စာရေးသူဟာ လှည်းကူးမှာနေစဉ်တုံးက
တောကနေမြို့ကို တက်ပြီး လှည်းကူးတာဆုံက လဘက်ရည်ဆိုင် ထိုင်တက်ပါတယ်။ တချို့ကတော့ စာရေးသူလဘက်ရည်ဆိုင်ခြင်းကို
မနှစ်မြို့ကြပါဘူး။ ဒါပေမယ့် လဘက်ရည်ဆိုင်ကို ထိုင်ရခြင်းအကြောင်းတွေ စာရေးသူမှာရှိပါတယ်။
ဘာ့ကြောင့်လဲဆိုတော့ လဘက်ရည်ဆိုင်မှာ
ကိုယ်တွေ့ချင်တဲ့သူမှန်သမျှကို တွေ့နိုင်ပါတယ်။ စာရေးသူကလဲ ရွာက ဆရာတော်ရဲ့ ကိစ္စတွေ၊
ကျောင်းကိစ္စတွေ၊ ရပ်ရေးရွာရေးကိစ္စတွေဆောင်ရွက်ရသူဖြစ်တော့ ရုံးကိစ္စတော်တော်များများကို
လုပ်ဖို့ဆိုလျှင် လဘက်ရည်ဆိုင်ကို သွားထိုင်လိုက်လျှင် ကိစ္စအားလုံးရဲ့ ၇၅-ရာခိုင်းနှုန်းက
ပြီးသွားပါတယ်။
ရ၀တဥက္ကဌတွေကို တွေ့ချင်ရင်
ရ၀တဥက္ကဌအိမ်ကို မသွားနဲ့ မတွေ့နိုင်ပါဘူး။ လဘက်ရည်ဆိုင်ကိုသာ သွားလိုက်ပါ။ ဥက္ကဌကို
တွေ့နိုင်ပါတယ်။ တံဆိပ်တုံးမျိုးစုံပါတယ်။ ဘော့ပင်လဲပါတာပေါ့။ လက်သမားရှာချင်သလား၊
ကားသမားရှာချင်သလား၊ သစ်သမားရှာချင်သလား၊ ရဲကိုပဲ တွေ့ချင်သလား၊ ရုံးဝန်ထမ်းပဲ တွေ့ချင်သလား၊
အားလုံးသော ကိစ္စတွေကို လဘက်ရည်ဆိုင်မှာပဲ ကိစ္စတော်တော်များများ ပြီးစေပါတယ်။
အဲဒီလို လဘက်ရည်ဆိုင်ထိုင်ရင်
လှည်းကူးရဲစခန်းက ယာဉ်ထိန်းရဲတစ်ယောက်က အခါအားလျော်စွာ စာရေးသူကို လဘက်ရည်နှင့်တကွ
ပဲပလာတာ ကပ်လေ့ရှိပါတယ်။ သူက လှည်းကူးက ကားတွေကိုတော့ သိပ်မရစ်ပါဘူး။ သူနဲ့ အရမ်းရင်းနှီးနေတော့
စာရေးဆရာက အောက်ပါအတိုင်း ပြောလေ့ရှိပါတယ်။
"ခင်ဗျားတို့က ခရာ
(၀ီစီ) တချက် မှုတ်လိုက်ရင် ပိုက်ဆံအများကြီးရတာဆိုတော့ ကျုပ်ကို နေ့တိုင်း လဘက်ရည်လှူသင့်တယ်။"-ဟု။
ဒါပေမယ့် အဲဒီယာဉ်ထိန်းရဲကြီးက
အမြဲတမ်းပြောတဲ့ စကားကတော့
" ဒီဝီစီ နဲ့ ဦးထုပ်ဖိုး
ငွေမပြည့်သေးဘူး ကိုယ်တော်"-ဟု။
အမှန်မှာ အဲဒီယာဉ်ထိန်းရဲကြီး
ပြောစကားအရ ၀ီစီ နဲ့ ခမောက်ကို လှည်းကူးရဲစခန်းရဲ့ မြို့နယ်မှူးဆီက တစ်လလျှင် ငါးသောင်းကျပ်နဲ့
ကံထရိုက်ဆွဲထားရတာဖြစ်ကြောင်း၊ အကယ်ရွေ့ သူ့ထက်ပိုပြီး ဈေးပေးတဲ့သူရှိရင် ဒီဝီစီ နဲ့
ခမောက်က အခြားသူဆီပါသွားတတ်ကြောင်း၊ အများက ဒီလိုကံထရိုက်ဆွဲပြီး ယူထားရတာကို မသိကြောင်း၊
နောက်တစ်တလစာ ငါးသောင်းပြည့်ဖို့ မနည်းစုရကြောင်း ပြောပြရှာပါတယ်။
သူရှိ အခုရှိသေးသလား၊ မရှိတော့ဘူးလား
မသိပါ။ လဘက်ရည်ဆိုင်ထိုင်တဲ့ အဲဒီယာဉ်ထိန်းရဲကြီးကို သတိရလျက်။
မောင်နေခြည် (လှည်းကူး)
No comments:
Post a Comment