ငယ်ငယ်တုံးက ရွာမှာ ရေကြီးပြီဆို အရမ်းပျော်တာပါပဲ။ ဘာ့ကြောင့်လဲဆိုတော့ ရေကြီးရင် ရွာက မူလတန်းကျောင်း ပိတ်တယ်လေ။ ကျောင်းပိတ်တာ့ လူငယ်သဘာဝ ပျော်ကြတာပါ။ အလယ်တန်းကျောင်းသားဘ၀ရောက်တော့ မြို့ရဲ့ အနောက်ဘက်ကမ်းက အလယ်တန်းကျောင်း (ယခု အ-ထ-က) မှာ တတ်ရပါတယ်။ အဲဒီမှာလဲ ရေကြီးပြီဆို ကျောင်းပိတ်ပါတယ်။ ရေက ကြီးပြီဆိုရင် အနည်းငယ်ကြီးတာ မဟုတ်ပါဘူး။ ကျောင်းသားတွေကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ရေကြီးမှု့မျိုးပါ။ စာသင်ကျောင်း နှစ်ခုစလုံးက ငမိုးရိပ်ချောင်းနဲ့ နီးနေခြင်းကြောင့် ရေတက် ရေကြီးခြင်း ဖြစ်ပါတယ်။ ဒါကတော့ ငယ်ငယ်ကပေါ့။
အနည်းငယ်လူလားမြောက်လာတဲ့ အချိန်ကျတော့ ရန်ကုန်မြို့ကြီးကို ခြေချမိပါတယ်။ မိုးဟေ့ဆိုရင် ရန်ကုန်မှာ နေစရာမရှိတော့ပါဘူး။ ဒူးလောက် ပေါင်လောက်ကို ရောက်တဲ့နေရာအထိကို ရှိပါတယ်။ တော်တော်ဆိုးဝါးတဲ့ အခြေအနေပါပဲ။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကလဲ မြို့ထဲက အမှိုက်တွေကို နိုင်အောင် မကြုံးတာလဲ ပါပါတယ်။ ပြီးတော့ မြို့တော်နေ လူထုနဲ့ ခရီးသွား အများပြည်သူတွေက အမှိုက်တွေကို စည်းကမ်းမဲ့ စွန့်ပစ်ခြင်းကြောင့်လဲ ရေမြောင်းတွေ ပိတ်ဆို့ပြီး ရေကြီးနေခြင်းဖြစ်ပါတယ်။
အဲဒီမိုးရေတွေ ကြားထဲမှာပဲ ပြည်သူတွေက သွား၊ ကားတွေကလဲ စည်းကမ်းမဲ့ မောင်းကြတော့ နောက်ဆက်တွဲ ဆိုးကျိုးကို ချက်ချင်းခံစားရတော့တာပါပဲ။ အဲဒါကတော့ ကံကောင်းစွာဖြင့် ရရှိထားတဲ့ ကတ္တရာလမ်းမတွေ ချိုင့်တွေဖြစ်ပြီး ပျက်ဆီးသွားတာပါပဲ။ ဒီနေရာမှာ ကောင်းစားသွားသူကတော့ လမ်းတံတားဆောက်တဲ့ အင်ဂျင်နီယာတွေပါပဲ။ စကားတစ်ခွန်းတောင် ကျန်ရှိပါသေးတယ်။ ရေကြီးရင် အေအီးပျော်တယ်တဲ့။ ဒါကတော့ ရန်ကုန်ဝန်းကျင်လောက်ကိုသာ ရေးသားတင်ပြခြင်း ဖြစ်ပါတယ်။တကယ်တော့ မြန်မာပြည်တစ်ဝှမ်းလုံးမှာ ဆိုရင်တော့ မိုးဟေ့ဆိုရင် တော်တော်ဒုက္ခရောက်ရတာ မြန်မာပြည်သူပြည်သားတွေ အသိဆုံးပါပဲ။
