ဒေါ်စုရဲ့ ဆင်းဟတ် တော်ဝင်စစ်တက္ကသိုလ် မိန့်ခွန်း ( အင်္ဂလန် )(ဘာသာပြန် - @Spring Flowers )
ကျမ
ဒီကိုလာတာ သင်ပေးဖို့ဆိုတာထက် သင်ယူဖို့ လာတာပါ ။ ပြည်သူတွေက
လေးစားချစ်ခင်ပြီး အရည်အသွေးပြည့်ဝကျွမ်းကျင်တဲ့ စစ်တပ်တစ်ခု ဖြစ်ဖို့
ဘာတွေလိုအပ်သလဲဆိုတာကို ကျမ လေ့လာချင်လို့ပါ ။ ကျမတို့ မြန်မာ့တပ်မတော်ကို
အဲဒီလို ( professional army ) မျိုး ဖြစ်စေချင်ပါတယ် ။ ( ၁၉၄၀ ) နှစ်များ
အစောပိုင်းကာလမှာ ကျမရဲ့ ဖေဖေ တည်ထောင်ခဲ့တုန်းက ရည်ရွယ်ခဲ့တဲ့ army မျိုး
ဖြစ်စေချင်ပါတယ် ။ တည်ထောင်တုန်းကတော့ အင်္ဂလိပ်တွေကို တော်လှန်ဖို့ ပေါ့လေ (
ရယ်သံများ ) ။ အင်္ဂလိပ်တွေကို သဘောမကျလို့တော့ မဟုတ်ပါဘူး ။ လွတ်လပ်ရေးကို
ပိုပြီး သဘောကျ နှစ်သက်လို့ပါ ( ရယ်သံများ ) ။
လူတိုင်းမှာ
လွတ်လပ်ခွင့်ရှိရမယ်လို့ ကျမယုံကြည်ပါတယ်...... ဒါကဘဲ လူသား ဆိုတဲ့အဓိပ္ပါယ်
ပါဘဲ ။ ကိုယ်ဘယ်သူဆိုတဲ့ Identity ကို ပြဖို့ လွတ်လပ်ချင်ကြပါတယ် ။
ကိုယ်ယုံကြည်ရာကို လုပ်ဖို့ ကျမတို့ လွတ်လပ်ချင်ကြပါတယ် ။
ဥပဒေရှေ့မှောက်မှာ အားလုံး သာတူညီမျှရှိတဲ့ ကမ္ဘာကြီးတစ်ခုထဲမှာ နေနိုင်ဖို့
ကျမတို့ လွတ်လပ်ချင်ကြပါတယ် ။ ကျမဒီ Sandhurst တက္ကသိုလ်ကိုလာရဲ့အကြောင်းက
စစ်ရေးသဘောအားဖြင့်ရော လူသားဆန်ဆန်ကြည့်ရင်ပါ '' ခေါင်းဆောင်မှု Leadership
'' ဆိုတာ ဘာလဲဆိုတာကို သိချင်လို့ပါ ။
ဘာလို့လည်းဆိုတော့ စစ်သား
ဆိုတာလည်း လူသားတွေဘဲ ဆိုတဲ့ အချက်ကို ငြင်းလို့မှ မရတာလေ ။ စစ်သားတွေထဲမှာ
ကျမ ပထမဆုံး သိကျွမ်းခဲ့ရသူက ဗိုလ်ချုပ် စလင်း ( General William Slim )
ပါဘဲ ။ ဘာလို့လည်းဆိုတော့ ကျမ ငယ်ငယ်လေးတုန်းက သူ့ရဲ့
ကိုယ်တိုင်ရေးအထုပတ္တိကို ဖတ်မိပါတယ် ။ မြန်မာပြည်အကြောင်း ထဲထဲဝင်ဝင်
သိချင်လို့ ကျမ ဖတ်ဖြစ်တာပါ ။ ကျမ သူ့ကို သဘောကျခဲ့ပါတယ်
.....ဘာလို့လည်းဆိုတော့ သူက ကျမ ဖေဖေ ကို သဘောကျသူ ဖြစ်နေတာကိုး (
ရယ်သံများ ) ။ လူတစ်ယောက်ကို သဘောကျဖို့
ခိုင်လုံတဲ့အကြောင်းပြချက်ဆိုပါတော့ရှင် ။
အဲဒီမှာ Slim က
သေသေချာချာထောက်ပြပါတယ်......သူ ဖေဖေ့ကို သဘောကျရတာက ဖေဖေဟာ အလုပ်တွဲ
လုပ်လို့ ရမယ်သူ ဖြစ်လို့ပါ တဲ့ ။ ဒီအချက်ကိုလည်း ကျမ သဘောကျပါတယ် ။
စစ်တပ်ဆိုတာ တာဝန်ကျေတဲ့အလုပ်ကို လုပ်နေတာဘဲ ဖြစ်သင့်ပါတယ် ။
စစ်တပ်ရဲ့တာဝန်ဟာ ဘာတွေလဲ ၊ စစ်တပ်ရဲ့ ၀တ္တရားတွေဟာ ဘာလဲ ၊ စစ်တပ်ဟာ
ဘာတွေကို မလုပ်ရဘူးလဲ ဆိုတာကို တိုင်းပြည်တစ်ပြည်ရဲ့ အဖွဲ့အစည်းတိုင်းဟာ
သိကို သိနေရပါမယ် ။ ဒါသိပ်ကို အရေးကြီးပါတယ် ။
ကုန်ခဲ့တဲ့
ဆယ်စုနှစ်တွေ ....တိတိကျကျပြောရရင် ကုန်ခဲ့တဲ့ အနှစ်ငါးဆယ်ကာလဆိုတာ
တကယ်တော့ အလွန်ရှည်ကြာတဲ့ ကာလတစ်ခုပါဘဲ ။ လူကြီးမင်းတို့ဗိုလ်လောင်းတွေထဲက
ဘယ်သူမှ အသက်ငါးဆယ်အရွယ် ရှိမယ်မထင်ပါဘူး ။ ဒီအနှစ်ငါးဆယ်ကာလမှာ ကျမတို့
စစ်တပ်ဟာ နိုင်ငံရေးထဲ ပါလာခဲ့တယ် ။ ဒါဟာ တိုးတက်မှု တစ်ခုမဟုတ်ပါဘူး ။
စစ်တပ်ကို ဖွဲ့စည်းထားခြင်းဟာ နိုင်ငံရေးထဲကို ၀င်ပါဖို့ ဖွဲ့စည်းခဲ့တာ
မဟုတ်ပါဘူး ။
အသစ်ဖွဲ့စည်းလိုက်တဲ့ ဗမာလွတ်လပ်ရေးတပ်မတော် ( BIA )
ရဲ့ အစပိုင်းကာလတွေမှာ ကျမ အဖေက ပြောခဲ့ပါတယ် ။ '' တိုင်းပြည်သည် တပ်ရဲ့
ကျေးကျွန်မဖြစ်ရဘူး ။ တပ်ဟာ တိုင်းပြည်ရဲ့ အခြေခံအဆောက်အဦးဖြစ်ရမယ် ''
လို့ပါ ။ ဒါကဘဲ ဒီ ဆင်းဟပ်စ် စစ်တက္ကသိုလ်မှာ သင်ကြားပေးနေတာ မဟုတ်လား ။
လူကြီးမင်းတို့ဟာ ခေါင်းဆောင်ဖို့ရာအတွက် အလုပ်လုပ်ပေးဆပ်နေကြတာပါ ။
ဒီနေ့မနက်က ကျမတို့ နည်းနည်းဆွေးနွေးဖြစ်ပါသေးတယ်......
ခေါင်းဆောင်ဖို့အတွက် အလုပ်အကျွေးပြုတယ် ( serve to lead ) ဆိုတာ
အလုပ်အကျွေးပြုဖို့အတွက် ခေါင်းဆောင်တယ် ( lead to serve ) ဆိုတာနဲ့ တူသလား
ဆိုတဲ့အကြောင်းကိုပါ ။ နောက်ဆုံးတော့ မတူဘူးဆိုတာ ကျမတို့အားလုံး
လက်ခံလိုက်ကြပါတယ် ။ '' အလုပ်အကျွေးပြုတယ် '' ဆိုတာကို '' ခေါင်းဆောင်တယ်
'' ဆိုတာရဲ့ ရှေ့က ထားတာ ပိုကောင်းပါတယ် ။ ဘာလို့လည်းဆိုတော့ အဓိကအရေးပါတာက
အလုပ်အကျွေးပြုမှုပါဘဲ ။ မှန်မှန်ကန်ကန် အလုပ်အကျွေးပြုဖို့ရာအတွက်
အလုပ်အကျွေးပြုခြင်းဆိုတာ ဘာလဲဆိုတာကို သိဖို့လိုပါတယ် ။
အစောပိုင်းက ပြောခဲ့သလိုဘဲ ကျမဘ၀မှာ ပထမဆုံး သိကျွမ်းရင်းနှီးခဲ့တဲ့
အင်္ဂလိပ် စစ်သားဟာ ဗိုလ်ချုပ် Slim ပါ ။ သူ့အကြောင်းကို နည်းနည်း
ပြောပြချင်ပါတယ် ။ ဘာလို့လဲဆိုတော့ အိန္ဒိယစစ်တပ်အကြောင်းကို ရေးထားတဲ့
စာအုပ်တစ်အုပ်မှာ ဖိလစ်မေဆင်က သူ့ကို ပြည့်ဝတဲ့ လူတစ်ယောက်လို့ ရေးထားတယ် ။
ပြည့်ဝတဲ့လူ လို့ အပြောခံရတာ လူတစ်ယောက်အတွက် အကြီးကျယ်ဆုံး
ချီးကျူးခံရမှုဘဲ လို့ ကျမထင်ပါတယ် ။
ဖိလစ်မေဆင်က Slim အကြောင်းကို
ဒီလို ရေးပါတယ် '' စစ်ဗိုလ်ချုပ်တစ်ယောက်အနေနဲ့ကတော့ Slim ရဲ့
အောင်မြင်မှုက သိပ်ပြီး ပြောမစရာ မရှိပါဘူး ။ ဘာလို့လည်းဆိုတော့ သူ့က
သိပ်ကျွမ်းကျင်တဲ့ ဗျူဟာသမားတစ်ယောက်သာပါ ။ စီမံခန့်ခွဲတဲ့ နေရာမှာ
သိပ်တော်ပါတယ် ။ သူ့ရဲ့ သီလသမာဓိနဲ့ လူသားဆန်တဲ့နည်းလမ်းတွေကြောင့် သူ့ဟာ
ပြည့်ဝတဲ့လူ တစ်ယောက်ဖြစ်ပါတယ် .။ သမာဓိရှိတယ် ။ ပွင့်လင်းဖြောင့်မတ်တဲ့
လမ်းစဉ်ကို ရိုးရိုးသားသား ၊ သတ္တိ ၊ အင်အား ၊ စွမ်းဆောင်ရည်တွေနဲ့
လိုက်ခဲ့သူ ပါ '' တဲ့ ။
အဲဒီ ပြည့်ဝတဲ့လူတစ်ယောက်လို့
ချီးကျူးမှုကို ကျမ သဘောတူပါတယ် ။ လူတစ်ယောက်ဟာ စစ်သားဖြစ်ဖြစ် ၊
အရပ်သားဖြစ်ဖြစ် ပြည့်ဝတဲ့လူတစ်ယောက် ဖြစ်နိုင်ပါတယ် ။
ကျမတို့တိုင်းပြည်မှာ လိုနေတာက ပြည်သူတွေရဲ့ တန်ဖိုးကို အသိအမှတ်ပြုတဲ့
စစ်တပ် တစ်ခုပါ ။ '' စစ်တပ်အပေါ်မှာ ပြည်သူ့အာဏာရဲ့ အရေးပါပုံ '' ကို
အသိအမှတ်ပြုတဲ့ စစ်တပ်တစ်ခုပါဘဲ ။
လူကြီးမင်းတို့အားလုံးဟာ
ခေါင်းဆောင်ဖို့ လေ့ကျင့်ပေးထားခြင်း ခံရသူတွေပါ ။ စိတ်ဝင်စားစရာကောင်းတာက
လူကြီးမင်းတို့ အားလုံးဟာ ပြည်သူ့အာဏာအောက်မှာ ခေါင်းဆောင်မှုကို
လုပ်ကြဖို့ လေ့ကျင့်ပေးထားခြင်း ခံရတာပါဘဲ ။ ဒီအချက်ဟာ သိပ်ပြီး
သိသာနေသာမျိုး ဖြစ်မနေတာလည်း ဖြစ်နိုင်ပါတယ် ။ ဒါပေမယ့် ဒီနည်းနဲ့
သင်ကြားလ့ကျင့်ပေးတာကို လူကြီးမင်းတို့ နေ့တိုင်း ကြုံရပါတယ် ။
ခေါင်းဆောင်ဖြစ်ဖို့ လေ့ကျင့်သင်ကြားပေးတာပေမယ့် လူကြီးမင်းတို့ဟာ
နောက်လိုက်ကောင်းတွေလည်း ဖြစ်ကို ဖြစ်ရပါဦးမယ် ။
ခေါင်းဆောင်ကောင်းဖြစ်ဖို့ရာအတွက် နောက်လိုက်ကောင်း ဖြစ်ဖို့ လိုသလား
ဆိုတာကိုလည်း ကျမတို့ ဒီနေ့ မနက်က ဆွေးနွေးခဲ့ကြပါသေးတယ် ။ အဖြေက ''
လိုပါတယ် '' တဲ့ ။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ကို
ခေါင်းဆောင်နေသူတစ်ယောက်ဆီမှာ ဘယ်လိုအရည်အသွေးမျိုးတွေဟာ
လိုလားအပ်သလဲဆိုတာကို မသိဘဲ ကိုယ့်ဆီမှာ ဒီလို အရည်အသွေးမျိုးတွေ
ရှိလာအောင် လုပ်နိုင်မှာ မဟုတ်ပါဘူး ။ နောက်ဆုံးတော့ ခေါင်းဆောင်မှုဆိုတာ
သင့်တော်မှန်ကန်တဲ့အချိန်မှာ သင့်တော်မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို
ချနိုင်တာကို ပြောတာပါဘဲ ။ တခါတလေမှာ ဒီဆုံးဖြတ်ချက်တွေဟာ သိပ်ကို
ကြီးလေးတဲ့ ဖိအားပေးမှုတွေအောက်မှာ ချရတာမျိုး ရှိပါတယ် ။
လူတွေက
မေးကောင်း မေးချင်ကြပါလိမ့်မယ်......တကယ်လို့ ခန္ဒာကိုယ်ပင်ပန်းဆင်းရဲမှုဟာ
ခေါင်းဆောင်မှု အရည်အသွေးတွေကို တိုးတက်စေဖို့ရာ လိုအပ်သလား ဆိုတာပါ ။
ကျမကတော့ လိုတယ် လို့ ထင်ပါတယ် ။ ကိုယ်ခန္ဒာပင်ပန်းဆင်းရဲခြင်းဆိုတဲ့ အချက်က
အရမ်းကောင်းမွန်နေလို့ သဘောကျစရာကောင်းနေလို့ မဟုတ်ပါဘူး ၊ အကြောင်းကတော့
ဖိအားရဲ့အောက်မှာ အမူအရာမပျက် တည်တည်ငြိမ်ငြိမ်နေနိုင်ခြင်း ( Grace under
pressure ) ဆိုတာကို ရဖို့ လေ့ကျင့်ရလို့ပါဘဲ ။ အလွန်တရာဖိအားကြီးမားတဲ့
အခြေအနေတွေမှာတောင် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ချဖို့
အေးဆေးတည်ငြိမ်တဲ့ စိတ်တစ်ခုကို ထိန်းထားနိုင်ရပါမယ် ။
ခေါင်းဆောင်နေရာကို ရောက်နေသူတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ဟာ
နောက်လိုက်တွေအားလုံးအတွက် သိပ်ကို အရေးကြီးပါတယ် ။ သေရေးရှင်ရေးလည်း
ဖြစ်သွားနိုင်ပါတယ် ။ ဒီလို သေရေးရှင်ရေး ဖြစ်သွားနိုင်တာဟာ
ဆုံးဖြတ်ချက်ချသူ တစ်ယောက်တည်းအတွက် မဟုတ်ဘဲ သူ့ဆုံးဖြတ်ရဲ့
လွှမ်းမိုးမှုကို ခံရတဲ့လူတိုင်းအတွက် ဖြစ်သွားနိုင်တာပါ ။
ဒီတော့
ခေါင်းဆောင်မှု ဆိုတာ စိတ်ပါဘဲ ။ ဒါကြောင့်ဘဲ ဖိလစ်မေဆင်က Slim ဟာ သူ့ရဲ့
သမာဓိရှိပြီး လူသားဆန်တဲ့ အရည်အသွေးတွေကြောင့် စစ်ဗိုလ်ချုပ်ကောင်း
တစ်ယောက်ဖြစ်တယ်လို့ ပြောတာကို ကျမ သဘောတူမိတာပါ ။ တနည်းအားဖြင့်ဆိုရင်
သူဟာ ခေါင်းဆောင်ကောင်းတစ်ယောက်ပါဘဲ ၊ လူသားတွေရဲ့ ခေါင်းဆောင်ပါ ၊
စိတ်ချယုံကြည်ရခြင်း ကို ဖြစ်စေတဲ့ လူတစ်ယောက်ပါ ။
Slim
ရဲ့စာအုပ်နာမည်က ကျရှုံးခြင်းမှသည် အောင်မြင်ခြင်းဆီသို့ Defeat into
Victory လို့ အမည်ရပါတယ် ။ ဖတ်ဖူးတဲ့လူများ သိကြမှာပါ .... Slim ဟာ တပ်မ ၁၄
( Fourteenth Army ) ကို ခေါင်းဆောင်လက်လွှဲယူလိုက်ရချိန်မှာ
မြန်မာပြည်ထဲမှာ တိုက်ပွဲတွေ အရမ်းကို ဆိုးဝါး ပြင်းထန်နေချိန်ပါဘဲ ။
ဒါပေမယ့် နောက်ဆုံးတော့ သူတို့ အနိုင်ရခဲ့ပါတယ် ။
ရှုံးနိမ့်နေတာကို အောင်နိုင်အောင် ကမ္ဘာအရပ်ရပ်မှာ ကြိုးစားနေကြတာပါဘဲ ...။
ရှုံးနိမ့်ခြင်းဆိုတာ နိုင်ငံရေးမျက်နှာဖုံး ၊ စီးပွားရေး မျက်နှာဖုံး ၊
စစ်မျက်နှာဖုံး စသည်ဖြင့် မျက်နှာဖုံး အမျိုးမျိုးစွပ်ပြီး လာတတ်ပါတယ် ။
ရှုံးနိမ့်ခြင်းဆိုတာ ကျမတို့အားလုံး တနည်းနည်းနဲ့
ရင်ဆိုင်ဖြေရှင်းရတဲ့အရာပါဘဲ ။ ရှုံးနိမ့်ခြင်းကို ကျမတို့ အောင်နိုင်ခြင်း
အဖြစ်သို့ ပြောင်းလဲပစ်ရပါမယ် ။
ဒါပေမယ့် အဲလိုပြောင်းလဲတဲ့နေရာမှာ
ကျမတို့ရဲ့ ရိုးသားဖြောင့်မတ်ခြင်းကို လုံးဝ အထိခိုက်ခံလို့ မဖြစ်ပါဘူး ။
ဘယ်လိုဘဲရရ အောင်မြင်မှုရရင်ပြီးရော ဆိုတာ ခေါင်းဆောင်းကောင်းတစ်ယောက်
လုပ်ရမယ့်အရာမဟုတ်ပါဘူး ။ ခေါင်းဆောင်ကောင်းဆိုတာ သူလည်း သိက္ခာရှိ ၊ သူ့ကို
ယုံကြည်ခဲ့သူများလည်း သိက္ခာရှိမယ့် အောင်မြင်မှုမျိုးကိုသာ ရဖို့
ကြိုးစားတတ်ကြပါတယ် ။
ကျမအတွက်တော့ ခေါင်းဆောင်မှုဆိုတာ
အလုပ်အကျွေးပြုခြင်းပါဘဲ.......အလုပ်အကျွေးပြုတယ်ဆိုတဲ့နေရာမှာလည်း
ကိုယ့်ကို ယုံကြည်ခဲ့သူများကို အမြဲတမ်းရှေ့တင်စဉ်းစားတာကို ဆိုလိုတာပါ ။
သူတို့ကသာလျှင် တကယ်အရေးပါသူများပါ .....။ ခေါင်းဆောင်နေရာမှာ ရောက်နေတဲ့
ကိုယ်သာလျှင် အရေးပါနေတာမဟုတ်ပါဘူး ....။
ဒါပေမယ့် ကိုယ့်ရဲ့
တန်ဖိုးဆိုတာကိုတော့ကိုယ့်ခေါင်းဆောင်မှုကို လက်ခံခဲ့သူများအတွက်
ဘယ်လောက်အောင်မြင်အောင် လုပ်နိုင်ခဲ့တယ် ဆိုတာကဘဲ ဆုံးဖြတ်တာပါ ။
ခေါင်းဆောင်ကောင်းတစ်ယောက်မှာ ရှိအပ်တဲ့ အရည်အသွေးတွေနဲ့ပတ်သက်ပြီး
ကျမလက်ခံယုံကြည်သလို လူကြီးမင်းတို့အားလုံးလက်ခံယုံကြည်သလားဆိုတာတော့ ကျမ
မသိဘူးပေါ့လေ ။
ကျမတို့ကမ္ဘာကြီးမှာ စစ်တပ်ဟာ
တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ပါတယ် ။ ဒါပေမယ့် ကမ္ဘာကြီးတစ်ခုလုံးဟာ
စစ်တပ်တွေနဲ့ချည်း ဖွဲ့စည်းထားတာတော့ မဟုတ်ပါဘူး ။ စစ်သားတွေနဲ့ချည်းဘဲလည်း
ဖွဲ့စည်းထားတာ မဟုတ်ပါဘူး ။ စစ်တပ်တို့ ၊ စစ်သားတို့ဆိုတာ ကမ္ဘာကြီးရဲ့
တစ်စိတ်တစ်ပိုင်းသာ ဖြစ်ပါတယ် ။
ဒါပေမယ့် ကြိုက်သည်ဖြစ်စေ
