Thursday, 14 November 2013

မတူတာလေးများ အပိုင်း-၂၃ (သို့) ဘုန်းကြီးတွေ ဘာကြောင့် ခေါင်းတုံးရိတ်တာလဲ / မောင်နေခြည် (လှည်းကူး)

စာရေးသူဟာ ဆစ်ဒနီမှာ ကျောင်းတက်နေသူ ဖြစ်ပါတယ်။ အတန်းဖေါ် နှစ်ဆယ်ကျော်လောက်ရှိပါတယ်။ အဲဒီထဲကမှာမှ ကိုးကွယ်တဲ့ ဘာသာတူတာဆိုလို့ စာရေးသူ နဲ့ ဗီယက်နမ်အမျိုးသမီးတစ်ယာက်ပဲ ရှိပါတယ်။ ကျန်သူတွေက ဘာသာခြားများဖြစ်ပါတယ်။ စာရေးသူဟာ ရဟန်းတော်တစ်ပါး ဖြစ်နေတာကြောင့် အုပ်စုထဲမှာတော့ ထူးခြားတယ်လို့ ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ခေါင်းမှာ ဆံပင်မရှိလို့ပါပဲ။

အဲဒီလို ဆံပင်မရှိခြင်းသည်ပင်လျှင် စာရေးသူကို သူတို့ကြားမှာ ပေါ်ပျူလာဖြစ်လာစေပါတယ်။ မနက်ပိုင်းခေတ္တခဏနားချိန် (သို့) နေ့လည်စာစားချိန်တွေမှာ ဘာသာရေးအကြောင်းဆွေးနွေးကြပါတယ်။ သူတို့ကလဲ တော်တော် အမေးအမြန်း ထူကြပါတယ်။

ဒီတစ်ပတ်မှာ သူတို့မေးတဲ့မေးခွန်းက- မင်းတို့ဘုန်းကြီးတွေ ဘာကြောင့် ကတုံးရိတ်ထားကြတာလဲ....တဲ့။
စာရေးသူကလဲ ဒီလို တိုတိုပဲ ပြန်ဖြေလိုက်ပါတယ်။ အလုပ်ရှုပ်သက်သာအောင်လို့.......ဟု။

ဒါပေမယ့် မေးတဲ့သူတွေက ဒီနေရာမှာ ရပ်မနေပဲ မေးခွန်းက ထပ်တိုးလာပါတယ်။ ဘယ်လိုအလုပ်တွေ သက်သာတာလဲတဲ့။ ဒီမေးခွန်းရဲ့ အဖြေကိုတော့ အရှင်နာဂသိန်လောင်းလျာလေးက မေးလို့ အရှင်ရောဟနမထေရ်က ဖြေကြားထားခဲ့တဲ့ ဆံပင်မှာ ဗလိဗောဓ ကြောင့်ကြဖွယ်အပြစ် ၁၆ ပါးရှိကြောင်း ဖြေကြားတဲ့ စကားတော်ကို ကိုးကားပြီး ဖြေခဲ့ရပါတယ်။ အဲဒီလို ဖြေကြားမှပဲ သူတို့လက်ခံသွားပါတယ်။

စာရေးသူ ကိုးကားပြီး ပြောခဲ့ရတဲ့ (အရှင်နာဂသိန်မထေရ်လောင်းလျာ သူငယ်လေးက မေးလို့ အရှင်ရောဟနမထေရ်က ဖြေကြားထားခဲ့တဲ့) ဆံပင်မှာ ဗလိဗောဓ ကြောင့်ကြဖွယ်အပြစ် ၁၆ ပါးဆိုတာကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

(၁)ဆံပင်ကို တန်ဆာဆင်ရခြင်း။

(၂) ပြေပြစ်ချောမွေ့အောင် ပြုပြင်ရခြင်း၊ (ယခုခေတ်လိုပြောရရင်တော့ ဆံပင်ဖြောင့်ခြင်း ကောက်ခြင်းပေါ့)။

(၃)ဆီလိမ်းရခြင်း။

(၄)ခေါင်းလျှော်ရခြင်း။

(၅)ပန်းပန်ရခြင်း။

(၆)ခေါင်းလိမ်းဆီမွှေးသုတ်လိမ်းရခြင်း။

(၇)ခေါင်းလျှော်ရန် ကင်ပွန်းသီး ဆီ စသည်တို့ဖြင့် (ထုံရ)နှဲရခြင်း။

(၈)သဖန်းခါးသီးရှာရခြင်း။

(၉)သျှစ်သျှားသီးရှာရခြင်း။

(၁၀)ဆံပင်နက်အောင် ဆေးဆိုးရခြင်း။

(၁၁)ဦးသျှောင်ထုံးရခြင်း။

(၁၂)ဘီးဖြင့် ဖြီးရခြင်း။

(၁၃)ပြုပြင်ရခြင်း။

(၁၄)ထုံးပြီး ဦးသျှောင်ကို အခါအားလျှော်စွာပြန်ပြင်ရခြင်း။

(၁၅)သန်းရှာခြင်း၊

(၁၆)ဆံပင်ကျွတ်ခဲ့သော် ပြတ်ခဲ့သော် စိုးရိမ်ရခြင်း၊ ပင်ပန်းရခြင်း၊ငိုကြွေးမြည်တမ်းရခြင်း၊ရင်ဘတ်စည်တီးရခြင်း ညည်းတွားရခြင်း လွန်စွာတွေဝေရခြင်းတို့ဖြစ်ပါကြောင်း။




မတူတာလေးတွေကို ပြောပါတယ်။
 

မောင်နေခြည် (လှည်းကူးမြေ) 

No comments: