ဧပြီ
၎ ရက်က လှည်းကူးမြို့နယ် မြို့မစည်ပင်ဈေးရှိ ဈေးဆိုင်နှစ်ဆိုင်၌
ခိုက်ရန်ဖြစ်ပွားမှုမှ စတင်ကာ လူစုလူဝေးဖြင့် ဆူပူမှုများ
ဖြစ်ပေါ်လာသောကြောင့် သက်ဆိုင်ရာက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ ကို (တုတ်၊
ဓား လက်နက်ကိုင်ဆောင်ပြီး လူစုလူဝေးဖြင့် သွားလာခွင့်မပြု) ဧပြီ ၄ ရက် ည ၆
နာရီမှစ၍ ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ဧပြီ ၄ ရက် ညနေ ၄ နာရီခန့်တွင် လှည်းကူးမြို့မဈေး၊ ဗန္ဓာလမ်းရှိ
မိုးကာဖျင်များ ချုပ်လုပ်သည့် ဘေးချင်းကပ်ဆိုင် နှစ်ဆိုင်မှ အစ္စလာမ်ဘာသာဝင်
အမျိုးသားနှစ်ဦးနှင့် ဗုဒ္ဓဘာသာဝင် အမျိုးသားတစ်ဦးတို့
ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ကိုသက်ပိုင်ဦး အသက် (၂၀) နှစ်ကို တစ်ဖက်ဆိုင်မှ
အသက် ၁၈ နှစ် အရွယ်ခန့်ရှိ အစ္စလာမ်ဘာသာဝင် အမျိုးသားတစ်ဦးက ကတ်ကြေးဖြင့်
ထိုးမှုကြောင့် မျက်လုံးပေါက်ပြဲဒဏ်ရာ ရရှိသွားခဲ့ပြီး ကတ်ကြေးဖြင့်
ထိုးကြိတ်သူမှာလည်း ဦးခေါင်းပေါက်ပြဲဒဏ်ရာ ရရှိသွားခဲ့ကြောင်း
ဖြစ်စဉ်ဖြစ်ပွားရာ အနီးဝန်းကျင်နှင့် ရဲတပ်ဖွဲ့ဝင်များထံမှ
စုံစမ်းမေးမြန်းမှုများအရ သိရသည်။
ယင်းကဲ့သို့ ခိုက်ရန်ဖြစ်ပွားရာတွင် ပါဝင်ခဲ့သည့် အစ္စလာမ်ဘာသာဝင်
အမျိုးသားသုံးဦးကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
"သူတို့ဆိုင်နှစ်ဆိုင်က နဂိုကတည်းက စီးပွားတူတွေဆိုတော့ မတည့်ကြဘူး။
နဂိုကလည်း ဆိုင်တွေရန်ဖြစ်လို့ တစ်လပိတ်ဖို့ သက်ဆိုင်ရာက ညွှန်ကြားထားရတယ်။
ရန်ဖြစ်ပြီး သိပ်မကြာခင်မှာပဲ လူစုလူဝေးတွေ ဖြစ်လာတယ်။ နောက်ပြီး
အစ္စလာမ်ဘာသာဝင် ညီအစ်ကိုနှစ်ယောက်လုံးကို ထုတ်ပေးဖို့ ပြောကြတယ်။
ဈေးနားမှာရှိတဲ့ သူတို့နှစ်ဦးရဲ့ အမျိုးအိမ်ကိုလည်း လူအုပ်က
ခဲနဲ့ပေါက်တာတွေလုပ်တယ်" ဟု ဖြစ်စဉ်အနီးဝန်းကျင်တွင် နေထိုင်သူတစ်ဦးက
ပြောကြားသည်။
ဧပြီ ၄ ရက် ည ၉ နာရီ ခွဲခန့်တွင် တုတ်၊ ခဲ၊ လေးခွများ ကိုင်ဆောင်ထားသော
လူဦးရေ ၁၀၀ ၀န်းကျင်ခန့်သည် လူစုလူဝေးဖြင့် နေအိမ်များ၊ ဆိုင်များနှင့်
ဗလီကို ခဲများဖြင့် ပစ်ပေါက်ခဲ့သောကြောင့် ရဲတပ်ဖွဲ့မှ
လူစုခွဲဖြေရှင်းခဲ့သည်။ ယင်းကဲ့သို့ လူစုလူဝေးများဖြင့် ဆူပူနေသူများမှာ
လှည်းကူးဒေသခံများ ဟုတ်မဟုတ်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။
ရဲတပ်ဖွဲ့ဝင်များ၏ လူစုခွဲ ဖြေရှင်းမှုကြောင့် ဧပြီ ၄ ရက်နေ့ ည ၁၀
နာရီခန့်အထိ ဒဏ်ရာရရှိသူ ငါးဦး၊ ဖမ်းဆီးထိန်းသိမ်းခံရသူ
ငါးဦးခန့်ရှိခဲ့ပြီး လူအုပ်မှ ခဲများဖြင့် ပြန်လည်ပစ်ပေါက်မှုကြောင့်
ရဲတပ်ဖွဲ့ဝင် အချို့မှာလည်း ဦးခေါင်းပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့သည်။
ပုဒ်မ ၁၈၈ ထုတ်ပြန်ခဲ့ပြီးနောက် ဧပြီ ၅ ရက် နံနက် ၁ နာရီဝန်းကျင်
အချိန်အထိ သိရှိရသော သတင်းများအရ ဆူပူမှုများ မဖြစ်ပေါ်စေရန် လမ်းမပေါ်၌
လက်နက်ကိုင်ဆောင်၍ စုဝေးနေသည့် လူများကို ရဲတပ်ဖွဲ့ဝင်များက
ဖမ်းဆီးထိန်းသိမ်းမှုများ ပြုလုပ်လျက်ရှိသည်။
အဆိုပါ အခင်းဖြစ်ပွားရာ နေရာသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးမြင့်ဆွေနှင့် တာဝန်ရှိသူများ ဧပြီ ၄ ရက် ည ၈ နာရီခန့်က ခေတ္တလာရောက်
ခဲ့သည်ကို တွေ့ရသည်။
Ref: http://www.news-eleven.com/
No comments:
Post a Comment