Friday, 18 October 2013

တောကဟာသများ အပိုင်း-၈



မြန်မာ့ဆိုင်းဝိုင်း အကြောင်းပြောရင်းနဲ့ ဆိုင်းနဲ့ ပတ်သက်တဲ့ ဟာသတစ်ခုကို သွားသတိရတယ်။ အဲဒါကလဲ ကျုပ်တို့ လှည်းကူးမြို့ရဲ့ ရှမ်းရွာဆိုတဲ့ ရွာမှာပါ။ တောဓလေ့အတိုင်း ရှင်ပြုအလှူဆိုရင် ရန်ကုန်ဆိုင်း ကောင်းကောင်းကို ငှါးပါတယ်။ ဆိုင်းနာမည်က ဂျက်စတင်း-တဲ့။

ရွာက ငမိုးရိပ်ချောင်းဘေးမှာဆိုတော့ ဆိုင်းကို လှည်းကူးနေ ရှမ်းရွာအထိ မော်တော်နဲ့သယ်ကြပါတယ်။ ကာလသားတွေ တရုံးရုံးနဲ့ပေါ့။

ဆိုင်းသေတ္တာတွေကို ချပြီး သေတ္တာတွေကို အဖုံးဖွင့်လိုက်တဲ့အခါမှာ ဘယ်ကနေပါလာမှန်းမသိတဲ့ ကြွက်တစ်ကောင် ထွက်ပြေသွားပါတယ်။ သေသေချာချာ ဆက်ရှာတော့ ကြွက်ကလေး လေးကောင်တောင်ပေါက်လို့ပေါ့။

အဲဒီအဖြစ်အပျက်ကို တွေ့လိုက်ရတဲ့ ကာလသားတွေထဲက တစ်ယောက်က အောက်ပါအတိုင်း ပြောပါတယ်။

" ဒို့တွေ ဒီဂျက်စတင်းဆိုတဲ့ နာမည်ကို ပြောင်းလိုက်ကြ၇အောင်၊ ကြွက်စတင်း-လို့"-

အဲဒီအချိန်ကစပြီး ငမိုးရိပ်ချောင်းရိုးမှာတော့ ဂျက်စတင်းကို ကြွက်စတင်း-လို့ပဲ ဟာသနှောပြီး ခေါ်ကြပါတော့တယ်။


မောင်နေခြည် (လှည်းကူးမြေ)

No comments: