Friday, 8 November 2013

တောကဟာသများ-အပိုင်း-၂၂ (သို့) ကနေဒါမှာ ပျော်တယ်ဆိုတဲ့ မောင်ရယ် မောင်ရယ်

အလုပ်တွေရှုပ်နေလို့ ဟာသလေးတွေကို မရေးတာကြာလှပေါ့။ ဒီနေ့တော့ စိတ်ကူးပေါက်လို့ လှည်းကူးနယ်ထဲက ဟာသလေးတစ်ခုကို သွားပြီး သတိယမိပါတယ်။ အဲဒါကတော့....

တခါက လှည်းကူးမြို့နယ်ထဲက ရွာတစ်ရွာမှာ ညီအကိုနှစ်ယောက်ရှိပါတယ်။ အကိုနာမည်က ကိုးစိုး၊ ညီရဲ့နာမည်က ကိုမိုး- ပါ။ အသက်တွေ လေးဆယ်သာကျော်လာတယ် သူတို့ညီအကိုနှစ်ယောက်က တည့်တယ်လို့ကို မရှိပါဘူး။ အစ်ကိုက ညီရဲ့ မကောင်းကြောင်းပြောတယ်။ ညီက အကိုရဲ့ မကောင်းကြောင်းပြောပါတယ်။ ဒီလို တည့်တဲ့ ညီအကိုပါ။ နှစ်ယောက်စလုံးလဲ အိမ်ထောင်မရှိကြပါဘူး။ အိမ်ထောင်မရှိတော့ ကြောင်ကြတာပေါ့။

 ညီဖြစ်သူက မဆလလက်ထက်ဖြစ်တာကြောင့် ပါတီယူနစ်မှာ ပြာတာလုပ်ပါတယ်။ ဟိုစပ်စပ် ဒီစပ်စပ်ပါပါတယ်။  ကြောင်တာကတော့ သူ့ရွာမှာ စာလာသင်ပေးတဲ့ ဆရာမ အပျိုကြီးများကို ကြောင်ပါတယ်။ အကိုလုပ်သူကတော့ လှည်းကူးမြို့ကိုတက်ပြီး ယောင်ခြောက်ဆယ် လုပ်တတ်ပါတယ်။ ထူးခြားတာကတော့ သူတို့ညီအကို နှစ်ယောက်ဟာ စကားပြောရာမှာ လေလုံးထွားထွားနဲ့ ပြောတတ်တာပါပဲ။

တစ်နေ့တော့ အကိုဖြစ်သူ ကိုစိုးဟာ လှည်းကူးမြို့တက်ပြီး ကားတစ်စီးငှားပြီး ရွာကနေ အထုပ်တွေ ပြန်ယူပါတယ်။ ရွာကလူတွေကိုလဲ ကနေဒါနိုင်ငံကို သွားမည့်အကြောင်း၊ နှစ်လလောက်ကြာမည့်အကြောင်းပြောပြီး ကားမောင်းထွက်သွားပါတယ်။ သူပြောခဲ့တဲ့ စကားအတိုင်း နှစ်လလောက်ကြာတော့ ရွာကို ပြန်ရောက်လာပါတယ်။ ငှါးလာတဲ့ကားတံခါးကိုတောင် ခြေထောက်နဲ့ ပိတ်တဲ့သူပါ။ ကနေဒါကနေ သူပြန်လာတယ်ပေါ့။

ညီဖြစ်သူ ကိုမိုးကလဲ အားကျမခံ သူလဲ အညာကို သွားရောက်လည်ပတ်ပါတယ်။ အညာ ငတရော် မှာ သူ့အဖေဦးရွှေဘက်က ဆွေမျိုးတွေရှိပါတယ်။ ကိုမိုးကြီးက အညာရောက်တယ်ဆိုရင် အညာကဆွေမျိုးတွေကို ကူညီပေးပါတယ်။ အလုပ်တွေ ၀ိုင်းကူလုပ်ပေးပါတယ်။

အဲဒီအခါမှာ အညာက အမျိုးတွေက ကိုမိုးကို အောက်ပါအတိုင်းပြောပါတယ်။

" ဟိုတစ်လောက ဒီကိုလာလည်သွားတဲ့ မောင်ရွှေသား အကြီး ကိုစိုးကတော့ ငါတို့ကို ၀ိုင်းကူပြီး မလုပ်ပေးတဲ့အပြင် ရွာက ကျောင်းဆရာမလေးကိုတောင် ကြောင်သွားသေးတယ်။ မင်းကမှ ငါတို့ကို ကူလုပ်ပေးသေတယ်။"- ဟု။

အဲဒီလိုပြောလိုက်မှ သူ့ရဲ့အကို ဖြစ်သူဟာ ကနေဒါသွားမယ်-ဟု ရွာမှာ ကြွားသွားပြီး အညာလာပြီး ကျောင်းဆရာမလေးကို လာကြောင်သွားကြောင်း သဘောပေါက်သွားပါတော့တယ်။ ဒီလိုနဲ့ စိတ်ထဲမှာ သူ့အကိုကို မကျေမနပ်ဖြစ်ပြီး အညာကနေ လှည်းကူးကို ပြန်လာပါတယ်။ ရွာရောက်တော့ သူအကိုကို စောင်းချိပ်ပြီး သီချင်းတစ်ပုဒ်ကို ထပ်ခါထပ်ခါ ဆိုပါတော့တယ်။

" ကနေဒါမှာ ပျော်တယ်ဆိုတဲ့ မောင်ရယ် မောင်ရယ်.... ကနေဒါကို သွားမှာလား......ဆရာမလေးကို ကြိုက်မှာလား.......ခွဲခွဲခြားခြား ပြောပါမောင်ရယ်"- ဟု။
(မှတ်ချက်။ ။ သီချင်းကို ချိုပြုံးသီချင်း အလိုက်အတိုင်း သီဆိုပါတယ်)

သီချင်းသံကို ကြားရတော့ အကိုလုပ်တဲ့သူလဲ ဒေါသထွက်ပြီး ညီဖြစ်သူကို လိုက်ရိုက်ရာ ကိုမိုးကြီးခမျာ အညာကို ထွက်ပြေးရတဲ့အထိဖြစ်သွားပါတယ်။

အဲဒီရွာမှာတော့ ကိုမိုးကြီးသီဆိုတဲ့ သီချင်းလေးကတော့ တော်တော်ပျံ့လွင့်ဆဲပါပဲ။
" ကနေဒါမှာ ပျော်တယ်ဆိုတဲ့ မောင်ရယ် မောင်ရယ်.... ကနေဒါကို သွားမှာလား......ဆရာမလေးကို ကြိုက်မှာလား.......ခွဲခွဲခြားခြား ပြောပါမောင်ရယ်"- ဟု။

မောင်နေခြည် (လှည်းကူးမြေ)





No comments: