ကျုပ်တို့ရွာမှာ မစွမ်းပေမယ့်
သန်တဲ့လူတစ်ယောက်ရှိပါတယ်။ သူကတော့ ဆရာဦးကြည်လေးပါ။ သူက လမ်းမလျှောက်နိုင်ပါဘူး။ အိမ်ပေါ်မှာသွားရင်တော့
ဖင်ဒရွတ်တိုက်ပြီး သွားရတာပါ။ သူ့လိုပဲ မောင်ရွှေဂျိုးဆိုတဲ့ တစ်ယောက်လဲ ရှိပါသေတယ်။
သူတို့နှစ်ယောက်စလုံးဟာ ခြေထောက်မသန်မစွမ်းသူတွေ ဖြစ်တာကြောင့် ပိုက်ကြီးဝဲအရှေ့ကျောင်း
ဆရာတော်ကြီးဦးပညာသာရ-က မြေကြီးကို ကျင်းတူးပြီး ကျင်းထဲမှာ မတ်တပ်ရပ်ခိုင်းတယ်တဲ့။
သူတို့နှစ်ယောက်ထဲမှာ ဆရာကြည်လေးက ရှက်လို့ အခုထိ လမ်းမလျှောက်နိုင်ပေမယ့် မောင်ရွှေဂျိုးကတော့
လမ်းလျှောက်နိုင်ခဲ့ပါတယ်။
အခုပြောမှာက ဆရာဦးကြည်လေးအကြောင်းပါ။
မဆလခေတ်အခါကပေါ့။ သူ့မှာ တစ်ခုရှိတာက ပိုက်ကြီးဝဲရွာရဲ့ အကြောင်းကို နေ့စဉ်မှတ်တမ်းသဘောမျိုး
ဒိုင်ယာရီရေးတတ်တဲ့ အကျင့်ရှိပါတယ်။ တစ်ချို့မိဘများက ကိုယ့်ရဲ့သားသမီး ဘယ်နေ့မှာမွေးခဲ့တယ်ဆိုတာကို
မမှတ်မိဘူးဆိုရင် ဆရာကြည်သာမေးလိုက်ပါ။ သူ့မှတ်တမ်းစာအုပ်ထဲကနေ ကြည့်ပြီး ပြောလိမ့်မယ်။
အဲဒီလို အမှတ်အသားကောင်းသူပါ။ လက်ရေးလက်သားကလဲ တော်တော်ကောင်းသူပါ။ သူလက်ရေးနဲ့ တူတဲ့
လက်ရေးမျိုး နောက်ထပ် မတွေ့ဘူးသေးပါဘူး။
ဒါပေမယ့် ဆရာကြည်က ငယ်ငယ်တုံးက
ပိုက်ကွန်တွေ ထိုးပြီးရောင်းပါတယ်။ သူ့အိမ်မှာ အရက်ပုံးလဲ ရောင်းပါတယ်။ အရက်ရောင်းပြီဆိုတော့
လူကောင်းတော့ သူ့အိမ်ကို အရောက်အပေါက်နည်းတာပေါ့။ သူ့အိမ်မှာ အရက်သောက်တဲ့လူတွေနဲ့
အမြဲပြည့်နေတတ်ပါတယ်။ (အခုဗေဒင်ဆရာဖြစ်နေတော့ ဗေဒင်မေးတဲ့လူတွေနဲ့ ပြည့်နေပတယ်။)
တစ်နေ့မှာ ဆရာကြည်လေးတစ်ယောက်
လက်နက်မှု့နဲ့ အဖမ်းခံရပါတယ်။ အမှန်က သူက လက်နက်နဲ့ ဘာမှ မဆိုင်ပါဘူး။ သူ့ရဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့
ဓါးပြတစ်ယောက်က သူ့ဆီမှာ သေနတ်ကို လာပြီး ၀ှက်ထားခြင်းဖြစ်ပါတယ်။ ရဲက စစ်တော့ သေနတ်က
ဆရာကြည်လေးဆီမှာတွေ့ပါလေရော။ အဲဒါနဲ့ ဆရာကြည်လေး ရဲအဖမ်းခံရပါတယ်။
ရဲစခန်းရောက်တော့ မြို့နယ်မှူးရုံးခန်းမှာ
သူ့ကို စစ်ဆေးပါတယ်။ အဲဒီလို စစ်ဆေးနေစဉ် ကိုကြည်လေးတစ်ယောက် အိမ်သာ သွားချင်လာပါတယ်။
ဒါကြောင့် ရဲတွေကို အိမ်သာလိုက်ပို့ဖို့ ပြောရာ ရဲတွေက ကိုယ့်ဖာသာ အိမ်သာသွားဖို့ ပြောပါတယ်။
အဲဒီအချိန်မှာ ဆရာကြည်လေးက အောက်ပါအတိုင်း ပြောပါတယ်။
" မင်းတို့ လိုက်မပို့ရင်
ငါ ဒီအခန်းထဲမှာပဲ အီးပါလိုက်မှာနော်"-ဟု။
ရဲတွေလဲ မနေသာတော့ပဲ ကိုကြည်လေးကို
အိမ်သာတက်ရာမှာ အကြိုအပို့ လုပ်လိုက်ရပါတော့တယ်။
(မှတ်ချက်။ ။ ယခုအခါမှတော့
ဗေဒင်ဟောနေပြီး ဆရာကြည်လေး (သို့) မြေမနင်းဆရာ-ဟု အမည်တွင် လျက်ရှိပါတယ်။ မိန်းမရှိပါတယ်။
သားယောက်ျားလေးတစ်ယောက်ရှိပါတယ်။။)
မောင်နေခြည် (လှည်းကူး)
No comments:
Post a Comment