စိမ်လန်းမြေ ပရဟိတအဖွဲ့ ပေါ်ပေါက်လာပုံ
စိမ်းလန်းမြေ ဟု ဆိုရာဝယ်..... ရန်ကုန်းတိုင်း
ဒေသကြီး၊ လှည်းကူးမြို့၊ မြို့လယ် လမ်းဆုံမှ ဖောင်ကြီးမြို့ဆီ သွယ်တန်း
ထားသော ကတ္တရာခင်း လမ်းလေးက သစ်ပင် တန်းများ တစ်ဖက် တစ်ချက်စီမှာ
စိမ်းလန်းစွာ ဖြင့် မြို့ပြ၏ ဆူညံ ခြင်းများ ကင်းစင်လျက် ။ ဘေး တစ်ဖက်
တစ်ချက်စီ မှာတော့ စိမ်းစို နေသော လယ်ကွင်း ပြင် ကြီးများ တည်ရှိ နေသည်။။
ထိုလမ်းကလေးရဲ့ အလယ်လောက် နေရာတွင် လှည်းကူးမြို့ ဆီလည်းမမှီ ဖောင်ကြီး
မြို့ဆီလည်း မမှီပဲ ညောင်တုန်းဟု အမည် ရသော ရွာကလေးက ထီးထီး တည်ရှိနေ၏။
လက်လုပ်၊ လက်စား တောင်သူ၊ လယ်သမား များမို့ ရွာသူ၊ ရွာသား များ၏ လူနေမှု
ဘဝများ ကလည်း ပင်ပန်း ခက်ခဲ လွန်း ကြရှာသည်။
ထို ရွာကလေး အနီး အင်ကြင်း တောင်ခြေ မှာတော့ မြန်မာ့ မြေပေါ်မှာ စီးပွား ရှာခဲ့သော ထိုင်ဝမ်မှ တရုတ် သူဌေး တစ်ဦးက မြေဧက များစွာ ဝယ်ပြီး မိဘမဲ့ ကလေးငယ် တို့အတွက် ပရဟိတကျောင်း တစ်ကျောင်း တည်ပေး ခဲ့လေသည်။။ ထို ကျောင်းကလေး နာမည်က "မြန်မာ စိမ်းလန်းမြေ လူငယ် ဖွံ့ဖြိုးရေး ပရဟိ တ ဂေဟာ"ဟူ ၏ ။ တရုတ် သူဌေး ပြည်တော် အပြန် မှာတော့ ထို ကျောင်း ကလေးမှာ ထောက်ပံ့ ပေး မည့် သူမဲ့စွာ အခက်ကြုံ ရရှာတော့သည်။။ ထို့ကြောင့် ကျောင်းအုပ် ဆရာမကြီး မှနေ၍ နိုင်ငံခြား ဘာသာ တက္ကသိုလ်မှ ဆရာကြီး ဦးလှမိုးအား ဖွင့်ဟ တိုင်ပင်ရင်း အကူအညီ တောင်းခံခဲ့ရာ လစဉ်တိုင်း အတွက် (၈)သိန်းကျပ်ဖြင့် ခက်ခက်ခဲခဲ လည်ပတ် နိုင်ခဲ့ ရသည်။။
စိမ်းလန်းမြေရဲ့ အစ...
ထိုကဲ့သို့ ဝန်ထမ်း အင်အား ကလည်း နည်းနည်းဖြင့် ခက်ခက်ခဲခဲ လည်ပတ် နေစဉ်မှာ ကျောင်းမှ ကလေးငယ်များ ဖျားနာမှုများ အတွက် ကျန်းမာရေး စောင့်ရှောက်မှု ထိထိ ရောက်ရောက် ပေးနိုင်ရန်မှာ အခက်ခဲဆုံး အခြေအနေထိ ဖြစ်လာခဲ့ လေ၏။။ မြို့နှင့်ဝေးပြီး ခရီးဝေး လွန်းလှသဖြင့် မည်သူက မျှလည်း ထိုကျောင်းသို့ မလာလိုခဲ့ကြ။။ ထို့ကြောင့်ပင် ဆရာကြီးဦးလှမိုးမှ ကမ်းလှမ်း ဖိတ်ခေါ် စကားဆို လာသဖြင့် ဆရာဝန် လူငယ် ကိုစိုင်းက လူငယ်ပီပီ တက်ကြွစွာဖြင့် သမားကောင်း စိတ်ဓာတ်ကို ပြကာ လက်ခံ ကုသပေးဖို့ တာဝန် ယူလိုက်သည်။။
အပတ်စဉ် တနင်္ဂနွေ နေ့တိုင်း ထို ကျောင်း ကလေးဆီ သွား ရောက်ပြီး ဆေးကုသမှု ပေးခဲ့ရာတွင် ထိုကျောင်းမှ ကျောင်းသူ၊ ကျောင်းသား များ သာမက၊ ရွာထဲမှ လူနာများ၊ ထိုမှတဆင့် ရွာနီးချုပ်စပ်မှ လူနာများပါ အားကိုး တကြီးဖြင့် လာရောက် ခဲ့ကြသည်။။ သမားကောင်း စိတ်ဓာတ်ဖြင့် နာဖျား နေသော လူနာများကို မပစ်ပယ် ရက်သော ကိုစိုင်း တစ်ယောက် အကြီး အကျယ် အခက်ကြုံ ရလေပြီ။။ သူ့အတွက် ပံ့ပို့ပေး ထားသော ဆေးပစ္စည်းများက ကျောင်းမှ ကလေး များကို ကုသရန် အတွက် သာ ဖြစ်သဖြင့်၊ ဆေးက မလုံ လောက် နိုင်တော့ပေ။ ထို့ကြောင့် ဆရာကြီး ဦးလှမိုးထံ မည်သည့် ဆေးဝါးမှ ထောက်ပံ့ ပေးရန်မလို၊ မိမိက လူအားသာမက ဆေးဝါးပါ စိုက်ထုတ်၍ ကုသပေးပါမည်၊ ရွာသူ ရွာသား များကိုပါ ကုသခွင့်ပြုပါဟု ခွင့်ပန်လိုက်ပြီး လူအားသာမက ဆေးဝါးများပါ စိုက်ထုတ် ကုသပေးခဲ့လေ၏။။
တစ်ပတ် တစ်ရက် ဖွင့်သော ကိုစိုင်း၏ ဆေးခန်း လေးက ထိုအနီးနား ရွာနီး ချုပ်စပ်၏ အားကိုးရာ ဖြစ်လာ သဖြင့် တစ်ယောက် တည်းနှင့် မည်သို့မျှ မနိုင်နိုင်တော့။။ လူနာနှင့် ဆရာဝန် အားမျှနိုင်ဖို့ သူငယ်ချင်းဖြစ်သူ ကိုညီကို အကူအညီ တောင်းခံ ခဲ့ရတော့သည်။။ သမားကောင်း ပီသခဲ့ ကြသော သူငယ်ချင်း နှစ်ယောက် သားတို့ တနင်္ဂနွေ နေ့တိုင်း လူနာများနှင့် မမောနိုင်၊ မပမ်းနိုင် လုံးပမ်းရင်း ကုသ ပေးခဲ့ကြ၏။။ ထိုသို့ကုသပေးရန် အတွက် သူတို့ သူငယ်ချင်း နှစ်ယောက်၏ ပုံမှန် ဆေးခန်းထိုင် ဝင်ငွေသာမက၊ မုန့်ဖိုးများပါ စိုက်ထုတ် ထည့်သွင်းခဲ့ကြရသည်။

သို့ပါသော်လည်း မြို့ဆေးခန်းများနှင့် အလှမ်း ဝေးလှသော ကျေးလက်နေ ရွာသူ
ရွာသားများ၏ အားကိုး၊ အားထားမှုများ ကြားမှာ သူတို့နှစ်ယောက်၏ အားများ
ကလည်း လုံလောက်မှု မရှိနိုင်ခဲ့။။ ထို့ကြောင့် မိခင် ကျောင်းတော်သို့
ပြန်သွားကာ အခြေအနေကို ပြောပြရင်း တတ်အားသမျှ ကူညီ ဖို့ပြောခဲ့ရာ
ကျောင်းမပြီး သေးသော ဆရာဝန် လောင်းလေးများက ငွေအား၊ လူအားဖြင့် တစ်တပ်တအား
ပါဝင်ကူညီပေး ခဲ့ကြသည်။။ ၄င်း ဆရာဝန်လောင်းများနှင့် ဆက်စပ်ပြီး တခြားသော
ကျောင်း၊ တက္ကသိုလ် အသီးသီးမှလည်း စေတနာရှင် ကျောင်းသူ၊ ကျောင်းသား
ကြယ်ပွင့်များ အစင်းစင်း လင်းလက် လာသော အခါမှာတော့ ကိုစိုင်းစတင်ခဲ့တဲ့
ဆေးခန်းလေးက ငွေအား၊ လူအား ပြည့်စုံ စွာဖြင့် လည်ပတ်နိုင် ခဲ့တော့သည်။။
စိမ်းလန်းမြေဟု စတင်သည်...
ငွေအား၊ လူအား တောင့်တင်း လာသော အခါမှာတော့ ပရဟိတ စိတ်ဓာတ်တို့ ထက်သန်သော လူငယ်များပီပီ အခြားသော ပရဟိတ လုပ်ငန်းများ ကိုပါ အဖွဲ့လေးဖွဲ့ပြီး လုပ်ဆောင် လိုစိတ်များ ဖြစ်ပေါ်လာခဲ့ ကြသည်။။ ထို့ကြောင့် "လိုအပ်သော နေရာတွင်၊ လိုအပ်သော သူအတွက်၊ လိုအပ်သော အရာကို" တတ်အားသမျှ ပေးစွမ်းချင် ကြသော စိတ်ဓာတ်တို့ ထပ်တူ ကျချိန်တွင် "မြန်မာ စိမ်းလန်းမြေ လူငယ် ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာ" မှ စတင်ခဲ့သဖြင့် စိမ်းလန်းမြေ ဟုပင် အမည်ပေးခဲ့သော အဖွဲ့လေးတစ်ခု စတင်ကာ ဖြစ်တည် လာခဲ့တော့သည်။။ ထိုအဖွဲ့လေးက အထူးတလည် ဆောင်ရွက်ရန် ရည်ရွယ်ခဲ့သည် များကတော့
(၁) ကျန်းမာရေး စောင့်ရှောက်မှု ပေးရန်လိုအပ် သူများအတွက် ထိရောက်သော ကျန်းမာရေး စောင့်ရှောက် မှုများပေးရန်။။
(၂) ပညာကို လိုလား ပါလျက် မတတ်နိုင်သူများ အတွက် ကောင်းမွန်သော ပညာရေး စောင့်ရှောက် မှုများပေးရန်။။
(၃) "ဥတုရာသီ တောကိုမှီ" သဖြင့် သစ်ပင်များကို ထိန်းသိမ်းခြင်း၊ ပျိုးထောင်စိုက်ပျိုးခြင်းများ ပြုလုပ်ကြရန်။။
ဟူ၍ သတ်မှတ် ခဲ့ကြသည်။။
အဆိုပါ ရည်ရွယ်ချက် များနှင့် စိမ်းလန်းမြေ အဖွဲ့ အသစ် စက်စက်လေးသည် တစ်ခုသော နေ့ရက်မှာတော့ အမှန်တကယ်ပင် စတင် သက်ဝင် လှုပ်ရှား လာခဲ့တော့၏။။ ထိုနေ့လေးကတော့ "မြန်မာစိမ်းလန်းမြေ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ" တည်ရှိရာ ညောင်တုန်း ရွာအနီး အင်ကြင်း တောင်ကြီး မှ ခြုံနွယ်၊ ပိတ်ပေါင်း များကို ရှင်းလင်းပြီး အရိပ်ရ အပင်များကို စိုက်ပျိုးခဲ့ ကြသော နေ့လေးဖြစ်သည်။။

အင်ကြင်း တောင်ပေါ်ရှိ ခြုံနွယ်၊ ပိတ်ပေါင်း တို့ကြောင့် မြွေအန္တရာယ်၊ နွေကာလတွင် မီးဘေး အန္တရာယ် များကိုပါ စိုးရိမ်ရသဖြင့် အခကြေး ငွေပေးပြီး ရှင်းလင်းရန် ဆရာကြီး ဦးလှမိုးမှ စီစဉ် ခဲ့သော်လည်း အဆင်မပြေခဲ့။။ ထို့ကြောင့် စိမ်းလန်းမြေ မောင်နှမများမှ ဦးစီးကာ ညောင်တုန်း ရွာတွင်း ဆေးကုဆင်းရင်းမှ အရိပ်ရ အပင်များ၏ ပတ်ဝန်းကျင်ကို အကျိုးပြုပုံ အကြောင်း တစ်အိမ် တက်ဆင်း ဆွေးနွေး ရှင်းပြ အကူညီ တောင်းခံ ခဲ့ကြသည်။။ "စေတနာ သည် ရောင်ပြန် ဟပ်မြဲဖြစ်၏" ဟူသော ဆိုရိုး စကားသည် တကယ် လက်တွေ့ ကြုံစဉ်မှာတော့ ကြက်သီး ထသည်ထိ ကြည်နူး ဝမ်းသာ စေခဲ့လေ၏။။ အကူအညီ တောင်းခံ ထားသော နေ့ရက်မှာတော့ ရွာလုံးကျွတ်မျှ အဘိုး၊ အဘွားများပါ မနေကြပဲ အကူအညီ ပေးရန် လာရောက် ခဲ့ကြသည်။။ ဤအဖွဲ့လေး၏ ကျေးဇူးကို တပြန်တလှည့် ဆပ်ခွင့် ရချင်နေ ကြရှာသော အဘိုး၊ အဘွားတို့ကို အတော် တောင်းပန်ပြီး လုပ်အား ပေးလာသော အဖွဲ့များကို ကျွေးမွေးရန် အတွက် ချက်ပြုတ် နေသည့် နေရာတွင်သာ ကူညီပေး ဖို့ရန် မေတ္တာ ရပ်ခံခဲ့ကြရ သည် အထိပင်။။
ထိုသို့ စတင် ဖြစ်တည် လာခဲ့သော စိမ်းလန်းမြေ ပရဟိတ အဖွဲ့သည် ယခုအခါ တွင်တော့ ဖြူစင်သော စေတနာတို့ အရောင်ပြန် ဟပ်ခဲ့ပြီမို့ စိတ်ဓာတ်တို့ ထပ်တူကျကာ တွဲလက်တို့ မြဲဆက် ခဲ့ကြပြီး အဖွဲ့ဝင် အသစ်များ တစ်တပ် တအား ပါဝင်လာ ကြသည်မို့ မြောင်းတကာ၊ မိထ္ထီလာစ သဖြင့် အဖွဲ့ခွဲ များခွဲကာ အကူအညီ လိုအပ်သော နေရာများဆီသို့ ထိထိ ရောက်ရောက် ထဲထဲ ဝင်ဝင် အကူအညီ ပေးနိုင်ရေး ကြိုးစား လုပ်ဆောင် လျက် ရှိနေလေ ပြီတည်း ။ ထို့အပြင် အဖွဲ့ပိုင် Website ဖွင့်ကာ လုပ်ဆောင်ချက် များကို တင်ပြပေး နိုင်ခဲ့သဖြင့် ပြည်ပ မှလည်း အဖွဲ့ဆီသို့ အဖွဲ့ဝင်များ အဖြစ် ဝင်ရောက် လာကြရာ၊ ယခုအခါတွင် စင်္ကာပူအဖွဲ့ခွဲ၊ ဂျပန်အဖွဲ့ခွဲနှင့် မော်စကိုအဖွဲ့ခွဲ ဟူ၍ ထပ်တိုး ပွားများ လာခဲ့လေပြီ။ ရှေ့သို့ဆက်၍လည်း မိမိတို့ ဦးတည် ရည်ရွယ် ထားသည့် အတိုင်း မသွေမဖယ် မတိမ်း မစောင်းစေပဲ အမိမြေ အတွက် တတ်အားသမျှ ပေးဆပ်ကာ ရှေ့ဆက်နေဦးမည် ဖြစ်လေတော့၏။
စိမ်းလန်းမြေ ပရဟိတ အဖွဲ့အနေဖြင့် ထင်ပေါ် ကျော်ကြား လိုခြင်း၊ အသိ အမှတ်ပြု ခံလိုခြင်း၊ အထောက် အပံ့ရလိုခြင်း တည်းဟူသော ရယူလိုခြင်းများ ကင်းပလျက် မိမိတို့ကသာ တတ်အားသမျှ စိုက်ထုတ် ပေးဆပ် လိုကြသော မြန်မာ လူငယ်များဖြင့် ဖွဲ့စည်း ပေါင်းစုကာ ငွေတတ် နိုင်သူကငွေ၊ အချိန် တတ်နိုင်သူက အချိန်၊ လူအား တတ်နိုင်သူက လူအား စသည်ဖြင့် မိမိ တတ်နိုင်သမျှ စိုက်ထုတ်လျက် အမိမြေကို တတ် အားသမျှ ကျေးဇူး ဆပ်နေကြခြင်း ဖြစ်ကြလေသည်။။
မိတ်ဆွေ!!!!! သင့်တွင်လည်း တစ်စုံ တစ်ခုသော ပယောဂမပါပဲ ဖြူစင်သော ပရဟိတ စိတ်ထားဖြင့် ကုသိုလ်ပြုလို ပါက စိမ်းလန်းမြေမှ နွေးထွေးစွာ ကြိုဆို လျက်ပါလို့ အသိပေးလိုက်ပါရစေ။။။
စိမ်းလန်းမြေ ပရဟိတ အဖွဲ့လေးကို ဆက်သွယ်ချင် တယ်ဆိုရင်တော့……
http://www.seinlanmyay.org/ ,
http://facebook.com/seinlanmyay ,
http://seinlanmyay.org/Forum/index.php နဲ့
seinlanmyay@gmail.com တို့တွင် လာရောက် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။။။
Ref:http://seinlanmyay-seinlanmyay.blogspot.com.au/2012/02/blog-post.html
No comments:
Post a Comment