၂၀၀၅ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့တွင်
စစ်အစိုးရသည် အစိုးရ ၀န်ထမ်းများအား မြို့တော်သစ်သို့ ပြောင်းရွှေ့ရန်
ညွှန်ကြားချက် ထုတ်ပြီး နောက်ပိုင်းတွင် နေပြည်တော် မြို့တော်သစ်
ဇာတ်လမ်းအစပြု ခဲ့သည်ဟု ဆိုရပါမည်။ ထိုစဉ်အခါ ကမ္ဘာ့ သတင်းစာမျက်နှာ
များတွင်တော့ ၂၀၀၅ ခုနှစ် နိုဝင်ဘာ ၆ ရက်၊ မနက် ၆ နာရီခွဲ တိတိတွင်
ပျဉ်းမနား နေပြည်တော် မြို့သစ်သို့ အစိုးရ ရုံးများ ရုတ်တရက် ပြောင်းရွှေ့
သွားကြောင်း ကမ္ဘာ့သတင်း ဌာနများမှ ပလူပျံအောင် ရေးသား ဖော်ပြခဲ့ကြသည်။
တောင်၊ မြောက် ၁၁ မိုင်ကျော်၊ အရှေ့၊
အနောက် ၈ မိုင်နီးပါး၊ စတုရန်း မိုင်အားဖြင့် ၂၇၀၀ စတုရန်းမိုင်
ကျယ်ဝန်းသော နေပြည်တော် မြို့တော်သစ်ကြီးသည် ရန်ကုန်မြို့ မြောက်ဘက်မှ ၂၄၄
မိုင် ကွာဝေးပြီး ပဲခူးရိုးမနှင့် ရှမ်းရိုးမ ကြားတွင် တည်ရှိပေသည်။
ပျဉ်းမနားမြို့၏ အနောက် တောင်ဘက် ၁၂ မိုင်အကွာ ပျဉ်းမနား – တောင်တွင်းကြီး၊
လယ်ဝေး လမ်းဆုံအနီးတွင် တည်ထားခြင်း ဖြစ်သည်။ ပျဉ်းမနားမြို့ ဟူသည်
ဂျပန်ခေတ် ကာလက ဗိုလ်နေ၀င်း၏ တပ်ရင်း(၁) ဌာနချုပ် တည်ရှိခဲ့ဖူးရာ မြို့လည်း
… ဖြစ်သည်။ နေပြည်တော် မြို့တော်သစ်အား ၂၀၀၁
ခုနှစ် ကတည်းမှ လျှို့ဝှက် တည်ဆောက်ခဲ့သည်ဟု တချို့သော ကမ္ဘာ့ သတင်းဌာန
များက ဖော်ပြခဲ့သည်။ မြို့တော်သစ်အား ယခင် စစ်အစိုးရနှင့် နီးစပ်သော
ခရိုနီများ၏ ကုမ္ပဏီ အများစုမှ တည် ဆောက်ပေးခဲ့ပြီး တရုတ်ကုမ္ပဏီ များလည်း
ပါဝင် တည်ဆောက် ပေးခဲ့သည်ဟု အစီရင်ခံစာ တချို့က ဆိုပါသည်။
ဝန်ကြီးရုံး ၃၀
ခန့်အား တောင်-မြောက် ၅မိုင်ခွဲ၊ အရှေ့- အနောက် ၃မိုင် နီးပါးကျယ်ဝန်းသော
မြေ ဧရိယာပေါ်တွင် တည်ဆောက်ခဲ့ပြီး၊ တောင်ဘက် ချောင်းမကြီး ရေကာတာ
အနီးတွင်မူ အစိုးရ ဧည့်ရိပ်သာ များကို တည်ဆောက် ထားသည်။ ၀န်ကြီးရုံးများ၏
တောင်ဘက်တွင် ၀န်ထမ်း အိမ်ရာများနှင့် ဈေးများကို တွေ့ရမည် ဖြစ်ပြီး
မြို့တော်တောင်ဘက် ၈ မိုင်အကွာ ဧလာမြို့ အနီးတွင် ကြီးမားသော လေဆိပ်ကြီး
တစ်ခုကို တည်ဆောက် ခဲ့သည်။ စစ်ရုံးချုပ် အပါအ၀င် အရေးကြီး စစ်ဘက်
အဆောက်အအုံ များမှာမူ ပျဉ်းမနား အရှေ့မြောက်ဘက် တောတောင်များအား နောက်ခံ
အကာအကွယ်ယူ၍ သီးခြား တည်ဆောက်ထားသည်ဟုဆိုသည်။
မြို့တော်သစ်ကြီးအား ၂၄ နာရီ လျှပ်စစ်မီး
အပြည့်ရအောင် ဖြည့်ဆည်းထားပြီး ရှုမျှော်ခင်း လှပသော ပန်းခြံများ၊
ဂေါက်ကွင်းကြီးများ၊ အိမ်ကြီးရခိုင် ခံ့ညားထည် ၀ါသော အဆောက်အအုံကြီးများ၊
ရှားပါး ပင်ဂွင်းငှက် များပါ ပြသထားသော တိရစ္ဆာန် ရုံတစ်ရုံ စသည်ဖြင့်
အစိုးရရုံး စိုက်ရာ မြို့တော်ကြီးသည် ခံ့ထည်ကြီးကျယ် ခမ်းနားမှု
အပေါင်းနှင့် ပြည့်စုံပါပေသည်။
နေပြည်တော် မြို့တော်သစ်ကြီး၏
ကုန်ကျစရိတ်အား တိတိကျကျ တွက်ချက်ရန် ခက်ခဲ လှသော်လည်း ပညာရှင်များ
သုံးသပ်ကြသည်ကတော့ အမေရိကန် ဒေါ်လာ ၅ ဘီလီယံ နီးပါး ကုန်ကျခဲ့လိမ့်မည်ဟု
ဆိုကြ သည်။ မြို့တော်သစ်ကြီးအား တရားဝင် ပြောင်းရွှေ့ခဲ့သည့် အချိန်တွင်
နိုင်ငံတွင်းရှိ နိုင်ငံသားတစ်ယောက်၏ တစ်နှစ်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၂၈၀
(မြန်မာငွေ ၂ သိန်း ၈သောင်းခန့်) သာရှိခဲ့ပြီး တိုင်းပြည်တွင်းရှိ
တချို့သော ကလေးငယ်လေးများသည် အမှိုက်ကြို အမှိုက်ကြားမှ ကောင်းပေ့ ဆိုသည့်
အစုတ်အချာလေးများ လိုက်လံ ကောက်ယူပြီး အသက်မွေးမှု ပြုနေရသည်ဟု ပညာရှင်များ
လေ့လာထားသော အစီရင်ခံစာ တစ်ခုတွင် ဖော်ပြထားသည်။
မြို့တော်သစ်ကြီး တည်နေရာ၏ ထူးခြားချက်
တစ်ခုမှာ ပျဉ်းမနားမြို့၏ အရှေ့တွင် (ပင်လောင်းမြို့)၊ တောင်ဘက်တွင်
(တောင်ငူမြို့)၊ မြောက်ဘက်တွင် (တပ်ကုန်းမြို့)တို့ တည်ရှိပြီး
ထိုဝန်းရံထားသော မြို့အားလုံးမှာ ၉ ဂဏန်းဖြစ်ကြောင်း ဂမီ်္ဘရ
ဗေဒင်ပညာရှင်များက ဆိုပါသည်။ အခြား ထူးခြားချက် တစ်ခုမှာ ထိုမြို့တော်သစ်
ပြောင်းရွှေ့မည့် အကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ ၂၀၀၅ နိုဝင်ဘာ ၇ ရက်ညနေ ၃
နာရီမှ ၃ နာရီ ၅ မိနစ် အထိ ၅ မိနစ်သာကြာ မြင့်ပြီး မြန်မာပြည်တွင်
အတိုဆုံး သတင်းစာ ရှင်းလင်းပွဲအဖြစ် မှတ်တမ်း ၀င်သွားခဲ့သည်။ ထိုသတင်းစာ
ရှင်းလင်းပွဲတွင် ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်း (ယခု သမ
ဝါယမ၀န်ကြီး)က လမ်းပန်း ဆက်သွယ်ရေး အရ ဗဟိုကျသော မြန်မာနိုင်ငံ
အလယ်ပိုင်းသို့ ပြောင်းရွှေ့ ရခြင်း ဖြစ်ကြောင်း တိုတို တုတ်တုတ်
ပြောဆိုသွားခဲ့သည်။
နေပြည်တော် မြို့တော်သစ် ပြောင်းရွှေ့မှုသည်
ခေတ်သစ်ကမ္ဘာ တွင်တော့ မြန်မာ တစ်နိုင်ငံတည်း မဟုတ်ခဲ့ချေ။ ပထမ ကမ္ဘာစစ်မှ
စတင်ရေတွက်လျှင် နေပြည်တော်ကဲ့သို့ ရွှေ့ပြောင်းခဲ့သည့် မြို့တော် သစ်ပေါင်း
၁၇ မြို့ရှိခဲ့သည်။ တောင်အာဖရိက နိုင်ငံဆိုလျှင် မြို့တော်
သုံးခုရှိသည်ဟုပင် ဆိုရမည်။ အုပ်ချုပ်ရေးပိုင်းနှင့် နိုင်ငံခြား
သံရုံးများသည် ပရီတိုးရီးယားတွင်ရှိ၍ ဥပဒေပြုရေး အပိုင်းမှာ မူကိတ်တောင်း
မြို့တွင် တည်ရှိကာ တရားစီရင်ရေး အပိုင်းကား ဗလိုရမ်ဖွန်းတိမ်း
(BloemFontein) တွင် တည်ရှိပေသည်။
နေပြည်တော်ကဲ့သို့ မြို့တော်သစ်
ပြောင်းရွှေ့မှုမျိုး ကမ္ဘာတွင် ရှိသည် ဆိုသော်လည်း နေပြည်တော် မြို့တော်သစ်
ပြောင်းရွှေ့မှုကား ပိုမို ထူးခြားနေပြီး မြို့တော်သစ် ပြောင်းရွှေ့မှုများ
ထဲတွင် နားလည်ရ အခက် ဆုံး ဖြစ်နေသည်ကို တွေ့ရသည်။
တခြား ကမ္ဘာ့နိုင်ငံများ၏ မြို့တော်သစ်
ပြောင်းရွှေ့မှုများမှာ အေးချမ်းသော ပထ၀ီ အနေအထား၊ အမျိုးသား စည်းလုံး
ညီညွတ်ရေး၊ တိုင်းရင်းသား အုပ်စုများနှင့် တင်းမာမှု လျော့ပါးရေး စသည့်
ရည်မှန်းချက် များအား အကောင်အထည် ဖော်ရေးအတွက်ဖြစ်သည်။
မြို့တော်သစ် ပြောင်းရွှေ့ ခဲ့ကြသော
ကမ္ဘာ့နိုင်ငံ ၁၇ နိုင်ငံမှ မြို့တော်သစ် ၁၇ မြို့အနက် ၂ မြို့သာ မူလ
မြို့တော်ထက် ပိုမိုကြီးမားသည်ကို လေ့လာတွေ့ ရှိရသည်။ မြန်မာပြည်
မြို့တော်သစ်ကြီးမှာမူ မြို့တော် ဟောင်းထက် ပိုမိုကြီးမားအောင် တည်ဆောက်
ထားသော်လည်း ထူးခြားချက်မှာ မြို့တော်ဟောင်း ရန်ကုန် တွင်
မြန်မာပြည်လူဦးရေ၏ ၁၀ ရာခိုင်နှုန်း (၆ သန်းခန့်) ရှိပြီး မြို့တော်သစ်
နေပြည်တော်မှာမူ နိုင်ငံ လူဦးရေ၏ ၂ ရာခိုင်နှုန်း အောက် လူဦးရေ ၉
သိန်းခန့်သာ ရှိသော နေရာတွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
လူဦးရေ ပျံ့နှံ့မှုနှင့် အုပ်ချုပ်မှု
ရေးရာကြား ဆက်သွယ်ချက် များအား သုတေသနပြု လေ့လာချက် ပြုလုပ်နေသော ဟားဗတ်
ကနေဒီကျောင်း၏ ပါမောက္ခက ကျောင်းဆရာ Filipe Compante မှ သုံးသပ်ပြသည် မှာ
““မြို့တော်တစ်ခုသည် နိုင်ငံလူဦးရေ များပြားရာ အရပ်နှင့် ဝေးရာသီးခြားတွင်
တည်ရှိလေ၊ အစိုးရပိုင်း၏ အုပ်ချုပ်မှု စွမ်းရည်မှာ ပိုမိုညံ့ဖျင်း
ဆိုးရွားလေ ဖြစ်သည်”” ဟု ဆိုခဲ့သည်။
လိပ်ပြာ မလုံသော အာဏာရှင်များသည်
သူတို့ကိုယ်သူတို့ အကာအကွယ် ယူရန် မြို့တော်၏ ထီးတည်းဖြစ် အထီး
ကျန်ဆန်မှုကိုတော့ ပေးဆပ်ခဲ့ရ လိမ့်မည်သာ ဖြစ်သည်။
မြို့တော်သစ် ပြောင်းရွှေ့မှုတွင် ငြီးငွေ့
ဖွယ်ရာ ကောင်းပြီး ယုတိ္တ မတန်သော ရှင်းလင်းချက်များဖြင့်
မြို့တော်သစ်များဆီ ပြောင်းရွှေ့ဖို့ သင့်တော်သည် ဟူသော ရှင်းလင်းချက်
များဖြင့်သာ အလွယ်ဖြေရှင်း ချက်ပေး နေသည်မှာလည်း မေးခွန်းထုတ်စရာ
ဖြစ်နေသည်။ အဖြေအား စဉ်းစား ကြည့်လျှင် ၎င်းအစိုးရများ၏ လွတ်မြောက်မှု အတွက်သာ
သူတို့ ထည့်သွင်း တွက်ချက်ခဲ့ ကြခြင်းဖြစ်သည်။ မြန်မာ ဗုဒ္ဓဘာသာဝင် အများစု
အထွတ် အမြတ်ထားရာ ရွှေတိဂုံ စေတီတော် ရန်ကုန်တွင် တည်ရှိနေခြင်း ကလည်း
အာဏာရှင် အစိုးရအဖို့ စိတ်မလုံမခြုံ ဖြစ်စေခဲ့သည်။
အစိုးရအား တော်လှန်သော
ဆန္ဒပြပွဲများသည် မြန်မာ့သမိုင်း တစ်လျှောက်တွင် ရွှေတိဂုံ ကုန်းမြေ၌ အခြေတည်
ခြေကုပ်မှုများ ရှိခဲ့သည်။ ၁၉၄၀ တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ကိုလိုနီ
ဆန့်ကျင်ရေး တရားများကို ရွှေတိဂုံကုန်း မြေပေါ်မှ ရဲရဲတောက်
မိန့်ကြားခဲ့ဖူးသလို ၁၉၈၈ အစိုးရ ဆန့်ကျင် ရေး လူထုအရေး
တော်ပုံကြီးတွင်လည်း ဒေါ်အောင်ဆန်းစုကြည်သည် ပရိသတ် ငါးသိန်းကျော်ရှေ့တွင်
ရွှေတိဂုံ ဘုရား ခြေရင်း၌ပင် အစိုးရဆန့်ကျင်ရေး တရားဟောခဲ့ဖူးသည်။ တစ်ဖန်
၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး တွင်လည်း သံဃာ၊ မယ်သီလရှင်နှင့်
လူပုဂိ္ဂုလ်များ သည် ဆန္ဒပြရာတွင် ရွှေတိဂုံဘုရားဆီသာ ဦးတည် ချီတက်ခဲ့ကြသည်။
ပြည်တွင်း၊ ပြည်ပ ပညာရှင်များ
ခြုံငုံသုံးသပ် ကြသည်မှာတော့ ယခင်အာဏာပိုင် အစိုးရ၏ Xenophobia
(နိုင်ငံခြား ကြောက်ရောဂါ)နှင့် Superstition (အယူသီးမှု)တို့အပေါ်တွင်
အခြေပြု စဉ်းစားခဲ့သည်ဟု ဆိုသည်။ Xenophobia ရှုထောင့်မှ စဉ်းစားလျှင်
ရန်ကုန်သည် ပင်လယ်နှင့် နီး၍ နိုင်ငံခြား ရေတပ်များ အလွယ်တကူ
ဝင်ရောက်လာနိုင်မှုသည် အာဏာရှင် အစိုးရ ဖိနှိပ်ခဲ့မှုများ၏ အကျိုးဆက်အတွက်
စိတ် မလုံခြုံမှု ဖြစ်ခဲ့ ရသည်ဟု ဆိုသည်။ အယူသီးမှု ဟူသည်မှာတော့ ဗေဒင်လက္ခဏာ၊
ဂမီ်္ဘရပညာရပ်များ အပေါ် အားကိုးလွန်းခြင်း ကို ဆိုလိုခြင်း ဖြစ်သည်။
ဤတွင်
အာရပ် နွေဦးဂယက်နှင့် ရန်ကုန်မြို့တွင်း တရားခံလက်သည် မပေါ်သော
ဗုံးပေါက်ကွဲမှုများ (အထူးသဖြင့် ပြောင်းရွှေ့သည့် နှစ် လူ ၆၀ သေဆုံးသော
၂၀၀၅၊ မေ ၇ ရက် နေရာစုံ ဗုံးပေါက်ကွဲမှု) မှာလည်း အကြောင်းရင်းခံများ အဖြစ်
နေပြည်တော် မြို့တော်သစ်ဆီ ပြောင်းရွှေ့ရန် အလျင်စလို စီစဉ်ရခြင်းများ
ထဲတွင် ပါဝင်ခဲ့သည်။ ယခင် နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ
ကမူ “Hear Land theory” အရ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်ကြောင်း ၂၀၀၆ ခုနှစ်
အတွင်း စစ်ဆင်ရေး ညှိနှိုင်းအစည်း အဝေးတစ်ခုတွင် ပြောကြားခဲ့သည်ဟု
နိုင်ငံခြား သတင်းဌာန တစ်ခုမှ ဖော်ပြခဲ့သည်။
၁၉၉၅ တွင် မလေးရှား နိုင်ငံ၌ အစိုးရ
ရုံးများကို မြို့တော်သစ် တစ်ခုသို့ ပြောင်းရွှေ့ခဲ့ဖူး သော်လည်း မလေးရှား
အစိုးရမှ မြို့တော် ပြောင်းရွှေ့မည့် ဆုံးဖြတ်ချက်နှင့် မြို့တော်သစ်
တည်ဆောက်နေမှု တို့အား ပြည်သူအား အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန် ကြေညာ
ပေးခဲ့သောကြောင့် အထူးအဆန်း သတင်းတစ်ပုဒ် မဖြစ် ခဲ့သော်လည်း နေပြည်တော်
မြို့သစ် တည်ဆောက်မှုမှာမူ လျှို့ဝှက်မှုများဖြင့် ပြည့်နှက်နေ၍ ပြည် တွင်း
တင်မက တစ်ကမ္ဘာလုံးမှ သတင်း ဌာနများကပါ အထူးစိတ်ဝင်စား ရေးသား
ဖော်ပြခဲ့ကြခြင်းဖြစ်သည်။
မည်သို့ပင်ဖြစ်စေ လက်ရှိ အရပ်သား
အစိုးရမှာမူ နေပြည်တော် မြို့သစ်ကြီး၏ ထီးတည်းနိုင်မှု ကြားမှာပင်
စိတ်ပိုင်း ဆိုင်ရာ၊ ရုပ်ပိုင်း ဆိုင်ရာ လုံခြုံမှု အပြည့်ဖြင့် စိတ်အား
တက်ကြွနေပြီး နိုင်ငံရေး ဖြေလျှော့မှုများ ဖြင့် ပြုပြင်ပြောင်းလဲရေး
လမ်းစဉ်ပေါ်တွင် ခြေချ မိနေပြီဖြစ်ပါသည်။
အခြား အာရပ် ကမ္ဘာမှ အာဏာရှင်များ
ကျဆုံးခဲ့ချိန်တွင် နေပြည်တော် အစိုးရအနေ ဖြင့်မူ အကျိုးစီးပွား ကာကွယ်မှု
အကျိုးများ ရရှိနေပြီး၊ ပထ၀ီ အနေအထား အရလည်း ရုပ်ပိုင်း၊ စိတ်ပိုင်း
လုံခြုံမှုများ ရှိနေသော ကြောင့် မြို့တော် ရန်ကုန်တွင် ရုံးစိုက်စဉ်
ကကဲ့သို့ အာဏာ မတည်မြဲပြိုလဲမည်ကို စိုးရွံ့စရာများစွာ မလိုအပ်တော့ဘဲ
လက်ရှိ ပေါ်လစီအပြောင်းတွင် နေပြည်တော် မြို့တော်သစ်ကြီး၏
လုံခြုံမှုအောက်တွင် ယုံ ကြည်မှုများ ပိုမိုတိုး၍ ခံစားနေကြရပါသည်။
လင်းထိုက် (Y.I.T)
Ref: 1. Why did Myanmar’s generals build a new capital in the middle of nowhere? by David logan Source: globalist 28/ Sep/2013
2. Wikipedia
3. Maps. google.com
Ref: http://myanmarthandawsint.com/2013/11/01/%E1%80%80%E1%80%99%E1%81%BB%E1%80%AC%E1%80%B7%E1%81%BF%E1%80%99%E1%80%AD%E1%80%B3%E1%82%94%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%B1%E1%80%BB%E1%80%95%E1%80%AC/
No comments:
Post a Comment