Friday, 4 April 2014

ကံကောင်းလို့ပါ

မန်မာစကားတစ်ခွန်း၇ှိပါတယ်။ ရွှေချဉ်ပေါင်တုံးကာမှ မောင်ဘုန်းပြန်မယ်-ဆိုတာလေ။
ချဉ်ပေါင်ဆိုတာ မြန်မာပြည်မှာ တော်တော်လေးကို ပေါတဲ့အရာပါ။ ငယ်ငယ်တုံးကဆိုရင် အိမ်မှာ သားငါးချက်မစားနိုင်တဲ့ နေ့များဆိုရင် ချဉ်ပေါင်ဟင်း နဲ့ ကန်စွန်းရွက်တို့ သူပြိုင် ကိုယ်ပြိုင် အသုံးတော်ခံကြတာပါ။

ချဉ်ပေါင်ရွက်တစ်စီးမှ ငါးပြားလောက်ပဲ ရှိပါတယ်။ ချဉ်ပေါင်ပင်ဆိုတဲ့ အရာဟာလဲ အရွက်ကို ဖြုတ်ပြီး အရိုးကိုေ၇စပ်စပ်မှာ ထိုးထားရင် ပြန်ပြီး အညွန့်ထွက်လာတတ်တဲ့ အမျိုးပါ။ အိမ်မှာ ငွေမရှိတဲ့နေ့များဆိုရင် ချဉ်ပေါင်ဟင်းပဲ ချက်တာပါ။ အဲဒီလို ချဉ်ပေါင်ဟင်းစားရပြီဆိုရင် ငယ်ငယ်တုံးကဆို ကံမကောင်းလို့ စားရတာလို့ ထင်ခဲ့တာပါ။

ကျုပ်ကတော့ ချဉ်ပေါင်ဟင်းချက်တဲ့နေ့ဆိုရင် ရွာထဲကို လှည့်ပြီး ဟင်းကောင်းချက်တဲ့ အိမ်တွေကို လှည့်ပြီး စားတာပါပဲ။ သူတို့ကလဲ ကျွေးကြပါတယ်။ ကျွေးတာပေါ့။ ကျုပ်က ဘုန်းကြီးကျောင်းသားကိုး။
နောက်ပိုင်း အသက်လေးကြီးလာတော့ ချဉ်ပေါင်ဟင်းနဲ့ ငါးပိရည်နဲ့ နယ်စားတာကို အရမ်းနှစ်ခြိုက်လာခဲ့ပါတယ်။

အခုပြည်ပကို ရောက်နေတဲ့ အခါမှာလဲ မြန်မာပြည်တုံးက စားရတဲ့ ချဉ်ပေါင်ဟင်းကို အရမ်းသတိ၇တတ်ပါတယ်။ အခုတော့ အတွေးက ပြောင်းသွားပါတယ်။ ချဉ်ပေါင်ရွက် မစားရရင် ကံမကောင်းလို့ပဲ-ဟု။

ဒီသြစီမှာ ချဉ်ပေါင်ရွက် ရှိတော့ရှိပါတယ်။ ဖီဂျီကျွန်းနိုင်ငံကနေ လာတဲ့ ချဉ်ပေါင်ရွက်ပါ။ အစိမ်းမရနိုင်ပါဘူး။ အရွက်ကို ကျို ပြီးတော့ ရေခဲသေတ္တာထဲမှာ ခဲထားတာပါ။ အရသာက မချဉ်ပါဘူး။ မြန်မာပြည်က ချဉ်ပေါင်ရွက်က နာမည်နဲကလိုက်အောင် ချဉ်တာလေ။

ဟိုတစ်လောကတော့ မြန်မာ့ချဉ်ပေါင်ရွက် အစိမ်း က့ကောင်းစွာနဲ့ ရပါတယ်။ ချဉ်ပေါင်ရွက် တစ်ကီလိုကို သြစတေးလျဒေါ်လာ ၁၄ ဒေါ်လာပေးရပါတယ်။ (တစ်ကီလိုကို မြန်မာအချိန် ၆၅-ကျပ်သားခန့်၇ှိပါတယ်။) ချဉ်ပေါင်ရွက် ၆၅-ကျပ်သားကို မြန်မာငွေနဲ့ တစ်သောင်း နှစ်ထောင်လောက် ကျတာပေါ့။ ဒါပေမယ့် အရိုးမပါ အရွက်တွေ သက်သက်ရတာဆိုတော့ ကံကောင်းတယ်လို့ ဆိုနိုင်ပါတယ်။

ဘာပဲပြောပြော ကံကောင်းလို့ မြန်မာ့ချဉ်ပေါင်ကို စားရပါပြီ။

ရွှေချဉ်ပေါင် တုံးကာမှ သြစီကနေ မောင်ဘုန်းပြန်တော့မယ်-ဟု။

အရှင်အဂ္ဂဥာဏ (လှည်းကူး)
ဆစ္ဒနီ၊ ၾသစေတးလ်
၂၈၊ ၀၃၊ ၂၀၁၄

No comments: