ယာဉ်ကြောကျပ်တည်းမှုနှင့် လမ်းကြောင်းပိတ်ဆို့မှု လျော့ကျစေရန် ဘုရင့်နောင် အဝေးပြေးကုန်စည်ဒိုင်အား လှည်းကူးမြို့သို့ ပြောင်းရွှေ့မည် ဖြစ်ကြောင်း 'အဝေးပြေးကုန်စည် ပို့ဆောင်ရေး ၀န်ဆောင်မှုလုပ်ငန်း ရှင်များအသင်း'မှ သတင်းရရှိသည်။
ဘုရင့်နောင် အဝေးပြေး ကုန်စည်ဒိုင်၌ ၁၂ ဘီးယာဉ်မှ ၂၂ ဘီး ကုန်တင်ယာဉ် တွဲကားများအထိ ၀င်းအတွင်း ၀င်/ထွက်သွားလာမှုများ ရှိသည့်အပြင် ကုန်စည်ဒိုင်အပြင် ဘက်အနီးယာဉ်များ စည်းကမ်းမဲ့ ရပ်နားခြင်းနှင့် ခုံးကျော်တံတား တည်ဆောက်ခြင်းများကြောင့် ယာဉ်ကြောပိတ်ဆို့မှုများမှာ ယခင်ထက် သုံးဆခန့် မြင့်တက်လာနေကြောင်း၊ သို့ဖြစ်၍ ကုန်တင်ယာဉ်များ အဆင်ပြေစွာ ရပ်နားနိုင်ပြီး ကုန်တင်ကုန်ချ ပြုလုပ်နိုင်ရန် လှည်းကူးမြို့သို့ ပြောင်းရွှေ့မည် ဖြစ်ကြောင်း၊ လက်ရှိတွင် ကုန်စည် ဒိုင်ပြောင်းရွှေ့ရန် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA) မှ စစ်တမ်းကောက်ယူမှုများနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
"JICA က လာဆွေးနွေးတယ်၊ ဒီနေရာမှာ ယာဉ်ကြော ဒီလောက်ကျပ်နေတာက ကုန်တင်ယာဉ်တွဲကားတွေ ၀င်၊ ထွက်ရပ်နားတာ နဲ့ စည်းကမ်းမဲ့ ယာဉ်တွေကြောင့်လို့ ရှင်းပြတယ်၊ အသင်းအနေနဲ့လည်း လက်ခံတယ်၊ ဒါပေမဲ့ ပွဲရုံပိုင်ရှင်တွေ အနေနဲ့ ၀င်းအတွင်းနေထိုင်သူတွေ ရဲ့ သဘောထားလည်း ရှိသေးတယ်၊ သူတို့ ဘယ်လိုဖြစ်စေချင်လဲ မသိသေးဘူး၊ ယာဉ်ကြော ကျပ်တာ သက်သာမယ်၊ ကုန်တင်ယာဉ်တွေလည်း အဆင်ပြေပြေသွားလာနိုင်မယ်ဆိုရင် ကုန်စည်ဒိုင်တွေကို လှည်းကူးမှ မဟုတ်ပါဘူး ဘယ်နေရာမဆို ပြောင်းနိုင်ပါတယ်"ဟု အသင်းမှ တွဲဖက်အတွင်းရေးမှူး ဦးကိုကိုနိုင်က ပြောသည်။
ကုန်စည်ဒိုင်ပြောင်းရွှေ့ရန် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA) မှ စစ်တမ်းကောက်ယူမှုများနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်လျက်ရှိ ပြီး ၀င်းအတွင်းနေထိုင်သူများ၏ သဘောတူညီမှုရရှိပါက ကုန်စည်ဒိုင်အား လှည်းကူးမြို့သို့ ပြောင်းရွှေ့ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
အသစ်ပြောင်းရွှေ့မည့် ကုန်စည်ဒိုင်အား နှစ် ၄၀ စီမံကိန်းဖြင့် ဆောင်ရွက်ရန် စီစဉ်ထားပြီး ယခုနှစ်မှ စတင်ကာ ၂၀၁၈ ခုနှစ်တွင် အပြီးသတ် တည်ဆောက်မည် ဖြစ်ကြောင်း၊ JICA အဖွဲ့အနေဖြင့် နည်းပညာပိုင်း ဆိုင်ရာများအပြင် အခြားလိုအပ်သည်များကိုလည်း ကူညီသွားမည်ဖြစ်ကြောင်း သိရသည်။

Ref: https://www.facebook.com/automobilejournal.mm?directed_target_id=0
No comments:
Post a Comment