ပြောချင်ပါတယ်။ ဒီသြစီမှာ အမှိုက်ကို စည်းကမ်းမဲ့ မပစ်ကြပါဘူး။ စည်းကမ်းမဲ့အမှိုက်မပစ်အောင်လဲ စာသင်ကျောင်းတက်စဉ်မှာတည်းက ကျကျနန သင်ကြားပေးကြပါတယ်။ လမ်းမှာ စည်းကမ်းမဲ့ အမှိုက်ပစ်တဲ့သူ တစ်ဦးတလေ တွေ့နိုင်ပါတယ်။ အဲဒီသူဟာ အဖြူကောင်တွေ အဖြူကောင်မတွေ မဟုတ်တာသေချာပါတယ်။ စည်းကမ်းမဲ့အမှိုက်ပစ်သူဟာ အာရှသားတစ်ယောက်ယောက် (သို့) ကျွန်းသား တစ်ယောက်ယောက်သာ ဖြစ်နေကြောင်းတွေ့ရပါလိမ့်မယ်။

လမ်းမှာ ပစ်ချင်ရင်လဲ အမှိုက်ပုံးကို ရှာဖွေပြီးမှ ပစ်ကြပါတယ်။ အမှိုက်ပုံး မတွေ့သရွေ့ကတော့ ကိုယ့်အိပ်ထဲကိုယ် ထည့်သွားကြတာပါပဲ။ အမှိုက်ပုံးတွေ့ပြီဆိုရင်တော့ ထည့်ကြပေါ့။ လမ်းဘေးတွေ လမ်းပေါ်တွေပေါ်မှာ တံတွေးထွေးတာကိုတော့ လုံးဝကို မတွေ့ရသေးပါဘူး။ 

မီးဖိုချောင်က ထွက်တဲ့ အမှိုက်ကို ဒီသြစီမှာ အကြမ်းဖျင်း နှစ်မျိုးခွဲခြားပြီး အမှိုက်ပုံးလဲ နှစ်လုံးခွဲထားပါတယ်။ အဲဒါကတော့ စားကြွင်းစားကျန်နဲ့ ဟင်းသီးဟင်းရွက်အတွက်တစ်ခု၊ စက္ကူတို့လို ပြန်လည်အသုံးပြုနိုင်တဲ့ဟာတွေအတွက် တစ်ခုပေါ့။ အမှိုက်သိမ်းတဲ့ကားကလဲ အမှိုက်ကို အပတ်စဉ်လာရောက်ပြီး သိမ်းပေးပါတယ်။ အမှိုက်သိမ်းတာကတော့ မိမိနေထိုင်ရာ နယ်မြေကောင်စီရဲ့တာဝန်ပါ။ ဒီလိုလာရောက်သိမ်းပေးဖို့ နယ်မြေကောင်စီကို အခွန်နှစ်စဉ်ပေးရပါတယ်။ အမှိုက်လာသိမ်းချိန်မှာ နောက်ထပ်ပေးစရာမလိုပါဘူး။

ဒီနိုင်ငံက တော်တော်လေးကို ပတ်ဝန်းကျင်ကို ထိန်းသိမ်းဆောင့်ရှောက်ပါတယ်။ အခွန်ဌာနကလဲ စက်ရုံအလုပ်ရုံတွေက ထွက်တဲ့ ကာဗွန်ပေါ်မူတည်ပြီး အခွန်ကောက်ပါတယ်။ ဒါကိုပဲ ဒီမှာ ကာဗွန်တက်ဇ်ဆိုပြီး ခေါ်ကြတာပါ။ မိမိအိမ်မှာ မိမိစိုက်ချင်တဲ့ အပင်ကို စိုက်ခွင့်မရှိသလို  မိမိခုတ်ချင်သလိုလဲ ခုတ်ခွင့်မရှိပါဘူး။ မိမိနေထိုင်ရာ ပြည်နယ်ရဲ့ ဥပဒေပေါ်မှာမူတည်ပြီး စိုက်ပျိုးဖို့ ခွင့်မပြုတဲ့ အပင်တွေ၊ မျိုးစေ့တွေ ရှိပါတယ်။ အဲဒါတွေကို စိုက်တာ သိသွားရင် ဒဏ်ငွေဆောင်ကြရပါတယ်။ မိမိအိမ်မှာရှိတဲ့ မြက်တွေကိုလဲ မြက်ဖြတ်စက်နဲ့ ဖြတ်ရပါတယ်။ မြက်ရှည်နေပြီး မရိပ်ထားပါက ကောင်စီက ဒဏ်ရိုက်ပါတယ်။ 

ဒီမှာ တနှစ်ကို နှစ်ခါလောက် ပစ္စည်းကြီးများ ပစ်ဖို့ ကောင်စီက စီစဉ်ပေးပါတယ်။ ပစ္စည်းကြီးဆိုတာ မိမိအိမ်ကနေ နေ့စဉ်ထွက်တဲ့ အမှိုက်တွေ မဟုတ်ပါဘူး။ ကိုယ်အသုံးမလိုတဲ့ ပစ္စည်းတွေပါ။ ဥပမာပြောရရရင် ပရိဘောဂတွေ၊ လျှပ်စစ်ပစ္စည်းတွေ၊ ပလက်စတစ်ပစ္စည်းတွေပေါ့။ များသောအားဖြင့် ပစ္စည်းအဟောင်းဆိုပေမယ့် တစ်ချို့ပစ္စည်းတွေက တော်တော်ကောင်းသေးပါတယ်။ ကိုယ့်မြန်မာမျက်စိနဲ့ ကြည့်ရင် သူတို့စွန့်ပစ်တဲ့ ပစ္စည်းတွေဟာ ကိုယ့်အတွက်တော့ အကောင်းတွေပါ။ ကွန်ပျူတာတွေ၊ လက်ဖ်တော့တွေ၊ တီဗီတွေ၊ ဗီဒိုတွေ၊ ဆိုဖာတွေ အများကြီးပါ။

တခါတခါ စဉ်းစားမိတယ်။ အဲဒါတွေကို လိုက်ကောက်ပြီး မြန်မာပြည်ကို ပြန်ပို့ချင်လိုက်တာလို့။ ပစ္စည်းလိုက်ကောက်ပြီး အသက်မွေးဝမ်းကြောင်း လုပ်တဲ့လူတွေလဲ ရှိပါတယ်။ သံတိုသံစတွေ လိုက်ကောက်ပြီး ပြန်ရောင်းတာပါ။ တစ်ချို့ကျတော့ ကွန်ပျူတာတွေထဲက ကောကင်းနိုးရာရာတွေ လိုက်ဖြုတ်ကြပါတယ်။ တီဗီတွေဆိုရင် ဒီမှာ အပြားကြီးကြီးတွေသာသုံးကြတော့ ယခင်ရှိခဲ့တဲ့ အနလော့တီဗီတွေကို စွန့်ပစ်ကြတာပါပဲ။အဲဒီဟာတွေကို ကောင်စီက လိုက်သိမ်းပါတယ်။ သတ်မှတ်ထားတဲ့ အချိန်မဟုတ်ပဲ ပစ်ထားရင်တော့ ဒဏ်ရိုက်ခံရပါတယ်။ 
 
သေချာတာတစ်ခုကတော့ ဒီသြစီ တစ်နိုင်ငံလုံးက ဘာအမှိုက်မှ မရှိသလောက်ပါဘဲ။ ဒါတောင် ဂျပန်က လာတဲ့ မိတ်ဆွေတွေက ပြောကြပါသေးတယ်။ ဒီသြစီက ညစ်ပတ်လိုက်တာတဲ့။ စိတ်ထဲကတော့ ပြောမိလိုက်ပါတယ်။ သြစီကိုတောင် ညစ်ပတ်တယ်ဆိုရင် မြန်မာပြည်ကို သွားရင် ဘယ်လို ပြောမလဲ- ဟု။

မတူတာလေးတွေကို ပြောပါတယ်။

No comments: