Wednesday, 2 April 2014

ကမ္ဘာ့သာသနာပြု ပီနန်ဆရာတော်ဘုရားကြီး၏ အတ္ထုပ္ပတ္တိအကျဉ်း (ရေးသားတင်ပြသူ-Daweian Monk)


ကမ္ဘာ့သာသနာပြုပီနန်ဆရာတော်ဘုရားကြီးကို မြန်မာနိုင်ငံ၊ ၀ါးခယ်မမြို့၌ ခရစ်နှစ် ၁၉၂၈၊ ဇန်န၀ါရီလ ၁၀ ရက်နေ့တွင် ဖွားမြင်တော်မူခဲ့ပါသည်။ အသက် ၁၄ နှစ်အရွယ် တွင် ရှင်သာမဏေပြုပြီး ၁၉၄၈ ခုနှစ်တွင် မြင်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိ တော်မူခဲ့ပါသည်။ ဆရာတော်ဘုရားကြီးသည် မန္တလေးမြို့၊ ရန်ကုန်မြို့နှင့် ၀ါးခယ်မမြို့ များရှိ ထင်ရှားသောဆရာတော်များထံတွင် ဗုဒ္ဓစာပေများကို လေ့လာဆည်းပူးခဲ့ပါသည်။
၁၉၅၃ ခုနှစ်တွင် သာသနဓဇသိရီပ၀ရဓမ္မာစရိယဘွဲ့ကို ရရှိအောင်မြင်တော်မူခဲ့သည်။

ဆရာတော်ဘုရားကြီးသည် ကိုကိုးကျွန်းသို့ ကြွရောက်ပြီး သာသနာပြုတာဝန်များ ထမ်းဆောင်ခဲ့သည်။ ထို့နောက် သီရိလင်္ကာနိုင်ငံသို့ ကြွရောက်သာသနာပြုခဲ့သည်။ ထို့နောက် အိန္ဒိယနိုင်ငံ၊ အန်ဒမန်ကျွန်းသို့ သာသနာပြုရန် ဆက်လက်ကြွရောက်ခဲ့ပြန် သည်။ ထိုကျွန်းတွင် ‘ အက်ဒမန်ဗုဒ္ဓသာသနာပြုအသင်း ( Andaman Buddhist Mission) ကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ပြီး မြတ်ဗုဒ္ဓသာသနာပြန့်ပွါးရေးအတွက် ဓမ္မသင်တန်းများပြုလုပ်ခြင်း၊ ၀ိပဿနာတရားများဟောပြောပြသခြင်းစသော သာသနာပြုတာဝန်များကို ကြိုးပမ်းဆောင်ရွက်တော်မူခဲ့သည်။
ထို့နောက် ၁၉၆၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ မဒရပ်မြို့အခြေစိုက် တောင်အိန္ဒိယ ဗုဒ္ဓဘာသာအသင်း (South India Buddhist Association)၏ ပင်မဌာနချုပ်နှင့် အသင်းခွဲပေါင်း ၁၃ ခုကို စီမံကွပ်ကဲလျှက် သာသနာပြုလုပ်ငန်းများကို ထမ်းဆောင်တော်မူခဲ့သည်။
ဆရာတော်ဘုရားကြီးသည် ၁၉၆၅ ခုနှစ်မှ ၁၉၆၉ ခုနှစ်အထိ ရန်ကုန်မြို့၊ အောင်မင်္ဂလာသိဒ္ဓိစာသင်တိုက်တွင် ပရိယတ္တိစာပေများကို သင်ကြားပို့ချပေးခဲ့သည်။ ၁၉၇၀ ခုနှစ်တွင် မြန်မာအစိုးရက မလေးရှားနိုင်ငံ၊ ပီနန်ကျွန်း၊ ဓမ္မိကာရာမမြန်မာကျောင်းတိုက်ကို ဆက်ခံရန်အတွက် သာသနာပြုစေလွှတ်ခြင်း ခံခဲ့ရသည်။ မလေးရှားနိုင်ငံတွင် ၁၉၇၀ ခုနှစ်မှ ၁၉၇၉ ခုနှစ်အထိ မလေးရှားဗုဒ္ဓဘာသာလူငယ်များအသင်း (Youth Buddhist Association of Malaysia) ၏ သြ၀ါဒါစရိယတာဝန်နှင့် မလေးရှားဗုဒ္ဓဘာသာစာမေးပွဲ ပုစ္ဆကတာဝန်များကို ထမ်းဆောင်ခဲ့ပါသည်။

