လှည်းကူးနယ်မှာ အသတ်ခံရသူအမျိုးသမီး၏အလောင်း အိပ်မက်ပေးခဲ့ရာ နေရာတွင် ရှာဖွေတွေ့ရှိ
ရန်ကုန်၊ အောက်တိုဘာလ ၃၁
လူပျောက် တိုင်ချက်ဖွင့်ကာ ကိုးရက်ကြာ ရှာဖွေခဲ့ရသော အသက် ၂၃ နှစ်အရွယ်
အမျိုးသမီးတစ်ဦး၏ အလောင်းကို အိပ်မက်ပေးခဲ့သည့် နေရာအတိုင်း သွားရောက်
ရှာဖွေရာမှ ဒဏ်ရာများဖြင့် ပုပ်ပွ သေဆုံးနေသည်ကို အောက်တိုဘာလ ၂၉ ရက်
မွန်းလွဲပိုင်းက တွေ့ရှိခဲ့ကြောင်း လှည်းကူးမြို့နယ် ငါးဆူတောင်
နယ်မြေရဲစခန်းမှူး ရဲအုပ်ကျော်ဆန်းလင်းက The Voice သို့
ပြောကြားသည်။
ငါးဆူတောင်အုပ်စု ရဲသုခ စိုက်ပျိုးရေးခြံတွင် အောက်တိုဘာလ ၂၁
ရက် ညနေ ၃ နာရီက မချိုနွယ်ဝင်း (ခ) ကတုံးမသည် စက်ဘီးဖြင့် အမှတ် (၁)
ကျေးရွာသို့ ဈေးဝယ်သွားခဲ့ရာမှ နေအိမ်သို့ ပြန်ရောက်မလာသဖြင့် ၎င်း၏
ခင်ပွန်းဖြစ်သူ ဦးစိုးနိုင်က လိုက်လံ ရှာဖွေခဲ့သော်လည်း
မတွေ့ရှိသောကြောင့် စိုက်ပျိုးရေးခြံအနီးရှိ ကျေးရွာများထံ
အကူအညီတောင်းပြီး အောက်တိုဘာလ ၂၂ ရက်နေ့မှ စတင်ကာ မဲဇလီကုန်း ကျေးရွာမှ
လူဦးရေ ၇၀ ခန့်က ဖောအမျိုးအစား ယာဉ်ဖြင့် နေ့စဉ်လိုက်လံ ရှာဖွေခဲ့သော်လည်း
မတွေ့ရှိခဲ့ကြောင်း၊ ကိုးရက်မြောက်နေ့တွင် အဆိုပါ အမျိုးသမီး
လုပ်ကိုင်ခဲ့သည့် စိုက်ပျိုးရေးခြံ အလုပ်သမ တစ်ဦးကို သေဆုံးသူက ၎င်းရှိသည့်
နေရာကို အိပ်မက်ပေးသည်ဟု ဆိုသောကြောင့် ရဲတပ်ဖွဲ့ဝင်များနှင့် လူအများစုမှာ
ယုံကြည်မှု မရှိသော်လည်း အိပ်မက်ပေးခဲ့သည့် နေရာအတိုင်း သွားရောက်
ရှာဖွေခဲ့ရာမှ အလောင်းကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း မဲဇလီကုန်း
ကျေးရွာနေ ကိုတင်ကိုက The Voice သို့ ပြောကြားသည်။
“ငါ့ကို လူတစ်ယောက်က
သတ်ပြီး လျှိုထဲ ပစ်ချထားတယ်။ ငါ့ရဲ့ ဘယ်ဘက်ခြမ်းမှာ စက်ဘီးရှိတယ်။
လူတစ်ယောက်က ငါ့ဘေးနားမှာ အမြဲစောင့်နေတယ်ဆိုပြီး မကတုံးမက အိပ်မက်
လာပေးသွားတာ” ဟု ရဲသုခ စိုက်ပျိုးရေးခြံမှ ခြံလုပ်သားဖြစ်သူ အသက် ၁၈
နှစ်အရွယ် မနော်အဲဆေးက The Voice သို့ ပြောဆိုသည်။
သေဆုံးခဲ့သူ
အမျိုးသမီးသည် တစ်ခြံတည်းနေသူ အလုပ်သမားများနှင့် ဆက်ဆံရေး
အဆင်ပြေကြောင်း၊လွန်ခဲ့သော တစ်လခန့်က ယင်းအမျိုးသမီးထံမှ ခြံကပ်လျက်
အမျိုးသားတစ်ဦးက ငွေချေးရာ အကြွေးမဆပ်သဖြင့် စကားများဖူးကြောင်း ရဲသုခ
စိုက်ပျိုးရေးခြံမှ ခြံလုပ်သား အမျိုးသားတစ်ဦးက ပြောကြားသည်။
“သေဆုံးခဲ့တဲ့
အမျိုးသမီးကို လူသတ်သမားက အတင်းအဓမ္မ စော်ကားခဲ့တယ်လို့ အရပ်ထဲက
လူတွေပြောနေပေမယ့် ရှာတွေ့ချိန် ကိုးရက်ကြာမှာ ပြန်တွေ့တာကြောင့် အလောင်းက
ပုပ်ပွနေပြီ။ ဆေးရုံကို ပို့ထားပြီး ဆေးစစ်ချက်ရမှ ဟုတ်မဟုတ် ဆိုတာကို
အတည်ပြုပြီမှ ဖြေကြားပေးနိုင်မှာပါ” ဟု ယင်းနယ်မြေ ရဲစခန်းမှ တာဝန်ကျ
ရဲအရာရှိတစ်ဦးကပြောကြားသည်။
သေဆုံးသူ၏
ရုပ်အလောင်းကို ငါးဆူတောင်အုပ်စု ဧက ၁၀၀ ခြံအတွင်းရှိ လျှိုအဆင်းတွင်
ပုပ်ပွလျက် တွေ့ရှိခဲ့ပြီး ဦးခေါင်းတွင် ပေါက်ပြဲဒဏ်ရာ နှစ်ချက်၊ ညာဘက်
ဝမ်းဗိုက်အောက် အတွင်း ပေါက်ပြဲဒဏ်ရာ တစ်ချက်တို့ကို တွေ့ရှိခဲ့ကြောင်း၊
အလောင်းကို လှည်းကူး ဆေးရုံသို့ ပီအာရ် ၇၇/၁၃ ဖြင့် ပို့ဆောင် စစ်ဆေးလျက်
ရှိပြီး ငါးဆူတောင် နယ်မြေရဲစခန်းက (ပ) ၅၄/၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့်
အမှုဖွင့် စစ်ဆေးနေသော်လည်း အောက်တိုဘာလ ၃၁ ရက်နေ့အထိ လူသတ်သူဟု ယူဆရသူကို
မဖမ်းမိသေးကြောင်း လှည်းကူးမြို့နယ် ငါးဆူတောင် နယ်မြေရဲစခန်းထံမှ
သိရှိရသည်။
Ref: The Voice Weekly
No comments:
Post a Comment