Wednesday, 9 October 2013

တောက ဟာသများ- အပိုင်း-၁၂ (သို့) ပါတီသန်း


မဆလကောင်းစားစဉ်အချိန်တုံးကပေါ့။ လှည်းကူးမြို့နယ်ထဲက ပိုက်ကြီးဝဲရွာမှာ မောင်သန်းဆိုတဲ့ လူငယ်တစ်ဦးရှိပါတယ်။ သူဟာ တော်တော်လေးကို အကြွားသန်သူ ဖြစ်ပါတယ်။ သူ့အပြောကတော့ ရိုင်ဖယ်သေနတ်ကို ပစ်ရင်တောင်မှ သူ့ရဲ့ လယ်ပင်းကို ထောက်ပြီးတော့ ပစ်တယ်လို့ ဆိုသူပါ။ သူနဲ့ ရွယ်တူတွေထဲမှာတော့ သူက စာအဖတ်ဆုံးလို့ ခေါ်ရမှာပါ။

တနေ့တော့ ပါတီယူနစ်ရုံးမှာ အလုပ်ရပါတယ်။ ပြာတာပေါ့။ တစ်နေ့ကျတော့ မြို့နယ်ပါတီယူနစ် ဥက္ကဌက သူ့ကို ကိစ္စတစ်ခုကို ခိုင်းပါတယ်။

" ဒီမှာ ရဲဘော်မောင်သန်း…. လေးထေင့်ကန်မှာ ပါတီဟောပြောပွဲအတွက် အခမ်းအနားကို သတ်မှတ်ထားတဲ့ ရက်မှာ ကျင်းပနိုင်ဖို့ မင်း သွားပြီးတော့ စီစဉ်ပါ"-ဟု။

အဲဒီအခါမှာ ရဲဘော်မောင်သန်းဟာ သတ်မှတ်ထားတဲ့နေ့မှာ လေးထောင့်ကန်ရွာကို သွားပြီး အခမ်းအနားအစီအစဉ်ကို သူကိုယ်တိုင်စပြီး သူကိုယ်တိုင် မိန့်ခွန်းပြောနေပါတယ်။ အဲဒီရွာက လူတွေကတော့ သူ့ကို လှည်းကူးမြို့နယ် ပါတီယူနစ် ဥက္ကဌပဲ လို့ ထင်နေတာပေါ့။ 

တကယ်တန်း သတ်မှတ်ထားတဲ့ အချိန်ရောကိတော့ ဥက္ကဌအစစ်ဖြစ်သူက ရောက်လာပါလေရော။ ဒါပေမယ့် ပါတီဟောပြောပွဲကတော့ ရဲဘော်မောင်သန်းက တရားဟောပြီးလို့ ပြီးသွားတာပေါ့။ အမှန်မှာ ပါတီယူနစ် ဥက္ကဌက သူ့ကို ခိုင်းသည်မှာ ပါတီက လာတဲ့လူတွေ စားဖို့ သောက်ဖို့ အဆင်ပြေအောင် ရှေ့ပြေးအနေနဲ့ စေလွှတ်ချင်းဖြစ်ပါတယ်။

ပါတီဥက္ကဌလဲ ရှက်ရှက်နဲ့ လှည်းကူးကို ပြန်ခဲ့ရပါတယ်။ ရုံရောက်တော့ ရဲဘော်မောင်သန်းကို ပါတီကနေထုတ်လိုက်ပါတော့တယ်။ အဲဒီအချိန်က စပြီး လှည်းကူးက လူတွေက သူ့ကို ပါတီသန်း-ဟု ခေါ်ကြပါတော့တယ်။

မောင်နေခြည် (လှည်းကူးမြေ)

No comments: