Friday, 4 April 2014

ဘုရားဖူးရင်း စောင့်ဆိုင်းနေရတဲ့ DKBA နောက် လိုက်ပါသွားသည့် တားမြစ်ခံ သမီးကလေးရဲ့ ဘ၀တွေပါ ( Eleven Media Group)

ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA မှ လာရောက်ခေါ်ဆောင်ခဲ့သော ဖယ်ရှားခံ သမီးကလေးကျေးရွာသားများသည် ကရင်ပြည်နယ်အတွင်း နေထိုင်ခွင့်မရသဖြင့် လက်ရှိတွင် မွန်ပြည်နယ်အတွင်း ဘုရားလှည့်ဖူးရင်း စောင့်ဆိုင်းနေရကြောင်းDKBA မှ ဗိုလ်မှူးကြီး စောဆန်းအောင်က ဧပြီ ၃ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။

ဧပြီ ၂ ရက် မွန်းလွဲပိုင်းက သမီးကလေးကျေးရွာသားများ ပါဝင်သည့်ယာဉ်တန်းမှာ သထုံနှင့်ဘားအံအစပ် ဒုံသမိချောင်းတံတားတွင် ကရင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအမိန့်ဖြင့် တားဆီးခံခဲ့ရပြီး ဘုရားဖူးရန် အကြောင်းပြချက်ဖြင့် ဖြတ်သန်းခွင့်ကို ယင်းနေ့ညပိုင်းတွင် ရရှိခဲ့ပြီး ထွက်ခွာခဲ့ရကြောင်း သိရသည်။

ထိုသို့တားဆီးခဲ့ရသည့် အကြောင်းရင်းမှာ ကရင်ပြည်နယ်အတွင်း မြေသိမ်း၊ ယာသိမ်းပြဿနာများရှိနေသဖြင့် ထိုကဲ့သို့ မြေယာမဲ့လူများ ၀င်ရောက်လာပါက အခြေအနေပိုမိုဆိုးရွားမည်ဖြစ်သဖြင့် နေထိုင်ခွင့်ကို သက်ဆိုင်ရာပြည်နယ် အစိုးရအဖွဲ့ဝင်များက ငြင်းဆန်ခဲ့ခြင်းဖြစ်သည်ဟု ဗိုလ်မှူးကြီး စောဆန်းအောင်ထံမှ သိရသည်။

ကလိုထူးဘော အခြေစိုက်စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစောဆန်းအောင်က“ကျွန်တော်တို့အခု စက်စဲကမ်းခြေကို ရောက်နေပါပြီ။ ကျွန်တော်တို့ဘက်ကတော့ နေစရာပေးပါတယ်။ ဒါပေမဲ့ အစိုးရပိုင်းက နေထိုင်ခွင့်ပြုဖို့ လက်မခံဘူး။ ရွာသားတွေကတော့ အခုလောလောဆယ်မှာ နေထိုင်ခွင့်ရဖို့ အတွက် ကျိုက္ခမီဘုရားမှာ ဘုရားရှိခိုး ဆုတောင်းနေကြပါတယ်။ အမှန်ဆို နိုင်ငံသားတစ်ယောက်အနေနဲ့ ကြိုက်တဲ့နေရာမှာ နေထိုင်ခွင့်ရှိပါတယ်။ ခွင့်တောင်းနေစရာ မလိုပါဘူး”ဟု ဧပြီ ၃ ရက် မွန်းလွဲ ၂ နာရီခွဲက ပြောကြားသည်။

ယင်းသို့ သမီးကလေးကျေးရွာသားများ တားဆီးခံရမှု၊ ကရင်ပြည်နယ်အတွင်း နေထိုင်ခွင့်မပေးမှု နှင့်စပ်လျဉ်း၍ အတည်ပြုချက်ရယူနိုင်ရန် သက်ဆိုင်ရာ ကရင်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမျိုးအောင်ဌေး၏ လက်ကိုင်ဖုန်းနှင့် ရုံးဖုန်းကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ကိုင်ဖုန်းပိတ်ထားပြီး ရုံးဖုန်းကို ထပ်မံဆက်သွယ်ရာတွင် အစိုးရအဖွဲ့အတွင်းရေးမှူးမှာ အစည်းဝေးလုပ်နေကြောင်း ဖုန်းဖြေဆိုသူတစ်ဦးက ပြောကြားသည်။ 

Ref: Eleven Media Group

No comments: