တစ်ခါက လှည်းကူးမြို့နယ်၊
ပိုက်ကြီးဝဲရွာ အရှေ့ကျောင်းမှာ ဆရာတော်ကြီး ဦးပညာသာရ ကျောင်းထိုင်ပါတယ်။ ဆရာတော်ကြီးဟာ
ငမိုးရိပ်ချောင်းရိုးဂိုဏ်းရဲ့ ဂိုဏ်ချုပ်ဆရာတော်ကြီးတပါးလည်း ဖြစ်ပါတယ်။ ဆရာတော်ရဲ့
ကျောင်းမှာ အသက်ကြီးမှ ရဟန်းဖြစ်လာတဲ့ ဦးသိန်းမောင်-ဟု ခေါ်တဲ့ ဦးဇင်းကြီး တစ်ပါးလည်းရှိပါတယ်။
ရွာအနီးနားက ကျောင်းသားတွေကလည်း အများကြီးပါ။ သူတို့ဟာ ဆရာတော်ကြီးကို ဖိမ့်ဖိမ့်တုန်အောင်
ကြောက်ကြပါတယ်။
တနေ့သော ၀ါဆိုလပြည့်နေ့မှာ
ဆရာတော်ကြီးက ကျောင်းသားတွေကို အောက်ပါအတိုင်း မိန့်ကြားပါတယ်။
" ၀ါဆိုလပြည့်ကျော်တရက်နေ့ကနေ
စပြီး စာဝါချမယ်။ ဒီနေ့တော့ ခေတ္တကျောင်းပိတ်တယ်။ အားလုံးနားနိုင်တယ။် သို့မဟုတ် မိမိတို့ရွာတွေကို
ပြန်လိုက ပြန်နိုင်တယ်။"-ဟု။
အဲဒီလို ပြောလိုက်တော့ ကျောင်းသားတွေက
ပျော်ပြီး ကျောင်းအောက်ကို ဆင်းလာတယ်။ အဲဒီအခါမှာ ဦးဇင်းကြီးသိန်းမောင်က ဆရာတော်ဘာမိန့်လိုက်လဲလို့
ကျောင်းအောက်ကနေ မေးရာ ကျောင်းသားများက ၀ါဆိုလပြည့်ကျော် (၁)ရက်နေ့ကျရင် စာဝါချမယ့်
အကြောင်းပြန်ဖြေကြပါတယ်။ အဲဒီအခါမှာ ဦးဇင်းကြီးသိန်းမောင်က ကျောင်းသားတွေကို စာဝါချတဲ့
အကြောင်းသိကြလား-လို့ ထပ်မေးတယ်။ ကျောင်းသားက မသိကြောင်း ဖြေကြတယ်။အဲဒီအခါမှာ ဦးဇင်းကြီးသိန်းမောင်က
အောက်ပါအတိုင်း ကျောင်းသားတွေကို ပြောဆိုပါတယ်။
" စာဝါချတယ်- ဆိုတာ
မသိရင်မှတ်ထားကွ။ ရွာ့အရှေ့တောင်ဘက်က ကျွန်းပေါ်မှာရှိတဲ့ အ၀ါရောင်ရှိတဲ့ စာကလေးတွေကို
ချရမယ် ပြောတာကွ။ များများရတဲ့ကောင်ကို ဆရာတော်ကြီးက များများဆုပေးမှာကွ။ အဲဒီတော့
မင်းတို့ ကျွန်းပေါ်သွားပြီး စာဝါတွေ များများရအောင် ချလာခဲ့။"-ဟု။
ကျွန်းပေါ်ဆိုသည်မှာ ပိုက်ကြီးဝဲရွာ၏
အရှေ့တောင်ဘက်တွင်ရှိတဲ့ နွားစားကျက်မြေများနှင့် တောတန်းလေးကို ခေါ်ခြင်း ဖြစ်ပါတယ်။
ဒီလိုနဲ့ ကျောင်းသားတွေဟာ
မိမိတို့ရွာတွေဆီမပြန်ကြပဲ ကျွန်းပေါ်သွားပြီး စာဝါလေးများကို ပစ်ကြပါတယ်။ စာရခဲ့သူရှိသလို
မရခဲ့တဲ့သူလဲ ရှိပေါ့။ ကျောင်းသားတွေဟာ ရလာသမျှ စာဝါတွေကို ကျောင်းကို သယ်လာကြတယ်။
ကျောင်းထဲမှာ ဦးဇင်းကြီး သိန်းမောင်က အကုန်လုံးယူပြီး ဒယ်အိုးကြီးနဲ့ ကြော်တော့တာပါပဲ။
ဝါဆိုလပြည့်နေ့ည ဘုရားရှိခိုးပြီးတဲ့
အခါမှာ ဆရာတော်ကြီးက မနက်ဖန်ကို စာဝါစတင်မယ့် အကြောင်းပြောပါတယ်။ ပြီးတော့ စာဝါချတယ်ဆိုတာကိုရော
သိလားလို့ မေးပါတယ်။ ကျောင်းသားတွေထဲက ခပ်လယ်လယ်တစ်ယောက် သိတယ်လို့ ဖြေပါတယ်။ သိရင်ဖြေကွ-ဟု
ထပ်မေးပါတယ်။
အဲဒီအခါမှာ ထိုကျောင်းသားက ဦးဇင်းကြီးသိန်းမောင်ပြောပြလို သိသဖြင့်
သူ စာဝါ သုံးကောင်ရကြောင်း ဆရာတော်ကို လျှောက်ပါတယ်။ တစ်ချို့က တစ်ကောင်ရကြောင်း၊ တစ်ချို့က
နှစ်ကောင်ရကြောင်း စသဖြင့် လျှောက်ကြပါတယ်။ ဆရာတော်ကြီးက အဲဒီစာဝါတွေကို ငါ့ဆီ ယူလာခဲ့ဟု
မိန့်ရာ ဦးဇင်းကြီးသိန်းမောင်က စာတွေကို အမွှေးနှုတ်ပြီး ကျော်ထားတဲ့ ဒယ်အိုးကြီးကို
ယူလာပါတယ်။ စာကလေးကြော်တွေက မွှေးနေတာပါပဲတဲ့။
အဲဒီအခါမှာ ဆရာတော်ကြီး ဒေါသထွက်ပြီး
တစ်ကောင်ရသူကို ကြိမ်လုံးနဲ့ တစ်ချက် ၊ နှစ်ကောင်ရသူကို ကြိမ်လုံးနဲ့ နှစ်ချက် ၊ သုံးကောင်ရသူကို
ကြိမ်လုံးနဲ့ သုံးချက် အရိုက်ခံထိကြရပါတယ်။
ဦးဇင်းကြီးသိန်းမောင်ကိုလဲ
ဆရာတော်ကြီးက ကြိမ်လုံးနဲ့ချပြီး ဒဏ်ထမ်းခိုင်းပါတယ်။
စာကလေးကြော်တွေကိုတော့ ကျောင်းမှာရှိတဲ့
ဆရာတော်ရဲ့ ခွေးများဖြစ်ကြတဲ့ လေးလုံးကြီးတို့၊ ဂုတ်ကြားကြီးတို့ကို ကျွေးလိုက်ပါတော့တယ်။
မောင်နေခြည် (လှည်းကူး)
No comments:
Post a Comment