ဟိုတလောက စာရေးသူနေတဲ့ ဆစ်ဒနီမြို့မှာ မိုးကြီးကြီး ရွာလိုက်တာ တစ်ချို့လမ်းတွေ ပိတ်ရတဲ့ အဆင့်ထိကို ရောက်သွားပါတယ်။ သေချာလေ့လာကြည့်လိုက်တော့ မိုးရွာလို့ ပိတ်ထားရတဲ့ ၇၅-ရာခိုင်နှုန်းလောက်သောလမ်းတွေမှာ ရေက ခြေကျင်းဝတ်လောက်ပဲ မြုပ်နိုင်လောက်တဲ့ မိုးရေပဲ ရှိတာပါ။ ရေးကြီး ခွင်ကျယ်လုပ်လို့ပေါ့။ ဒီလောက်တော့ ကျုပ်တို့ ရန်ကုန်မိုးရဲ့ ပုံမှန်ရွာလို့ လမ်းထဲရေ၀င်တာက ရီတာပေါ့။
ဒါကြောင့်မို့လဲ တစ်ချို့ကိစ္စတွေအပေါ်မှာ သြစီက သက်ဆိုင်ရာတွေရဲ့ ကိုင်တွယ်ပုံကို အေးရှသားတွေရဲ့ အမြင်မှာ တော်တော်သဲတယ်လို့ ထင်ရပါတယ်။ အဓိကကတော့ ဒီသြစီမှာ အန္တရာယ်ကင်းရှင်းရေး (SAFETY FIRST) ကို
တော်တော်လေးကို အဓိကထားပါတယ်။ လူကို အရမ်းအလေးထားပါတယ်။ လူ့ရဲ့
အသက်အန္တရာယ်ကျရောက်မှာကို ကာကွယ်ပေးပါတယ်။ ဥပမာပြောရရင် ကားချင်းတိုက်တယ် ဆိုပါတော့၊ ရဲကို ခေါ်လိုက်ရင် ရဲကလာပါတယ်။
ပြီးတော့ လူဘာဖြစ်သေးလဲ မေးတယ်။ လူဘာမှ မဖြစ်ရင် ရဲက လှဲ့ပြန်သွားပါတယ်။
ပစ္စည်းတွေ ပျက်စီသွားတာကို လှည့်ကို မကြည့်ပါဘူး။ ကားပျက်ဆီးမှု့ကိုတော့ သက်ဆိုင်ရာ အာမခံဌာနနဲ့ ဖြေရှင်းလိုက်ရုံပါပဲ။ ဒါကတော့ လူကို တန်ဖိုးထားပုံလေးပါ။
ဒါကြောင့် ဒီသြစီမှာ ရေစီရေလာ ကောင်းအောင် ဘယ်လိုဆောင်ရွက်ထားသလဲ၊ ပြည်သူတွေကို ရေဘယ်လို ပေးဝေသလဲ၊ အသုံးပြုပြီးတဲ့ စွန့်ပစ်ရေတွေကို ဘယ်လို ပြန်ပြီးတော့ အသုံးပါသလဲ၊ မီးဘေးအန္တရာယ်ဖြစ်လာရင် မီးသတ်ကားတွေအတွက် လိုအပ်တဲ့ ရေရရှိဖို့ ဘယ်လိုဆောင်ရွက်ထားသလဲ- စသဖြင့် စသဖြင့် နည်းပညာတွေကို မြန်မာပြည်က သက်ဆိုင်သော ဌာနဆိုင်ရာများအနေဖြင့် လေ့လာ သင်ယူပြီး မိုးရာသီမှာ ဖြစ်နေတဲ့ ဒုက္ခတွေကို ဖြေရှင်းသင့်ပါကြောင်း။
ရေကြီးရင် အေအီး တစ်ယောက်သာ မပျော်စေပဲ၊ အေအီးအပါအ၀င် ပြည်သူအားလုံး ပျော်ရွှင်နိုင်ပါစေလို့။
မတူတာလေးတွေကို ပြောပါတယ်။
မောင်နေခြည် (လှည်းကူး)
No comments:
Post a Comment