မကြိုက်သည်ဖြစ် စစ်တပ်ဟာ ကမ္ဘာကြီးရဲ့ အရေးပါတဲ့အစိတ်အပိုင်းတော့ ဖြစ်ပါတယ် ။
ကျမကိုယ်တိုင် စစ်တပ်အပေါ်မှာ ကြီးမားတဲ့ မေတ္တာရှိပါတယ် ။ ဒါကဘဲ ကျမကို
အကြီးအကျယ် ဝေဖန်ခံရမှုတွေ ဖြစ်စေခဲ့ပါတယ် ။ အထူးသဖြင့်
ဆယ်စုနှစ်ပေါင်းများစွာကြာအောင် အာဏာရှင်လက်အောက်မှာ
ဒုက္ခခံလာရပြီးတဲ့နောက်မှာ ကျမတို့ ပြည်သူတွေနဲ့ ကျမကို
ဒီမိုကရေစီလှုပ်ရှားမှုမှာ ထောက်ခံအားပေးခဲ့သူများဟာ ကျမက စစ်တပ်အပေါ်
ကြီးမားတဲ့ မေတ္တာရှိတယ် ၊ ကြီးမားတဲ့ မျှော်လင့်ချက်လည်း ရှိတယ်လို့
ပြောရင် တခါတလေ စိတ်ဆိုးကြပါတယ် ။
ဒါပေမယ့်
ကိုယ်ကျိုးမဖက်အများအကျိုးအတွက် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုအပေါ်
ချစ်ခင်မှုရှိတာ ၊ လေးစားမှု ရှိတာဟာ မှန်ကန်တဲ့ လုပ်ရပ်ပါ ။ ''
ကိုယ်ကျိုးမကြည့်ဘူး '' ဆိုတဲ့ စကားဟာ စစ်တပ်ရယ် ၊
ခေါင်းဆောင်လုပ်သူတွေရယ်အတွက် အဓိက စကားလုံးပါဘဲ ။ ဆိုလိုတာက '' ငါ ''
ဆိုတဲ့ အတ္တအရင်မလာဘဲ သူများကို ကိုယ့်ရှေ့မှာ ဦးစားပေးတာတာကို ဆိုလိုတာပါ ။
မိမိအကျိုးအတွက် ခေါင်းဆောင်လုပ်ချင်တာမျိုး မဖြစ်သင့်ပါဘူး ။ ဒါကြောင့်ဘဲ
ခေါင်းဆောင်ဖို့အတွက် အလုပ်အကျွေးပြုတယ် ( serve to lead ) လို့ ကျမတို့
ပြောကြတာပါ ။
ဗိုလ်ချုပ် ဒေးဗစ်ရစ်ချက် ( General David Richards )
လွန်ခဲ့တဲ့ နှစ်လသုံးလလောက်က မြန်မာပြည် လာတုန်း ကျမတို့သူ့ကို
လွှတ်တော်မှာ လက်ခံတွေ့ခဲ့ကြပါတယ် ။ ဒါနဲ့ သူကို မေးကြည့်မိကြပါတယ် ''
အင်္ဂလိပ်လူမျိုးတွေဟာ သူတို့စစ်တပ်ကို ချစ်ခင်ကြသလား '' လို့ပါ ။
သူက
သိပ်ကို ဂုဏ်ယူဝင့်ကြွားစွာ ပြန်ပြောပါတယ် '' စစ်တမ်းတွေအရ အင်္ဂလိပ်တွေဟာ
စစ်တပ်ကို ဆရာဝန်တွေထက် ပိုပြီး လေးစားကြပါတယ် '' တဲ့ ။ ဘာကြောင့်လဲ လို့
ပြန်မေးကြည့်တော့ သူက '' ငါတို့ကို ပြည်သူတွေက ကိုယ်ကျိုးမဖက်သူ ( selfless
) တွေလို့ မြင်ကြတယ် ။ ငါတို့ဟာ တိုင်းပြည်အတွက် ပေးဆပ်ထားကြသူတွေလေ "'
တဲ့ ။
သူက ထပ်ပြောသေးတယ် '' ငါတို့ပြည်သူတွေအတွက်သာ မဟုတ်ဘူး ၊
ကမ္ဘာအရပ်ရပ်က ကာကွယ်မှုလိုအပ်နေသူတွေ အားလုံးအတွက် ငါတို့ ပေးဆပ်ထားလို့ပါ ။
သူတို့ဘ၀အတွက် ပိုပြီး စိတ်ချလုံခြုံမှုကို ပေးဖို့
စစ်ရေးနဲ့အကာအကွယ်ပေးတာမျိုးပေါ့ '' တဲ့ ။
ဒီတော့ ကိုယ်ကျိုးမဖက် (
selfless ) ဆိုတဲ့စကားဟာ လေးစားအပ်တဲ့ ဂုဏ်ရှိတဲ့ စစ်တပ်တစ်ခုအတွက်
အဓိကပါဘဲ ။ မြန်မာစစ်တပ်ကို ကျမ အဲဒီလိုမျိုး ဖြစ်စေချင်ပါတယ် ။ ကျမ ဒီကို
ရောက်လာတာရတဲ့ အဓိက အကြောင်းရင်းက ဒါပါဘဲ ... ..... ခေါင်းဆောင်တွေဖြစ်ဖို့
အလုပ်အကျွေးပြုခြင်းကို သင်ယူနေကြတဲ့ လူကြီးမင်းတို့ဆီက လာလေ့လာတာပါ ။
နိုင်ငံရေးအာဏာကို ဆယ်စုနှစ်များစွာ ယူထားတဲ့ စစ်တပ်တစ်ခုကို
နိုင်ငံရေးအာဏာစိတ်မ၀င်စားဘဲ ပြည်သူ့ဆန္ဒကို ဒီမိုကရေစီနည်းလမ်းအတိုင်း
မြှင့်တင်ဖော်ဆောင်ပေးတဲ့ စစ်တပ် ၊ ကျွမ်းကျင်ပြီး အရည်အသွေး ပြည့်ဝတဲ့
စစ်တပ်ဆိုတာထက် ပိုဂုဏ်ရှိတာ ဘာမှ မရှိပါဘူး ဆိုတာ နားလည်အောင် လုပ်ဖို့
ဘာများ လိုအပ်တယ်လို့ လူကြိးမင်းတို့ ထင်ပါသလဲ ။
မြန်မာပြည်ဟာ
ဒီမိုကရေစီလမ်းပေါ်ကို ရောက်ဖို့ စတင်နေပါပြီ ။ ဒါပေမယ့် အခုမှ စတာပါ ။
ပန်းတိုင်ကို လုံးဝ မနီးသေးပါဘူး ။ အပြောင်းအလဲတွေ အများကြီးလုပ်ဖို့
လိုသေးပါတယ် ။ ကျမတို့ဟာ ကျမတို့ရဲ့ စစ်တပ်ကို အပြုသဘောဆောင်တဲ့နည်းနဲ့
ဒီပြောင်းလဲမှုတွေ ဖြစ်အောင် လုပ်ရာမှာ တက်ကြွစွာ ပါဝင်စေချင်ပါတယ် ။
ကျမတို့အားလုံး စိတ်ချလုံခြုံမှုရှိတဲ့ နိုင်ငံတစ်ခု ဖြစ်အောင် လုပ်ရာမှာ
ပါဝင်စေချင်ပါတယ် ။
မြန်မာပြည်ဆိုတာ တိုင်းရင်းသားပေါင်းစုံရှိတဲ့
နိုင်ငံပါ ။ UK ကတော့ Welsh လူမျိုးတွေ ၊ အိုင်းရစ်စ်လူမျိုးတွေ ၊
စကော့လူမျိုးတွေလောက်သာ ရှိတာပါ ။ ကျမတို့မှာ အဲဒီထက် အများကြီး
ပိုရှိပါတယ် ( ရယ်သံများ ) ။ ဒါကဘဲ ပြသာနာပါ ။ တိုင်းရင်းသားတချို့ဟာ
ဆယ်စုနှစ်ပေါင်းများစွာအကြာကတည်းက လက်နက်ကိုင်လာကြတာ အခုထိ ကျမတို့မှာ
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရး လုပ်ဖို့ လိုနေပါသေးတယ် ။
အပစ်အခတ်ရပ်စဲတယ်ဆိုတာ ကြာရှည်ငြိမ်းချမ်းရေးရနိုင်မယ့် နိုင်ငံရေးနည်းနဲ့
ဖြေရှင်းဖို့အတွက် ပထမအဆင့်ဘဲ ရှိသေးတာပါ ။
ဒီတော့ အခု ကျမ ဒီကို
ရောက်လာတာဟာ ကျမဆန္ဒအရ လူကြီးမင်းတို့ဆီက လေ့လာဖို့ ရောက်လာတာပါ ။
သင်ပေးဖို့ မဟုတ်ပါဘူး ။ လူကြီးမင်းတို့ကို သင်ပေးစရာ ကျမမှာ သိပ်လည်း
မရှိဘူး ထင်လို့ပါ ။ ဒါပေမယ့် စိတ်ချလုံခြုံအေးချမ်းတဲ့ ကမ္ဘာတစ်ခု
တည်ဆောက်ဖို့ ဘာတွေလိုမလဲဆိုတဲ့အပေါ် အမြင်တွေ ဖလှယ်ပြီး အိုင်ဒီယာတွေ
ဝေငှတာတော့ လုပ်လို့ရမယ်လို့ ကျမ လုံးဝ မျှော်လင့်ပါတယ် ။
တစ်နည်းအားဖြင့်ပြောရရင် စစ်ရေးဗျူဟာအသစ်တစ်ရပ်ဆိုတာဟာ စစ်မတိုက်ရအောင်
လုပ်တာပါဘဲ ။ ပဋိပက္ခ တွေကို ဖြေရှင်းဖို့အတွက် ပြသနာရဲ့အရင်းအမြစ်ကို
သွားရမှာပါ ။ ပဋိပက္ခတွေကို ဖြေရှင်းဖို့ လူကြီးမင်းတို့ ဘယ်လောက်တောင်
ကြိုးစားနေတယ်ဆိုတာ သိရတာ ကျမသိပ်ကို အားတက်မိပါတယ် ။ ဂုဏ်သိက္ခာရှိတဲ့
စစ်တပ်ဆိုတာ ဒီလိုဘဲ လုပ်သင့်ပါတယ် ။ စစ်တပ်ဆိုတာ ပဋိပက္ခဖြစ်တဲ့နေရာမှာ
ပြည်သူကို ကြားဝင်ကာကွယ်ပေးဖို့ သွားတာဘဲ ဖြစ်သင့်ပါတယ် ။ ပဋိပက္ခကို
ပိုဆိုးအောင် လုပ်ဖို့ ၊ ပြသနာကို တစ်နည်းနည်းနဲ့ အားပေးဖို့ သွားတာ
မဖြစ်သင့်ပါဘူး ။ ပြေလည်အောင် ဖြေရှင်းဖို့သွားတာမျိုးဘဲ ဖြစ်သင့်ပါတယ် ။
ကျမအမြဲလိုလို စိတ်ဝင်စားမိခဲ့တာက ရှေးခေတ် ဂရိတွေဟာ သူတို့
သူရဲကောင်းတွေကို သူတို့နတ်ဘုရားတွေထက် ပိုပြီး လေးစားရိုသေကြတာကိုပါဘဲ ။
ဒါဟာ ဘာကြောင့်လည်းဆိုတော့ ဟီးရိုးတွေဟာ လူသားတွေလိုဘဲ သေမျိုးတွေ
ဖြစ်ကြလို့ လို့ ကျမထင်ပါတယ် ။ သင်္ခါရသဘောရှိတဲ့အတွက် သူတို့ ယုံကြည်ရာကို
လုပ်တဲ့အခါ ၊ သို့မဟုတ် သူတို့ ကာကွယ်စောင့်ချင်သူတွေကို ကာကွယ်မှု
ပေးကြတဲ့အခါ နတ်ဘုရားတွေထက် ပိုပြီး ပေးဆပ်စွန့်လွှတ်ရပါတယ် ။ သေမျိုးလည်း
မဟုတ် ၊ ထိခိုက်ခံစားလွယ်တာမျိုးလည်း မရှိတဲ့ နတ်ဘုရားတွေထက် ပိုပြီး
ပေးဆပ်ရပါတယ် ။
ယူလစ်ဆီ ( Ulysses ) ကို နတ်ဘုရားမရဲ့
အကျဉ်းစံအနေနဲ့ နေမလား ၊ သူ့တိုင်းပြည်ကို ပြန်မလားလို့ ရွေးခိုင်းတော့
သူ့တိုင်းပြည်ကို ပြန်ဖို့ရွေးလိုက်ပါတယ် ။ ဘာလို့လည်းဆိုတော့
လူသားတစ်ယောက်ရဲ့ ဘ၀ကို အပြည့်အ၀နေချင်လို့ပါဘဲ တဲ့ ။ ဒီအတွက် သူဟာ
သေခြင်းတရားကို လက်ခံဖို့ ပြင်ဆင်ထားခဲ့တယ် ။ မသေဘဲနေဖို့ ၊ သတ္တိရှိတဲ့
လူသားတစ်ယောက်ရင်ဆိုင်ရမယ့် စိန်ခေါ်ချက်တွေကို ရင်မဆိုင်ဘဲ နေဖို့ထက် စာရင်
သေခြင်းသဘောသဘာဝရှိတဲ့ လူသားအဖြစ်ကို ရွေးခဲ့တယ် ။
ယူလစ်ဆီလိုဘဲ
ကျမတို့ဟာ ဘ၀ခရီးကို သေမျိုးတွေအဖြစ် ဖြတ်သန်းနေသူတွေပါ ။
တနေ့သေရမယ့်လူတွေအဖြစ် ကျမတို့ အကောင်းဆုံး ကျင့်ကြံနေထိုင်ကြရပါမယ် ။
တနေ့သေရမယ်ဆိုတာကို သိရှိလက်ခံထားပြီး ကိုယ့်ရဲ့ မွေးရာပါ စွမ်းရည်တွေကို
အကောင်းဆုံး အသုံးချတတ်ရပါမယ် ။ ဒါကဘဲ ဆင်းဟပ်က ကျမကို ဖြည်းဖြည်းချင်း
မိတ်ဆက်သင်ကြားပေးလိုက်တဲ့ skill တွေထဲက တစ်ခုလို့ ကျမထင်ပါတယ် ။
ဒီတော့ ဆက်ပြောရရင် ဘ၀ကို ရှေ့ဆက်ရင်းနဲ့ လူကြီးမင်းတို့ဟာ ဘ၀ဆိုတာ
ဘာလဲဆိုတာ မေးခွန်းထုတ်စေချင်ပါတယ် ။ ဘာလို့လဲဆိုတော့ တစ်နေ့မှာ ကျမတို့
အားလုံး သေရမှာပါ ။
-ပြန်လှည့်ကြည့်ချင်စရာ ဘာတွေများ ရှိချင်ပါသလဲ ။
-ဘယ်လို ဘ၀မျိုးကို ငါ နေခဲ့တယ်လို့ ပြောချင်ပါသလဲ ။
-ကိုယ့်မျိုးဆက်တွေကို ဘယ်လို အမွေအနှစ်မျိုး ထားခဲ့ချင်ပါသလဲ ။
-လူသားတစ်ယောက်အဖြစ် အဓိပ္ပါယ်ရှိ ၊ တန်ဖိုးရှိစေတဲ့ အရာကရော ဘာလဲ ။
ဒါဟာ ခေါင်းဆောင်ဖို့ အလုပ်အကျွေးပြုကြတဲ့ ကျမတို့အားလုံး ဖြေဖို့လိုတဲ့
