Friday, 4 April 2014

လှည်းကူးနဲ့ သင်္ဃန်းကျွန်း သစ်တော ၀န်ထမ်းအချို့ မင်းမဲ့စရိုက်ဆန်နေပြီလား(Nyunt Hlaing)

၂၅.၃.၂၀၁၄ နေ့လယ် ၂ နာရီခန့်က ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၀/၇) သာယာကုန်းကျေးရွာ အနီးတွင် ချောက်မြို့နယ်ဘက်မှ ရန်ကုန်ဘက်သို့ အမှတ် (၁၁၆) ဒါရ်ခါရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ သန်လျင်မြို့နေ ယာဉ်မောင်း ဦးမြတ်စိုး၊ ၃၈ နှစ် (ဘ) ဦးလှအုန်း မောင်းနှင်လာသော ဘုရားဖူးခရီးသည် ကျား(၄) ဦး၊ မ (၅) ဦး တင်ဆောင်လာသည့် Super Custom (ခဲရောင်) ကို သင်္ဃန်းကျွန်းမြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးခင်မောင်ရွှေပါ ၀န်ထမ်း (၆) ဦးနှင့် လှည်းကူးမြို့နယ် ၊ သစ်တော ဦးစီးဌာနမှ တောအုပ် ဦးအေးသောင်းပါ ၀န်ထမ်း (၅) ဦးတို့က တုတ်များ၊ လေးဂွများဖြင့် တားဆီးခဲ့သည့် ဖြစ်စဉ်တစ်ရပ် ဖြစ်ပွားခဲ့ကြောင်း ခိုင်လုံသည့် သတင်းရပ်ကွက်မှ သတင်းရရှိသည်။
ဘုရားဖူးယာဉ် မောင်းနှင်လာသူ ဦင်္းမြတ်စိုးသည် တုတ်များ၊ လေးဂွများ ကိုင်ဆောင်ထားသော လူအုပ်ကို လုယက်သူများဟု ယူဆပြီး ရပ်တန့်မပေးပဲ ဆက်လက် မောင်းနှင်သွားရာ မိုင်တိုင်အမှတ် (၀/၃) အရောက်တွင် ထိုလူအုပ်ထဲမှ လေးဂွများဖြင့် ပစ်ခတ်သဖြင့် ကားဘေးနှင့်နောက် လေကာမှန်များ ကွဲကုန်သည်ဟု ဆိုသည်။
တုတ်များ၊ လေးဂွများ ကိုင်ဆောင်ထားသည့် သင်္ဃန်းကျွန်းမြို့နယ်နှင့် လှည်းကူးမြို့နယ်တို့မှ သစ်တော ဦးစီးဌာန လူအုပ်၏ ပိတ်ဆို့ တားဆီးမှုကြောင့် ကားကို ရပ်တန့်ပေးခဲ့ရာ ထိုလူအုပ်က ကားအတွင်းသို့ စစ်ဆေးခဲ့သည်။ ထိုလူအုပ်တွင်လည်း ကားများပါလာကြောင်း သိရသည်။
ယင်းဖြစ်စဥအား ဘုရားဖူး ခရီးသည်များက မကျေနပ်သောကြောင့် အမှတ် (၃) လမ်းဆုံရှိ အမြန်လမ်း ရဲတပ်ဖွဲသို့ တိုင်ကြားခဲ့ရာ စခန်းမှူး ဒုရဲမှူး ခင်မောင်အေးက လှည်းကူးမြို့နယ် သစ်တောဦးစီးမှူးကို ခေါ်ယူမေးမြန်းခဲ့ရာ တရားမ၀င်သစ်များ သယ်ဆောင်လာသည်ဟု ယူဆကာ မှားယွင်းတားဆီးမှု ဖြစ်သွားရ ပါသည်ဟု ပြောကြောင်း သိရသည်။
နောက်ဆက်တွဲ သတင်းများအရ ဘုရားဖူးအဖွဲ့နှင့် မည်သို့ညှိနှိုင်း ပြေလည်မှု ရသွားသည်မသိ ကြေအေးမှု ရသွားပြီး အမှု ဆက်လက်ဖွင့်လှစ်ခြင်း မပြုတော့ကြောင်း သိရသည်။ လှည်းကူးမြို့နယ်မှ တာဝန်ရှိသူ ၀န်ထမ်း တစ်ဦးက “အလျော်အစားတော့ ရှိမှာပဲ။ သစ်တောက ဘယ်လောက် ကုန်သွားလည်း မသိဘူး။” ဟု သုံးသပ် ပြောကြားသည်။
လှည်းကူးမြို့နယ်တွင်းရှိ ဖောင်ကြီး၊ မင်းကုန်း၊ ပန်းတောကုန်း၊ မရမ်းချောင်းတို့မှ သတင်းများအရ ထိုနယ်တစ်ကြောတွင် တရားမ၀င်သစ် လုပ်ငန်းများ လုပ်ကိုင်နေကြပြီး သစ်တောနှင့် အပေးအယူများ ရှိလိမ့်မည်ဟု ထင်ကြောင်း ပြောဆိုကြသည်ကိုလည်း ကြားသိခဲ့ရသည်။
“သစ်ကားတစ်စီး ထွက်ရင် သစ်တောကို (၇၀၀၀၀) ပေးရတယ်။” ဟု ထိုလောကနှင့် ပတ်သက်နေသူ တစ်ဦးကလည်း သူ့အတွေ့အကြုံကို ပြောပြသည်။
ဒေသခံ တစ်ဦးကလည်း “နေ့ရော ညရော သစ်ကား၊ ၀ါးကား၊ ထင်းကားတွေ ထွက်နေတာပဲ။ ထင်းကား၊ ၀ါးကားဆိုပေမယ့် အထဲမှ သစ်ပါတယ်။ နောက်က အဲဒီကားတွေက လိုက်ပြီး ရှေ့က ဆိုင်ကယ်နဲ့ အရင်သွားနှင့်ပြီး ဂိတ်တွေ ရေ၀င်လောင်းပြီး ထွက်နေတာပဲ။” ဆိုသည်။
၂၉.၃.၂၀၁၄

No comments: