မြန်မာပြည်မှာနေတုံးက ရွာမှာ မိုးရွာပြီဆိုရင်
ခလေးသဘာဝ မိုးရေထွက်ချိုးတယ်။ အပေါင်းအသင်းတွေ စုံပြီဆိုရင်တော့ ရေကြီးတဲ့နေရာတွေမှာ
ရေသွားကူးတတ်ကြပါတယ်။ ဒါပေမယ့် စာရေးသူကတော့ ရေမကူးတတ်ပါဘူး။ အဖေါ်ကောင်းလို့သာ လိုက်သွား
တတ်ခြင်းဖြစ်ပါတယ်။ သူငယ်ချင်းတွေ ရေကူးတာကို ကုန်းပေါ်ကနေပဲ ကြည့်နေတတ်ပါတယ်။ စာရေးသူတို့အိမ်က
ဓနုံးမိုးဆိုတော့ ညဘက်မိုးရွာရင် မိုးစက်က ဓနုံးပေါ်ကျတဲ့ အသံလေးတွေက တဖျောက်ဖျောက်နဲ့
တယ်ပြီးတော့ ကွေးလို့ကောင်းတာပါပဲ။ ဖားဂုံညင်းတွေကလဲ ဘာအော်သလဲ မမေးပါနဲ့။
ဒါပေမယ့် မိုးရာသီကို အခြားရာသီတွေထက်တော့
အကြိုက်နည်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆင်းရဲတဲ့ မိသားစုနေ ပေါက်ဖွားလာသူဆိုတော့ အ၀တ်အစား
သိပ်များများစားစား မရှိလှပါဘူး။ ကျောင်းတက်တော့လဲ ထီးက အကျိုးနဲ့ အပေါက်ပါပဲ။ မိုးရွာရင်
အားကြီးစိတ်ပျပ်ပါတယ်။ ဆရာတော်ဝယ်ပေးတဲ့ ခမောက်ပဲရှတာဆိုတော့လေ။ ဆွမ်းခံက ပြန်လာပြီဆိုရင်
ဘောင်းဘီ အကျီ င်္ကို ချွတ်ပြီး မီးပူပူမှာ ခြောက်အောင် လှမ်းရတာပါ။ ငယ်ငယ်က အကြောင်းတွေကို
ပြန်စဉ်းစားရင် တော်တော်လေးကို လွမ်းမောဖွယ်ရာပါပဲ။
ရွာမှာတော့ မိုးရွာပြီ ဆိုရင်
တက်နိုင်တဲ့သူက အုတ်ကန်နဲ့ မိုးရေလှောင်ကြတယ်။ မတက်နိုင်တဲ့သူတွေကတော့ ပုံးတွေ ခွက်တွေနဲ့
ထည့်ထားတတ်ကြတာပါပဲ။ မိုးရေကို ဒီအတိုင်းလဲ သောက်ကြပါတယ်။ ကြိုချက်ပြီးတော့လဲ သောက်ကြပါတယ်။
မိုးရေ နဲ့ မြန်မာပြည်ဟာ ခွဲခြားလို့ကို မရစကောင်းပါဘူး။ မိုးရေကို သုံးစွဲရတာ သောက်သုံးရတာဆိုတာ
စာရေးသူတို့ မြန်မာလူမျိုးတွေ အတွက် သိပ်ပြီးတော့ မထူးဆန်းပါဘူး။
ဒီသြစတေးလျနိုင်ငံမှာကျတော့ သြစီတွေက
မိုးရေရဲ့ အသုံးဝင်ပုံကို သိပ်ပြီးတော့ သိပုံမရပါဘူး။ တစ်ချို့တစ်လေတော့ မိုးရေကို
သုံးကြပါတယ်။ မိုးရေသုံးတဲ့ သူတွေကလဲ သူတို့နေထိုင်တဲ့ အိမ်ခြံတံခါးမှာ “Rain
water in use” (မိုးရေကို အသုံးပြုသည်) ဆိုတဲ့ စာတမ်းလေးကို ကပ်ထားတာကို တွေ့နိုင်ပါတယ်။
မတူတာလေးတွေကို ပြောပါတယ်။
မောင်နေခြည် (လှည်းကူးမြေ)
No comments:
Post a Comment