သင်္ကြန်တွင်းဆိုရင်
ကာလသား၊ ကာလသမီးတွေက ဦးဆောင်ပြီး ကျုပ်တို့ရွာထိပ်မှာ မဏ္ဍပ်ထိုးပြီး
စတုဒိသာ ကျွေးမွေးလှူဒါန်းကြပါတယ်။ သာကူ၊ ဆန်ပြုတ်၊ မုန့်လုံးရေပေါ်၊
ထမင်းနဲ့ ပဲဟင်း၊ အအေးမျိုးစုံ စသဖြင့် စသဖြင့်ပေါ့။ စားတဲ့သူကစား၊
ကျွေးမွေးတဲ့သူက ကျွေးမွေး၊ ရေပတ်တဲ့ သူကရေပတ်ပေါ့။ သင်္ကြန်သီချင်းကို
ဓာတ်စက်မှ ဖွင့်ပြီး ကသူတွေလဲ ရှိပါသေးတယ်။ ရွာဦးဘုန်းတော်ကြီးကျောင်းမှာ
အလုပ်လုပ်စရာရှိရင် တစ်ပျော်တစ်ပါး သွားရောက်လုပ်ဆောင်လေ့ ရှိပါတယ်။ ပြီးရင်တော့ ရေပတ်ကြပြီ။
မနိုင်တာကတော့ ခလေးတွေပဲ။ ကဲမှကဲပဲ။ ကျုပ်တို့တောရွာမှာ ရေက ရေတွင်းကနေ
ကြိုးတပ်ရေပုံးနဲ့ ခပ် (ငှင်)ယူရတာ။ လေးထောင့်သံပုံးနဲ့ ရေတစ်ပုံးရဖို့
တော်တော်လေးကို ကြိုးစားခဲ့ရတာ။ လမ်းသွားလမ်းလာကို စောင့်ပြီးပတ်ရတာပါ။
များသောအားဖြင့် မြင်းလှည်းတွေကို ရေပတ်ရတာ။ တစ်ခါတစ်ရံ
ရေခပ်တုန်းရှိသေးတယ်။ မြင်းလှည်းက ဖြတ်သွားပြီ။ မပတ်လိုက်ရတော့ဘူး။
နောက်မြင်းလှည်းတစ်စီးကို နာရီဝက်လောက်ကြာအောင် စောင့်ပေရောပဲ။
ကိုယ်မှီတဲ့ မြင်းလှည်းတွေကြတော့လဲ ဒီလို အော်သွားကြသေးတယ်။ "ဟဲ့ ဟဲ့
ခလေးတွေ မပတ်နဲ့နော်။ ဥပုသ်သည်တွေ ပါတယ်နော် "-တဲ့။ သွားရောပဲ။ ဥပုသ်သည်ကို
ရေလောင်းရင် ငရဲကြီးတတ်တယ်လို့ လူကြီးသူမတွေက ဆုံးမထားတတ်ကြတော့
ငရဲကျမှာတော့ ကြောက်ကြတာပေါ့။ အဲဒီလို ဆိုရင် ကိုယ်အချင်းချင်း
ပြန်ပတ်ကြတော့တာပါပဲ။ တစ်ရွာလုံးမှာမှ ရေတွင်း ငါးတွင်းလောက်ရှိတာ
သင်္ကြန်တွင်းဆိုရင် ရေကုန်သွားတဲ့ အထိကို ဖြစ်သွားတာ။ ကျုပ်တို့ရွာက
ဘုန်းကြီးကတော့ အဲဒီအချိန်မှာဆိုရင် ရေတွင်းထဲမှာ ရေမရှိတော့ဘူးဆိုရင်
ရေတွင်းကြီးဆယ်တော့တာပါပဲ။ အညစ်အကြေးတွေကို အများအားနဲ့
သန့်ရှင်းရေးလုပ်လိုက်တာပါပဲ။ အခုအခါကျတော့ ရေတုံကင်တွေက
အိမ်တိုင်းနီးပါးရှိကြတော့ အဲဒီအချိန်တုန်းက ရေတွင်းတွေလဲ အခုအခါမှာ
တိမ်ကောနေလောက်ပါပြီလေ။
တောသားဆယ်ကျော်သက်တွေကျတော့ သင်္ကြန်ကို
ပုံစံတစ်မျိုးနဲ့ ရေကစားတက်ကြပါတယ်။ သူတို့က အုပ်စုလိုက် သွားကြပြီး
ရွယ်တူတွေကိုပဲ ရေပတ်ကစားတတ်ကြပါတယ်။ တစ်ချို့ဆိုရင် ရေခဲကို
အမှုန့်ဖြစ်အောင်ထောင်းပြီး သူတစ်ပါးရဲ့ လည်ပင်းနဲ့ အကျီ င်္ကြားကို
ထည့်တတ်ကြသေးတယ်။ တောဓလေ့ အိုးမဲသုတ်တမ်းလဲ ကစားတတ်ကြပါတယ်။ တစ်ချို့ဆို
လှည်းငဆီနဲ့တောင် သုတ်တိုင်း ကစားတတ်ကြပါသေးတယ်။
အိမ်ထောင်ကျခါစ
အရွယ်တွေကျတော့ ညဖက်ကြမှ ရေကစားတတ်ကြတာလေ။ သူတို့က ခပ်ကြမ်းကြမ်းပဲ။
တစ်အိမ်နဲ့ တစ်အိမ်ကို ရေပူပေါင်းနဲ့ ပစ်တတ်ကြတာပါ။ ဘယ်သူတွေမှ
စိတ်ဆိုးခြင်းမရှိကြပါဘူး။ တစ်ချို့ အစအနောက် သန်သူများဆိုရင် တစ်ပါးသူကို
ဖမ်းပြီး သဂြိ င်္ုင်းကုန်းက သစ်ပင်မှာ ကြိုးနဲ့ချည်ထားခြင်း၊ ကျွဲလူးအိုင်ထဲ
ပစ်ချခြင်း၊ (ခွင့်လွှတ်ပါ။ မရိုသေစကား- အမေများဆီက နို့ရည်ကို
ရအောင်တောင်းပြီး ထမင်းနဲ့နယ်ကာ အတင်းခွံ့ကျွေးခြင်း) တို့ကိုလဲ
လုပ်တတ်ကြသေးပါတယ်။ သင်္ကြန်တွင်းဆိုရင် ကျုပ်တို့တောရွာမှာ ၀ုန်းဒိုင်းကို
ကျဲနေတော့တာပါပဲ။
လူကြီးတွေကျတော့ ဘုန်းကြီးကျောင်းသွားပြီး
ဥပုသ်သီတင်းစောင့်ကျပေါ့။ သင်္ကြန်တွင်းမှာ ဆရာတော်ကိုယ်တိုင်ဦးဆောင်ပြီး
ရွာတွင်းကို ဒုလ္လဘတွေနဲ့ အတူ ဆွမ်းခံလဲ ကြွတတ်ပါသေးတယ်။
ဘုန်းကြီးကျောင်းမှာဆိုရင် ဆွမ်းတွေ ဟင်းတွေကလဲ အသျှန်အပယ်ပါပဲ။ ဘယ်လိုမှ
စားလို့ သောက်လို့ မကုန်ပါဘူး။ ပေါမှပေါပဲ။ မုန့်တွေဆိုရင် ဇလုံကြီးတွေနဲ့
လေးငါးခြောက်လုံးကို အပြည့်အသျှန်ပါပဲ။ ဒါတောင်ဆရာတော်က ပြောသေးတယ်။
မင်းတို့ခေတ် မင်းတို့ဘုန်းကံနဲ့တော့ ငတ်ကျပေါ့ကွာတဲ့။
ဆရာတော်တို့ခေတ်မှာတော့ မုန့်တွေဆိုရင် ခွဲတောင်းနဲ့ ဆယ်လုံး၊
ဆယ့်ငါးလုံးရတာတဲ့လေ။
နှစ်ဆန်းတစ်ရက်နေ့မှာတော့ ရေမပတ်ကြတော့ပါဘူး။ (
ဒါတောင် နှစ်ဆန်းတစ်ရက်နေ့မှာ ရေလောင်းရေပတ်နိုင်တဲ့ တိုက်ကြီးဖက်က
နေရာတစ်ခုကို သွားကဲကြသေးတယ်။) အဲဒီနေ့မှာ ရွာလုံးကျွတ်
အန္တရာယ်ကင်းရှင်းရေးအတွက် ပရိတ်နာကြပါတယ်။ ပြီးရင် ညနေပိုင်း၊
မိုးချုပ်ခါနီးမှာ ဆွမ်းဆန်စိမ်း လောင်းလှူကြပါတယ်။ ပြီးရင်တော့
နားပူပြီသာမှတ်တော့။ သံပုံးတွေကို တီးကြတာလေ။ တောအခေါ်တော့
တောထုတ်တာလို့ခေါ်ပါတယ်။ ညပိုင်းကျတော့ အမျိုးသမီးဝတ်ရွတ်အသင်းက
ဓမ္မစကြာရွတ်ပြီး ညဖက်ကို ကောင်းကောင်း အိပ်စက်ကြပါတော့တယ်။ ဒါကတော့
ကျုပ်လွမ်းတဲ့ တောက သင်္ကြန်လေးပါပဲ။
အခုခေတ်မှာတော့ တို့တောကသင်္ကြန်လေး အရင်အတိုင်းပဲ ရိုးရာမပျက် ယဉ်ကျေးသိမ်မွေ့စွာနဲ့ ကျင်းပပျော်ရွင်နိုင်ပါစေလို့ ဆုတောင်းလျက်။
အရှင်အဂ္ဂဥာဏ (လှည်းကူး)
ဆစ္ဒနီ၊ ၾသစေတးလ်၊
၁၅-၄-၂၀၁၄ (အကြတ်နေ့)
No comments:
Post a Comment