မေးခွန်းတွေထဲက တစ်ခုပါဘဲ ။ လူသားတစ်ယောက်အနေနဲ့ ကိုယ်ဘာလိုချင်တယ်ဆိုတာကို
သိမှ ၊ ကိုယ့်ရဲ့ မျှော်မှန်းချက်တွေဟာ ဘာလဲဆိုတာကို သိမှ တခြားလူတွေရဲ့
မျှော်မှန်းချက်ကို ဖြည်ပေးလို့ ရမှာပါ ။
ခေါင်ဆောင်ကောင်းဆိုတာ
နောက်လိုက်တွေရဲ့ အကောင်းဆုံးအရည်အချင်းတွေကို ပြုစုပျိုးထောင်ပေးတတ်ရပါတယ်
။ တစ်ဦးချင်းစီရဲ့ အကောင်းဆုံးအရည်အသွေးတွေကို ပြုစုပျိုးထောင်ပေးဖို့
အဲ့ဒီတစ်ဦးတစ်ယောက်ဟာ ဘာကိုများ စွမ်းဆောင်နိုင်မလဲဆိုတာကိုလည်း
နားလည်ထားရပါမယ် ။ ဒါကို လေးစားတတ်ရပါမယ် ။ ပျိုးထောင်ပေးတတ်ရပါမယ် ။
ခေါင်းဆောင်ကောင်းဆိုတာ ပျိုးထောင်ပေးခြင်း အမှုကိုလည်း ပြုတတ်ရပါမယ် ။
ပျိုးထောင်ပေးခြင်း ( nurturing ) ဆိုတာ အရမ်းအရေးကြီးပါတယ် ။
လူတွေကို ( ၄၄ ) ပတ်အတွင်းမှာ ခေါင်းဆောင်တွေ အဖြစ်ပြောင်းလဲ ပေးဖို့
ဖြစ်နိုင်ပါသလား လို့ ကျမ စဉ်းစားနေမိတယ် ။ လူကြီးမင်းတို့က ကျမထက်ပိုပြီး
ပြည့်စုံတဲ့ အဖြေကို ပေးနိုင်မယ်ဆိုတာ ကျမ ယုံပါတယ် ။ ကျမကတော့
လူကြီးမင်းတို့လို ( ၄၄ ) ပတ် လေ့ကျင့်ရေးတွေကို လုပ်ဖို့ဆန္ဒ လုံးဝ
မရှိပါဘူး...... ကျမအထင်တော့ အိမ်အကျယ်ချုပ် ( ၁၅ ) နှစ်ကမှ
ပိုလွယ်ဦးမလားဘဲ ( ရယ်သံများ ) ။ ဒါတွေလုပ်ဖို့ ဘယ်လို အရည်အချင်းမျိုး
ခံနိုင်ရည်မျိုးတွေများ လိုမလဲ ဆိုတာ လူကြီးမင်းတို့ အမြင်ကို သိချင်လှပါဘိ
။
ဗိုလ်လောင်းရွေးချယ်ရေး သင်တန်းတွေမှာ ကျမ၀င်ပြီး
ဆွေးနွေးဖြစ်ပါတယ် ။ ဒီရွေးချယ်ေ၇းသင်တန်းတွေဟာ သိပ်ကို အရေးကြီးတယ်လို့
ကျမသိထားပါတယ် ။ ဒီမှာရောက်လာတဲ့ သင်တန်းသားတွေဟာ တခြားလူတွေထက် ပိုပြီး
ခေါင်းဆောင်နိုင်စွမ်း မြင့်မားတယ်လို့ ပြောလို့ရပါတယ် ။ ဒီတော့
ဒီခေါင်းဆောင်မှု အရည်အသွေးတွေဆိုတာ ဘာလဲ ဆိုတာကို ရွေးချယ်ရေးအဖွဲ့က
လူတွေရဲ့ အမြင်ထက် လူကြီးမင်းကိုယ်တိုင်ရဲ့ အမြင်ကို ကျမ ပိုပြီး
သိချင်မိပါတယ် ။
ခေါင်းဆောင်ဆိုတာ မိမိကိုယ်ကို ယုံကြည်မှုတော့
ရှိရပါတယ် ။ ကိုယ့်ကိုယ်ကို ယုံကြည်မှု ဆိုတာက ဘ၀င်မြင့်ခြင်းနဲ့တော့
ကွဲပါတယ် ။ အတ္တကြီးခြင်းနဲ့လည်း မတူပါဘူး ။ ကိုယ်ကိုယ်ကိုမှ
ယုံကြည်မှုမရှိရင် ဘယ်သူကမှ လာရှိပေးမှာ မဟုတ်ဘူး ။ ကိုယ့်ကိုယ် ကို
မဦးဆောင်နိုင်ဘဲနဲ့ တခြားလူတွေကိုလည်း ဦးဆောင်နိုင်မှာ မဟုတ်ပါဘူး ။
ထိန်းချုပ်နိုင်စွမ်းဆိုတာလည်း ဒီလို ပါဘဲ ။ တခြားလူတွေကို မထိန်းနိုင်ခင်
ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း ရှိရပါတယ် ။ ဒုတိယကမ္ဘာစစ်အတွင်းမှာ
ဗိုလ်မှူးတစ်ယောက်ပြောတာကို ကျမဖတ်ဖူးပါတယ်......စစ်ဖြစ်လို့ အရပ်သားတွေ
စစ်ထဲဝင်ရတဲ့အခါ သူထင်တာက စစ်သားကောင်းဖြစ်မယ့်သူဆိုတာ
ဆောက်လုပ်ရေးတတ်သူတွေ သို့မဟုတ်
အလုပ်ကြမ်းကြမ်းနဲ့အကျွမ်းဝင်သူတွေဖြစ်မယ်လို့ ထင်ခဲ့မိသတဲ့ ။ ဒါပေမယ့်
တကယ်လည်းကျရော ကဗျာဆရာတွေက အားကစားသမားတွေ အင်ဂျင်နီယာတွေထက်ပိုပြီး
စစ်သားကောင်းဖြစ်နေတာကို တွေ့ရတယ်လို့ ဆိုတယ် ။ အန္တရာယ်အများဆုံး တာဝန်
တွေအတွင်းမှာ သူသိပ်ကို အားထားယုံကြည်ခဲ့ရသူတွေဟာ ကဗျာဆရာတွေပါဘဲတဲ့ ။
ဒီလိုနဲ့သူက နောက်ဆုံးမှာ အတော်ဆုံးစစ်သားမှာ အရည်အချင်းသုံးရပ်ရှိတယ်လို့ လက်ခံလိုက်ပါတယ် ။
-လေ့ကျင့်ထားတဲ့ စိတ်ဓါတ်တစ်ခုရယ် ၊
-ဆင်းရဲပင်ပန်းမှုဒုက္ခကို သည်းခံနိုင်စွမ်းရယ် ၊
-ဟာသဥာဏ်ရယ် ရှိရမယ်လို့ပါဘဲ ။ ဟာသဥာဏ်ရှိဖို့က သိပ်အရေးကြီးတယ်နော် ။ (ရယ်သံများ )
လေ့ကျင့်ထားတဲ့ စိတ်ဓါတ်ဆိုတာ စောစောက ကျမပြောခဲ့တဲ့ ဆုံးဖြတ်ချက်ချခြင်း
အပိုင်းကို ပြန်ပြောရမှာပါ ။ အလွန်တရာ ဖိအားများပင်ပန်းတဲ့
အခြေအနေမျိုးတွေမှာ သူများအတွက်ရော ကိုယ့်အတွက်ပါ ဆုံးဖြတ်ချက်မှန်ကို
ချနိုင်ဖို့ ကိုယ့်စိတ်ကိုကိုယ် တည်ငြိမ်အောင် ထိန်းချုပ်နိုင်စွမ်း
ရှိရပါမယ် ။ ဒါဟာ ခေါင်းဆောင်ကောင်းတစ်ယောက်လုပ်ကို လုပ်ရမယ့်ကိစ္စပါ
....ဒါကဘဲ ကိုယ်ကျိုးမဖက်ဘူး ဆိုတဲ့ အဓိပ္ပါယ်ပါဘဲ ။
ကျမတို့အားလုံးဟာ လူသားတွေပါ ။ ဘယ်လူသားမှ
ရာနှုန်းပြည့်ကိုယ်ကျိုးမဖက်တာကို မလုပ်နိုင်ကြပါဘူး ။ အတ္တ ဆိုတာ
အမြဲရှိပြီးသားပါ ။ ကိုယ့်အတ္တကို အခြေခံပြီးတော့ဘဲ သူများတွေနဲ့
ဆက်ဆံကြတာပါ ။ ဒီတော့ ကိုယ်ကျိုးမဖက်ဘူးဆိုတာ ပုံသေကားကျ
ရာနှုန်းပြည့်သဘောမဟုတ်ပါဘူး ။ ကိုယ်ကျိုးမဖက်ဘူးဆိုတာ '' အတ္တရှိတာကို
အသိအမှတ်ပြုတယ် ၊ ဒါပေမယ့် အတ္တကို ကိုယ်နောက်လိုက်တွေရဲ့ အကျိုးနဲ့ ယှဉ်ရင်
နောက်မှာ ထားရတာ '' ကို ပြောတာပါ ။
ဒီတော့
တာဝန်ယူလိုစိတ်ရှိခြင်းဟာ ဦးဆောင်အလုပ်အကျွေးပြုဖို့အတွက် ( serve to lead
) အကြီးကျယ်ဆုံး လိုအပ်ချက်တွေထဲက တစ်ခုပါဘဲ ။ ဒါကို စံတစ်ခုအနေနဲ့ကို
ထားရပါမယ် ။ ဒါပေမယ့် ဒီတာဝန်ယူလိုစိတ်ရှိခြင်းကို
အလုပ်အဖြစ်ပြောင်းလဲဖို့အတွက် ကိုယ်ရောစိတ်ပါ ကျွမ်းကျင်မှုတွေ
လိုအပ်ပါသေးတယ် ။
ရိုးရိုးစင်းစင်း ဗုဒ္ဓဘာသာအဆိုတစ်ခု ရှိပါတယ် ။
အထူးသဖြင့် မဟာယာနတွေ ပြောလေ့ရှိတာပါ ။ ဗောဒိသတ္တ ဖြစ်ဖို့အတွက် အရည်အချင်း
နှစ်ခု လိုအပ်ပါတယ် တဲ့ ။ ဗောဓိသတ္တဆိုတာ ( မဟာယာနမှာ )
ကယ်တင်ရှင်ဘုရားလောင်းကို ပြောတာပါ ။ အဲဒီအရည်အချင်းနှစ်ခုကတော့ ဥာဏ်ပညာနဲ့
မေတ္တာပါဘဲ တဲ့ ။ ဒါကို သိပ်ကို ရိုးရိုးစင်းစင်း ရှင်းပြထားပါတယ် ။
''လူတစ်ယောက်ဟာ တစ်လောကလုံးမှာ မေတ္တာအကြီးမားဆုံးလူ ဖြစ်ကောင်း
ဖြစ်နိုင်ပါတယ် ၊ ဒါပေမယ့် မှန်ကန်တဲ့ ဥာဏ်ပညာသာမရှိရင် ကယ်တင်ချင်တဲ့လူကို
မကယ်တင်နိုင်ပါဘူးတဲ့ ။ တစ်ဖက်ကလည်း အဲဒီလူဟာ ဥာဏ်ပညာအကြီးဆုံးလူ
ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ် ။ ဒါပေမယ့် မေတ္တာမရှိပြန်ရင်လည်း
မကယ်တင်နိုင်ပါဘူး '' တဲ့ ။
တစ်နည်းအားဖြင့် စစ်သားအနေနဲ့
အသက်မွေးဝမ်းကျောင်းမှုမှာလည်း ဒီလိုပါဘဲ ။ စောင့်ရှောက်ပေးလိုစိတ် ၊
ကာကွယ်ပေးလိုစိတ် ၊ ပြည်သူအတွက်အကောင်းဆုံးလုပ်ပေးလိုစိတ် ရှိရပါမယ် ။
ဒီလိုလုပ်ဖို့လည်း ကျွမ်းကျင်မှုနဲ့ အရည်အချင်း ရှိရပါမယ် ။ ပေးဆပ်ချင်တယ်
ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး ။ ဘယ်လိုနည်းနဲ့အကောင်းဆုံး
ပေးဆပ်အလုပ်လုပ်နိုင်မလဲဆိုတာကိုလည်း သိမှ ဖြစ်မှာပါ ။
လူကြီးမင်းတို့ကို ဆင်းဟပ်မှာ ဒါတွေကို သင်ပေးတယ်လို့ ကျမ ထင်ပါတယ် ။
ကျမလည်း လူကြီးမင်းတို့ဆီက ဒါတွေကို ပြန်ကြားချင်ပါတယ် ။ ပြည်သူကို
အလုပ်အကျွေးပြုဖို့ ဆင်းဟပ်မှာ သင်တာကို လူကြီးမင်းတို့အနေနဲ့ ဘယ်လို
ထင်ပါသလဲ ။ ပြည်သူကို အလုပ်အကျွေးပြုဖို့ ကိုယ့်အရည်အသွေးကို အကောင်းဆုံး
အသုံးပြုတတ်အောင် ဆင်းဟပ်က သင်ပေးတဲ့အပေါ် လူကြီးမင်းတို့ရဲ့ အမြင်ကို
ပြောပြပါ ။
နိဂုံးချုပ်အနေနဲ့ ယူလစ်ဆီ အကြောင်းကို ဆက်ပြောရင်း
ကဗျာဆရာ တင်နစ်ဆင် ( Tennyson ) ရဲ့ နာမည်ကြီးကဗျာ '' ယူလစ်ဆီ '' ထဲက
တစ်ပိုဒ်ကို ဖတ်ပြချင်ပါတယ် ။ ငယ်ငယ်တုန်းက ယူလစ်ဆီအကြောင်းကို ဖတ်တိုင်း
ကျမတစ်ခါမှ သူ့ကို သဘောမကျခဲ့ဖူးပါဘူး ။ သိပ်ပြီး မောက်မာတယ် ၊
ရဲတင်းလွန်းတယ်လို့ ထင်ခဲ့လို့ပါ ။ ဒါပေမယ့် တင်နစ်ဆင်ရဲ့ '' ယူလစ်ဆီ ''
ကဗျာကို ဖတ်တော့ စိတ်ပြောင်းသွားခဲ့တယ် ။ ယူလစ်ဆီကို အမြင်သစ်တစ်မျိုးနဲ့
ကြည့်တတ်လာခဲ့တယ် ။ ဒီအပိုဒ်က ယူလစ်ဆီ အိုမင်းမစွမ်း ဖြစ်လာချိန်မှာ
ကိုယ်တိုင်းရေးထားတဲ့ပုံစံနဲ့ ရေးထားတာပါ ။ အဆုံးသတ်က သိပ်ကို
နာမည်ကြီးတော့ လူကြီးမင်းတို့ထဲက အများစုလည်း သိပြီးသား ဖြစ်မှာပါ ။
ဖတ်ပြပါရစေ ။
We are not now that strength which in old days
Moved earth and heaven; that which we are, we are;
One equal temper of heroic hearts,Made weak by time and fate, but strong in will
To strive, to seek, to find, and not to yield.
ယခင်ကလို ၊ တောင်မြင်းမိုရ်နဲ့
ကမ္ဘာမြေပြင် ၊ ရွှေ့ပစ်ချင်ရဲ့
ထိုသည့်အင်အား ၊ ယခုများဝယ်
ပျောက်ဆုံးခဲ့ပြီ ၊ ခန်းခဲ့ပြီလေ ။
အချိန် ကြမ္မာ ထိုနှစ်ဖြာကြောင့်
ငါတို့သည်ကား ၊ ချည့်နဲ့အားအင်
မှေးကာမှိန်ငြား ၊ သတ္တိအားမူ
မပျက်မူခဲ့ ၊ စည်းလုံးလျက်ပင်
အားထုတ်ကြိုးပမ်း ၊ ဖွေရှာစွမ်းလျက်
မပေးအရှုံး ၊ စိတ်နှလုံးသည်
သက်ဆုံးထိတိုင်ရှိမည်တည်း ။
ကျမအတွက်တော့ ခေါင်းဆောင်ကောင်းတို့ရဲ့ ကြာရှည်ခံမယ့်အရည်အချင်းတွေဟာ
ဒါတွေပါဘဲ ။ ယူလစ်ဆီဟာ အချိန်ရဲ့ တိုက်စားမှုကြောင့် နွမ်းနယ်ကောင်း
နွမ်းနယ်ခဲ့ပါလိမ့်မယ် ။ တခါတလေမှာ လူတွေဟာ အခြေအနေတွေကြောင့် မီးဇာကုန်
ဆီခမ်းဖြစ်ရတာတွေလည်း ရှိတာပါဘဲ ။ ဒါပေမယ့် စိတ်ဆန္ဒ ( will ) ကတော့
ရှိနေရပါမယ် ။ အားထုတ်ချင် ၊ ရှာဖွေချင် ၊ ကြိုးစားချင်တဲ့ စိတ် ၊
အရှုံးမပေးချင်တဲ့ စိတ်ကတော့ ရှိနေရပါမယ် ။
အားထုတ်ကြိုးပမ်းတယ် (
strive ) ဆိုတဲ့ စကားကို ရှေ့တင်ထားတာကို ကျမ ၀မ်းသာမိတယ် ။ ဘယ်လောက်ဘဲ
အားနည်းနေပါစေ ..... ပိုကောင်းမွန်တဲ့အရာတစ်ခုကို ရဖို့
အားထုတ်ကြိုးပမ်းလိုတဲ့စိတ်ဆန္ဒနဲ့ အရည်အချင်း ရှိဖို့လိုပါတယ် ။
ကိုယ်လိုချင်တာကို တွေ့ဖို့ရာအတွက် ကြိုးပမ်းအားထုတ်ရပါတယ် ။
ရည်ရွယ်ချက်မဲ့စွာလုပ်နေတာမျိုး မဖြစ်ရပါဘူး ။ ပန်းတိုင်တော့ရှိရပါတယ် ။
မူတွေ စံတွေလည်း ရှိရပါမယ် ။ ဒီကမ္ဘာကြီးဆီက ကိုယ်ဘာကို လိုချင်တာလဲ ၊
သူများဆီကရော ဘာလိုချင်သလဲ ၊ မိမိကိုယ်တိုင်ဆီကရော ဘာကို လိုချင်တာလဲ ဆိုတာ
သိရပါမယ် ။ ကိုယ့်အသိုင်းအ၀ိုင်းဆီကရော ဘာကို လိုချင်တာလဲ ။ ဒါတွေကို
သိရပါမယ် ။
ကျမအတွက်တော့ Leader ဆိုတာ
အလုပ်အကြွေးပြုချင်တဲ့စိတ်တစ်ခုတည်းနဲ့ မရပါဘူး ။ ဘာကြောင့် serve
လုပ်နေတာလဲဆိုတာလည်း သိရပါမယ် ။ ကိုယ်ဘာအတွက် serve လုပ်နေသလဲဆိုတဲ့
စံတွေလည်း ရှိရပါမယ် ။ နောက်ဆုံးပန်းတိုင်ကိုလည်း သိရပါမယ် ။ ကိုယ်ဘယ်ကို
ဦးတည်သွားနေသလဲဆိုတာလည်း သိရပါမယ် ။ ကိုယ်ဘယ်သွားနေမှန်းမသိရင် နောက်က
လိုက်တဲ့သူတွေက ဘယ်လိုလုပ်သိမှာပါလဲ ။ သိတယ်ဆိုတဲ့နေရာမှာလည်း
တစ်နှစ်အတွက်သာ ၊ နောက်တစ်နှစ်အတွက် ၊ အခု serve
လုပ်နေရတဲ့အချိန်ကလေးအတွက်သာ မဟုတ်ဘဲ အနာဂတ်ရေရှည်မြင်တတ်ရပါမယ် ။
ပန်းတိုင်ရဲ့အလွန်အထိ မြင်တတ်ရပါမယ် ။
ဒီတော့ ကျမအတွက်
အဆုံးစွန်သော ပန်းတိုင်ဟာ အလုပ်အကျွေးပြုခြင်းပါဘဲ ...တစ်နည်းအားဖြင့်
လူသားမျိုးနွယ်ကို အကျိုးပြုစေမယ့် တက်မြက်စူးရှတဲ့အမျှော်အမြင် ( vision )
ပါဘဲ ။ ဘာလို့လည်းဆိုတော့ ကျမတို့တစ်ဦးချင်းစီဟာ ဒီကမ္ဘာကြီးကို
ဖွဲ့စည်းထားတဲ့ လူသားမျိုးနွယ်ထဲမှာ ပါနေတယ်လေ ။
ကျေးဇူးတင်ပါတယ် ။
ဘာသာပြန်မှူယင်းလိပ်စာ http://goo.gl/jLbfK0
အသံဖိုင်နားထောင်ရန် http://goo.gl/QH94Oy
Ref: https://www.facebook.com/d.wave.newsletter/posts/697289033614773
No comments:
Post a Comment