ဆရာတော်ကြီးသည် တနင်္ဂနွေ ဗုဒ္ဓဘာသာသင်တန်းကျောင်း (Sunday Buddhist Institute) ကို တည်ထောင်ဖွင့်လှစ်ပြီး ဗုဒ္ဓဘာသာတရားတော်များနှင့် သမထ၊ ၀ိပဿနာတရားများကို သင်ကြားပေးခဲ့သည်။

၁၉၇၉ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယား၊ လော့စ်အိန်ဂျယ်လိစ် မြို့သို့ ကြွရောက်ပြီး မြန်မာဗုဒ္ဓဘာသာကျောင်းကို အောင်မြင်စွာ တည်ထောင်ဖွင့်လှစ် ခဲ့ပါသည်။ ထိုအချိန်က ဆရာတော်ကြီးသည် လော့စ်အိန်ဂျယ်လိစ်မြို့ရှိ အရှေ့တိုင်းလေ့လာရေးတက္ကသိုလ်တွင် ကထိကဆရာတော်တစ်ပါးအဖြစ် ဆောင်ရွက်ပေးတော်မူခဲ့သည်။ တောင်ပိုင်း ကာလဖိုးနီးယားပြည်နယ်၊ သံဃာ့သမဂ္ဂအဖွဲ့၏ ဒုတိယဥက္ကဌဆရာတော်အဖြစ် ရွေးချယ်ခံခဲ့ရသည်။
ဆရာတော်ကြီးသည် မဆုတ်မနစ်သော ဇွဲလုံ့လ၀ီရိယများဖြင့် ၁၉၈၅ ခုနှစ်၊ မေလ၊ ၁၅ရက်တွင် အပြည်ပြည်ဆိုင်ရာမြန်မာသံဃသာမဂ္ဂီအဖွဲ့ (International Burmese Buddhist Sangha Organization) ကို မလေးရှားနိုင်ငံ၊ ပီနန်းမြို့၌ အောင်မြင်စွာဖွဲ့စည်းနိုင်ခဲ့သည်။ ၁၉၈၅ ခုနှစ်၊ ဇွန်လ၊ ၁၄ ရက်တွင် စင်္ကာပူနိုင်ငံရှိ ဗုဒ္ဓဘာသာအသင်းအဖွဲတစ်ခု၏ တိုက်တွန်းတောင်းပန်မှုဖြင့် ကျောင်းတိုက်တစ်ခုဆောက်လုပ်ရန် ဗုဒ္ဓဘာသာအသင်းအဖွဲ့တစ်ခုကို စည်းရုံးဖွဲ့စည်းပေးတော်မူခဲ့သည်။
၁၉၈၆ ခုနှစ် သြစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့တွင် ဗုဒ္ဓဘာသာကျောင်းတကျောင်း၊ ၁၉၈၇ ခုနှစ်တွင် အမေရိကန်နိုင်ငံ၊ ချီကာဂိုမြို့တွင် ဗုဒ္ဓဘာသာကျောင်းတစ်ကျောင်း၊ ထို့နောက် နှစ်များမကြာမီအတွင်း ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့တွင် မဟာဓမ္မိကာရာမဗုဒ္ဓဘာသာကျောင်းတကျောင်း၊ ထို့နောက် ၁၉၉၉ ခုနှစ်၊ မေလ ၁၅ ရက်တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် မြန်မာမလေးရှားဗုဒ္ဓဘာသာကျောင်းတကျောင်း၊ ၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ၊ ၁၇ ရက်နေ့တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၌ မဟာသန္တိသုခဗုဒ္ဓသာသနာပြုကျောင်းတစ်ကျောင်းတို့ကို အောင်မြင်စွာ ဦးစီးတည်တောင်တော်မူခဲ့သည်

၂၀၀၅ ခုနှစ်မှ ယနေ့အချိန်အထိ = ဥရောပတိုက်ရှိ ရံသီကျောင်းများ၏ ပဓာနသြ၀ါဒါစရိယအဖြစ် ဆောင်ရွက်တော်မူနေပါသည်။ ဥရောပတိုက်ရှိ ရံသီကျောင်းများမှာ-
၁။ နယ်သာလန်နိုင်ငံ၊ ပညာရံသီဝိဟာရ
၂။ ဂျာမဏီနိုင်ငံ၊ ဗုဒ္ဓသာသနရံသီဝိဟာရ
၃။ ဒိန်းမတ်နိုင်ငံ၊ ဗုဒ္ဓရံသီဝိဟာရ
၎။ ဖင်လန်နိုင်ငံ၊ ဗုဒ္ဓဓမ္မရံသီဝိဟာရ
၅။ ဘယ်လ်ဂျီယံနိုင်ငံ၊ မေတ္တာရံသီဝိဟာရ
၆။ အိုင်ယာလန်နိုင်ငံ၊ မင်္ဂလရံသီဝိဟာရ
၇။ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့၊ သာသနရံသီဝိဟာရ။
၂၀၀၆= သြစတြေလျနိုင်ငံ၊ မဲလ်ဘုန်းမြို့၊ မြန်မာဗုဒ္ဓဘာသာကျောင်းတည်ထောင်တော် မူခဲ့ပါသည်။
၂၀၀၇= မလေးရှားနိုင်ငံ၊ ပီဂျေမြို့နယ်၊ ရတနာရာမမြန်မာဗုဒ္ဓဘာသာကျောင်း၊မလေးရှား+မြန်မာဗုဒ္ဓဘာသာအသင်းကို တည်ထောင်ဖွဲ့စည်းခဲ့ပါသည်။
၂၀၀၆= သြစတြေလျနိုင်ငံ၊ မဲလ်ဘုန်းမြို့၊ မြန်မာဗုဒ္ဓဘာသာကျောင်း
၂၀၀၈= ပီနန်မြို့၊ ဓမ္မိကာရာမကျောင်းတိုက်အတွင်း၌ အမေရိကန်ဒေါ်လာ ၃ သန်းကုန်ကျသော ရွှေစေတီဘုရာကြီးနှင့် သာသနာ့ယဉ်ကျေးမှုပြခန်းများကို ပီနန်မြို့သို့လာသော ကမ္ဘာ့လှည့်ခရီးသည်များ အံ့သြဘနန်းငေးမောရသည်အထိ တည်ဆောက်ပြနိုင်ခဲ့ပါသည်။
၂၀၁၂= အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၌ အကျယ်အ၀န်း ၂ ဧကခွဲရှိသော ဗုဒ္ဓဒီပန်ကမ္မဌာန်းကျောင်းကြီးကို တည်ထောင်တော်မူခဲ့ပါသည်။
တစ်ဖန် ၂၀၀၂ ခုနှစ်၊ မေလ ၂၁ ရက်နေ့တွင် နယူးဇီလန်နိုင်ငံ၊ အုတ်ကလန်မြို့၌ ရတနာဒီပမြန်မာဗုဒ္ဓဘာသာကျောင်းကို တည်ထောင်ဖွင့်လှစ်ပေးတော်မူခဲ့ပါသည်။
ယခုအခါ ပီနန်ဆရာတော်ကြီးသည် ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်၊ မဟာသန္တိသုခဗုဒ္ဓသာသနာပြုကျောင်းတော်ကြီးတွင် သီတင်းသုံးနေထိုင်လျှက် ယခင်က စည်ပင်ခဲ့သည့် သာသနာ့နယ်မြေကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းတော်မူလျက်ရှိပါသည်။

(တန်ဖိုးသိသူမှ တန်ဖိုးရှိမည်လို့ ခံယူတဲ့အတွက် ဆရာတော်ဘုရားကြီးရဲ့ ဟိုစာအုပ် ဒီစာအုပ်က အကြောင်းအရာများကို စုစည်းပြီး ကုသိုလ်ယူနိုင်ဖို့ တင်ပေးလိုက်ပါတယ်။ စာအကျအပေါက် မတည်းဖြတ်ရသေးပါ။)

No comments: