Wednesday, 9 April 2014

တို့လှည်းကူးမှာ တိုင်ကြပြန်ပြီ

သို့
ဦးသိန်းစိန်
သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ

ရက်စွဲ၊ ၂၀၁၄ခုနှစ်၊ ဧပြီလ ရက်

အကြောင်းအရာ။ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ မရမ်းချောင်းကျေးရွာရှိ မေတ္တာ ပရဟိတဂေဟာအတွင်း ငွေအလွဲသုံးစား ပြုလုပ်ခြင်း၊ အနာကြီးရောဂါသည် သက်ကြီးရွယ်အိုများအား ရိုင်းစိုင်းစွာဆဲဆို ကြိမ်းမောင်းခြင်း၊ မုဒိမ်းမှု ဆန်ဆန်ဖြစ်ပွားမှုများကို သက်ဆိုင်ရာ သို့ တိုင်ကြားပေးခြင်း မရှိဘဲ ဖုံးကွယ်ထားမှုများကို တိုင်ကြားခြင်း။

၁။ အထက်အကြောင်းအရာနှင့်ပတ်သက်ပြီး ကျွန်တော်တို့ ရောဂါသည် မိသားစုများကို နိုင်ငံတော်မှ ၁၉၈၉/၉၀ခုနှစ်တွင် ထောက်ကြန့်မှ မရမ်းချောင်းကျေးရွာသို့ပြောင်းရွှေ့ပေးခဲ့ ပါသည်။ ၁၉၈၉/၉၀ခုနှစ်မှ ၁၉၉၄ခုနှစ်ထိ မထသ မော်တော်ယာဉ်လိုင်းကြေးမှရရှိသည့် ငွေဖြင့် ကျေးရွာလူကြီးများမှ ကျွေးမွေးခဲ့ ကြပါသည်။ 


၂၈-၈-၁၉၉၅ခုနှစ်မှစ အတွင်းရေးမှူး (၂) ဗိုလ်ချုပ်ကြီးတင်ဦး ညွှန်ကြားချက်ဖြင့် နှစ်စဉ်ငွေကျပ် (၁၀)သိန်းထောက်ပံ့ခဲ့ပါသည်။ ၂၀၀၀ခုနှစ်တွင် မေတ္တာပရဟိတဂေဟာကို စတင်တည်ဆောက်ခဲ့ပြီး ဂေဟာအတွင်း ရောဂါ သည် (၆၀)ဦးခန့်ရှိပြီး ကျန်ရောဂါသည် (၇၀)ဦးခန့်သည် ကျေးရွာအတွင်း ရှိ ၄င်းတို့မိသားစု များနှင့်အတူနေထိုင်ကြပါသည်။ 

၂၀၀၀ခုနှစ်မှ ၂၀၁၀ခုနှစ်ထိ အလှူရှင်များမှ လာရောက် လှူဒါန်းကြသည့်ငွေများကို ဘဏ်တွင် အပ်နှံထား ကြောင်းကြားသိရပါသည်။ ပရဟိတ ဂေဟာတွင် ကော်မတီဖွဲ့ထားသော်လည်း ဘဏ်သို့ ငွေအသွင်းအထုတ်ပြုလုပ်ရာတွင် ကျန်ကော်မတီဝင်လူကြီးများကို အသိပေးတိုင်ပင်ခြင်းမရှိဘဲ ဥက္ကဋ္ဌဦးလှဌေးသည် ၄င်း တစ်ဦးတည်းသာအသွင်းအထုတ်ပြုလုပ်ပါသည်။ထိုသို့ပြုလုပ်နေမှုအပေါ်တွင် ကော်မတီဝင် တစ်ဦးဖြစ်သူ ဦးနေ၀င်းသည် မကျေနပ်သဖြင့်ကော်မတီဝင်အဖြစ်မှနှုတ်ထွက်သွားပါသည်။ 

၂၀၁၁ခုနှစ်တွင် ဂေဟာအတွင်းနေ ရောဂါသည်များထဲမှ အဘဦးတင်ခိုင်မှ မိမိတို့တွင် လိုအပ်သည်များဝယ်ယူသုံးစွဲနိုင်ရန် အလှူရှင်များလာရောက် လှူဒါန်းသည့်ငွေများမှ ခွဲဝေ ပေးပါရန်တောင်းခံသဖြင့် တောင်းဆိုသည့်နောက်ပိုင်းတွင် လာရောက် လှူဒါန်းသည့် ငွေ၏ လေးပုံတစ်ပုံကိုလည်းကောင်း၊ ၂၀၁၂ခုနှစ်တွင် ထပ်မံတောင်းဆိုခဲ့ရာလှူဒါန်းငွေ၏တစ်ဝက် ကို ရောဂါသည်များ သုံးစွဲရန် ခွဲဝေပေးခဲ့ပါသည်။ ထိုသို့ ခွဲဝေပေးရာတွင် ဂေဟာအတွင်းရှိ ရောဂါ သည်များကိုသာ ခွဲဝေပေးပြီး ကျေးရွာအတွင်းနေ ရောဂါသည်များအား ခွဲဝေပေး ခြင်းမရှိခဲ့ပါ။


၂။ မေတ္တာပရဟိတဂေဟာဥက္ကဋ္ဌဦးလှဌေးသည် အလှူရှင်များလာရောက် လှူဒါန်းသည့်အခါ ရောဂါသည် အဖိုး အဖွားများမှ အလှူရှင်များနှင့် ရင်းနှီးလှိုက် လှဲစွာပြောဆို ဆက်ဆံသည့်အခါများတွင် အလှူရှင်များ ပြန်သွားသည်နှင့် စကားသွားပြောမိသည့် ရောဂါ သည်များကို ရိုင်းပြစွာပြောဆိုပြီး အချို့ရောဂါသည်များကို ရိုက်ပုတ်သည်အထိ ပြုလုပ်ပါ သည်။ နောက်ပိုင်းတွင် ဥက္ကဋ္ဌ ဦးလှဌေးသည် အမှန်တရားကို လိုလားပြီး မတရားမှုများကို ဖော်ထုတ်ပြောကြား တတ်ကြသည့် ရောဂါသည်များအား အလှူရှင်များနှင့် ရင်းရင်းနှီးနှီး ပြောဆိုမှုများ မပြုလုပ်နိုင်စေရန် ၄င်းပေးကမ်းစည်းရုံးထားသည့် သူ၏လူယုံများနှင့် လိမ္မာပါးနပ်စွာ ဟန့်တားခဲ့ကြပါသည်။


(၂၉-၁၂-၂၀၁၃)ရက်ခန့်တွင်ပရဟိတဂေဟာမှ ရောဂါသည် ကိုကျော်နိုင်၏ မယားပါသမီး မ၀င်းလတ်ဖြိုး အသက်(၆)နှစ် ခန့်အား ဥက္ကဋ္ဌဦးလှဌေး မည်သည့်အရပ်မှ ရှာဖွေခေါ်ဆောင်လာသည်မသိသော ရောဂါ အမျိုးသားတစ်ဦးမှ အဓမ္မကျင့်ရန် ကြံစည်မှုဖြစ်ပွားခဲ့ရာ ပရဟိတဂေဟာ နာယက၊ မရမ်းချောင်း ကျေးရွာ၏ ရပ်မိရပ်ဖ ဦးမြင့်ခင်သည် တစညပါတီဝင်လည်းဖြစ်၊ သက်ကြီးရွယ် အိုရောဂါသည်လည်း ဖြစ်သူ ဦးထွန်းရီကို ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မင်းဦးထံ အကြောင်းကြားပေးရန် ပြောကြားခဲ့ပါသည်။ သို့သော်လည်း ၄င်းအဓမ္မပြုကျင့်မှုသည် ဥပဒေနှင့်အညီ ဖြေရှင်းပေးခြင်း မပြုလုပ်ခဲ့ကြပါ။ 

(၉-၉-၂၀၁၃) ရက်နေ့တွင်လည်း ပရဟိတဂေဟာဝန်းရှိ လင်ယောင်္ကျား ရောဂါသည် (အောက်ပိုင်း ခြေထောက် မရှိသူ) ဦးစိန်ဝင်း၏ဇနီး မခိုင်အား ပရဟိတ ဂေဟာဥက္ကဋ္ဌ ဦးလှဌေး၏ လက်ထောက် ဦးလှကြည်မှ အဓမ္မပြုကျင့်ပြီး လူမှုရေး ဖောက်ပြန် နေသည်ကို အနီးပတ်ဝန်းကျင်ရှိ ရောဂါသည်များမှတဆင့် စကားပေါက်ကြားလာသည့်အခါ ၄င်းဂေဟာမှ ရောဂါသည် ဦးအေးမြင့် (စကားမပြောတတ်သည့် အအမ၏ခင်ပွန်း) ကို အဓမ္မ ပြုကျင့်ခံရသည့် မခိုင်နှင့် လူမှုရေး ဖောက်ပြန်သည်ဟု စွပ်စွဲကာ ဂေဟာမှ ၄င်းတို့နှစ်ဦးကို နှင်ထုတ်ခဲ့ပြီး ၄င်းတို့၏ ခွဲတမ်းပုံစံပါ ဖြတ်တောက်ခဲ့ပါသည်။ အမှန်တကယ် ကျူးလွန်သူ ဦးလှကြည်အား မည်သည့်အရေးယူမှုမှ ပြုလုပ်ခြင်းမရှိခဲ့ပါ။ 

၎င်းဦးလှကြည်သည် ရပ်ကွက် အတွင်းတွင်လည်း လူမှုရေးဖောက်ပြန်မှုဖြင့် ကျော်ကြားနေသူ ဖြစ်ပါသည်။ ၄င်း ဦးလှကြည်သည် လက်ရှိ(၁၀)အိမ်မှူး၊ မီးသတ်တပ်ဖွဲ့ဝင်၊ပရဟိတဂေဟာတွင်လည်း ဦးလှဌေး (ဥက္ကဋ္ဌ) အရေးပေးထားခံရပြီး လုပ်ပိုင်ခွင့် ပေးထားသဖြင့် ရပ်ကွက်အတွင်းရှိ မရှိဆင်းရဲသား အမျိုးသမီးများမှာ ပြန်လည် ပြောဆို တိုင်ကြားရဲခြင်း မရှိကြပါ။

၃။ မေတ္တာပရဟိတ ဥက္ကဋ္ဌ ဦးလှဌေးသည် မည်သည့် ကော်မတီဝင် လူကြီးများကိုမှ အသိမပေးဘဲ မိမိသဘောဖြင့် အများပိုင်ငွေများကို ကျေးရွာအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင် များအား ငွေတိုးများချေးထားခြင်း၊ အများပိုင်ငွေဖြင့် ပရဟိတအမည်ကို အလွဲသုံးစား ပြုလုပ်ပြီး ခြံမြေများ ၀ယ်ယူကာ အပြင်စီးပွားရေးသမားများကို အမြတ်ယူပြီး ပြန်လည်ရောင်းချခြင်း ၄င်းရောင်းချသည့်ခြံတွင် ခြံစောင့်အဖြစ် ရောဂါသည် ပုံစံစားတို့ကို ထားရှိစေခိုင်းခြင်းတို့ ပြုလုပ်လျက်ရှိပါသည်။



၎။ မေတ္တာပရဟိတအမည်ခံပြီး ဖွင့်လှစ်ရောင်းချနေသော သက်သာဈေးဆိုင်မှာ ၂၀၁၂ ခုနှစ်မှ စတင်ဖွင့်လှစ် ရောင်းချနေသည်မှာ ယနေ့ထိတိုင် (၂)နှစ်ကျော် ကာလသက်တမ်း ရှိပြီးဖြစ်သော်လည်း ယခုအချိန်ထိ စာရင်းရှင်းတမ်းများ ပြုလုပ်ခြင်းမရှိခဲ့ပါ။ အလှူရှင်များမှ နှစ်စဉ်လာရောက် လှူဒါန်းသောငွေများကို မည်သို့မည်ပုံ သုံးစွဲသည်၊ လက်ကျန် မည်မျှရှိသည်တို့ကို ပွင့်လင်းမြင်သာအောင် ရှင်းလင်းပြောကြားမှု မရှိခြင်းတို့ကို ယခင်ကျေးရွာဥက္ကဋ္ဌ ဦးကျော်သူ လက်ထက်တွင် စာရင်းစစ်ဆေးရန် စီစဉ်ခဲ့သော်လည်း ပရဟိတဥက္ကဋ္ဌဦးလှဌေးမှ စာရင်းစစ်ဆေးမည်ကို လက်မခံဘဲ မင်းတို့ “တိုင်ချင်ရာ တိုင်နိုင်တယ်၊ မင်းက ထမင်းကြမ်းခဲ စားပြီး ခြေကျင် ရုံးတက်ရင်၊ ငါက ဒန်ပေါက်စားပြီး ပါကျဲရိုးနဲ့ ရုံးတက်မယ်” ဟု ကျေးရွာ ဥက္ကဋ္ဌ ဦးကျော်သူအား မောက်မာရိုင်းစိုင်းစွာ ပြောဆိုခဲ့ပါသည်။


 ကျေးရွာဥက္ကဋ္ဌ ဦးကျော်သူမှာ အချိန်အခါအရ အာဏာသာရှိပြီး ပါဝါမရှိသည့်အတွက် အားမတန် မာန်လျော့ခဲ့ရပါသည်။ ထို့ကြောင့် ပရဟိတဂေဟာဥက္ကဋ္ဌ ဦးလှဌေးအား သက်ဆိုင်ရာမှ ကွင်းဆင်းစစ်ဆေးပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက် ပေးနိုင်ပါရန် ရိုသေလေးစားစွာဖြင့် တိုင်ကြားအပ်ပါသည်။

တိုင်ကြားသူများ

၁။ ဦး ၂။ ဦး ၃။ ဦး ၄။ မ

မိတ္တူကို-

၁။ သူရဦးအောင်ကို၊ ဥက္ကဋ္ဌ၊ တရားစီရင်ရေးနှင့်ဥပဒေရေးရာကော်မတီ
ပြည်သူ့လွှတ်တော်၊ နေပြည်တော်
၂။ ဒေါ်အောင်ဆန်းစုကြည်၊ဥက္ကဋ္ဌ၊တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေး ကော်မတီ၊ ပြည်သူ့လွှတ်တော်၊ နေပြည်တော်
၃။ ဥက္ကဋ္ဌ၊ တရားရေး၊ ဥပဒေရေး၊ တိုင်ကြားစာနှင့်အသနားခံစာကော်မတီ၊ ပြည်သူ့လွှတ်တော်၊ နေပြည်တော်
၎။ ဥက္ကဋ္ဌ၊ ပြည်သူတို့၏တိုင်ကြားစာဆိုင်ရာ ကော်မတီ၊ အမျိုးသားလွှတ်တော်၊ နေပြည်တော်
၅။ ဦးဝင်းမြ၊ ဥက္ကဋ္ဌ၊ မြန်မာ့လူ့အခွင့်ရေးကော်မရှင်၊ ၂၇/ပြည်လမ်း/ လှိုင်မြို့နယ်၊ ရန်ကုန်မြို့
၆။ ၀န်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရ၊ ရန်ကုန်တိုင်းဒေသကြီး
၇။ ဦးသိန်းညွန့်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ သင်္ဃန်းကျွန်းမြို့နယ်
၈။ ဦးဖြိုးမင်းသိန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ လှည်းကူးမြို့နယ်
၉။ ဦးလှသန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ လှည်းကူးမြို့နယ်
၁၀။ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လှည်းကူး မြို့နယ်


Ref: Nyunt Hlaing

No comments: