Friday, 4 April 2014

ဘုန်းကြီးကျောင်းသား အကောင်းစား

အသက်နည်းနည်းရလာတော့ ငယ်ငယ်က အကြောင်းတွေကို ပြန်သတိရတက်ပါတယ်။ အဆန်းတော့ မဟုတ်ပါ။ ကျု ပ်က ဘ၀တစ်လျောက်လုံး နီးပါး ဘုန်းကြီးကျောင်းမှာပဲ ကြီးပြင်းလာခဲ့ရသူ။ ဘုန်းကြီးကျောင်းသား မောင်ဖိုးသီပေါ့။ နေ့စဉ် ဘုန်းကြီးတွေနဲ့ ဆွမ်းခံအတူသွားတယ်။ ဆွမ်းခံရာမှ ပြန်လာတော့ အစိုးရကျောင်းသွားတတ်တယ်။ ဒီတော့ ဘုန်းကြီးစာလဲ သိသလို လောကီအစိုးရကျောင်းစာကိုလည်း နာလည်တာပေါ့။

တကယ်တော့ ဘုန်းကြီးကျောင်းသား ဘ၀က မလွယ်ရေးချ မလွယ်ဘူးဗျ။ ခပ်ထက်ထက် ဆရာသမားနဲ့ နေရရင် ပိုတောင် မလွယ်သေး။ ဆွမ်းစား ကွမ်းစားရှိလို့ ကိုယ့်ကျောင်းသားကို ဘုန်းကြီးပွဲကျ မကျွေးရင် တစ်ချို့ဘုန်းကြီးတွေဆိုရင် ထတောင် ပြန်တတ်ပါသေးတယ်။ ကျောင်းပြန်ရောက်ရင်တော့ ဆော်ပလော် အတီးခံရပြီသာ မှတ်ပေတော့။ အဲဒါကြောင့်မို့ ထင်ပါတယ်။ ဆွမ်းစား ကွမ်းစားကို အခေါ်ခံ၇တဲ့ ကျောင်းသားတွေကလဲ ခပ်ထက်ထက် ဆရာတော်တွေရဲ့ တပည့်လို့ မပြောရဘူး၊ လက်ကတော့ ဘာသွက်သလဲ မမေးနဲ့။ ထမင်းဝိုင်းထိုင်လိုက်တာနဲ့ ဟင်းကောင်းလေးဆိုရင် မရှိတော့ဘူး။ တစ်ချို့ဆိုရင် ခွက်လိုက်တောင် မှောက်ချတတ်သေးတာ။ လက်သွက်ပုံများပြောပါတယ်။

စကားမစပ် သတိရလို့ ပြောလိုက်ဦးမယ်။ ကျုပ်တို့ လှည်းကူးနယ်မှာ ယခင်တုံးက ကျောင်းထိုင်ဆရာတော်တိုင်းနီးပါးမှာ နွားလှည်းကိုယ်စီ ရှိတတ်ကြပါတယ်။ (ယခုခေတ်တော့ ကိုယ်ပိုင်ကားပေါ့။) အလှူအတန်းရှိရင် ကိုယ်နွားလှည်းနဲ့ ကိုယ်သွားတတ်ကြတာပါ။ (မှတ်မိသေးတယ်။ ကျုပ်တို့ကျောင်းက နွားလှည်းလေ၊ နွားလှည်း ပြိုင်ပွဲ ၀င်ပြိုင်တာ အနိုင်မရပဲ ဖရဲသီးပုံ ၀င်နင်းမိလို့ အရော်ပေးပြီး ဖရဲသီး အ၀စားခဲ့ရသေးတယ်။) ဒါတွေထားပါတော့။

တစ်နေ့အလှူ တစ်ခုကို ကျု ပ်တို့ကျောင်းကို ပင့်တော့ ဆရာတော် နဲ့ အတူ ကျောင်းသားတွေလဲ ပါသွားတာပေါ့။ အလှူမှာ ရေစက် မိုးစက်ချပြီး ကျောင်းပြန်ရောက်တော့ ဆရာတော် အတွက်ရမယ့် အလှူပစ္စည်းတွေ ပါမလာခဲ့ဘူး။ ဘယ်ပါမလဲ။ အခြားကျောင်းသားက ကြားထဲကနေ နှစ်ပါးစာ ကြားဖြတ်ယူသွားခြင်းခံရတာလေ။
ဆရာတော်က ကျောင်းပြန်ရောက်တော့ ဆူပါလေရော။ ဒီလောက် နုံရမလားလို့လေ။ နောက်တစ်ခါ အလှူမှာ အဲဒီလို ဖြစ်ရင်တော့ ဆွမ်းစားကွမ်းစား တသက်လုံး မခေါ်တော့ဘူးတဲ့။

သိပ်မကြာပါဘူး။ ကျု ပ်တို့လှည်းကူးနယ်က ကျွန်းကုန်းဆိုတဲ့ ရွာမှာ ရှင်ပြုအလှူ အကြီးအကျယ် ကျင်းပပါတယ်။ ဒီတစ်ခါတော့ ကျောင်းသား မောင်ဖိုးသီတို့က လက်ကတော့ ဘာသွက်သလဲမမေးနဲ့။ ငါးရံ့ခြောက်ပြားဆိုရင် နှစ်ပြား၊ သင်္ကန်းဆိုရင် နှစ်စုံ၊ မုန့်ဆီကြော်ခြင်းတောင်းက နှစ်တောင်း စသဖြင့် စသဖြင့်ပေါ့။ တစ်ပါးကြွတာကို အလှူပစ္စည်းတွေကို နှစ်ပါးစာရအောင် ယူလာတာလေ။ ကျောင်းရောက်တော့မှ ဆရာတော်က နှစ်ပါးစာ ပါလာလို့ တစ်ပါးစာကို ပြန်ပို့ခိုင်းခဲ့ရပါတယ်။ (အဲဒီနေ့က အလှူပစ္စည်း မရသွားတာကတော့ ကောက်ကွေ့ကျောင်းကြီးဘုန်းတော်ကြီးပါ။)

ဟိုတစ်ချိန်တုန်းက ဘုန်းကြီးကျောင်းသားအဖြစ်နဲ့ သူတပါးကျောင်းထက်သာအောင် အညီအမျှမဟုတ်ပါဘဲ ပိုယူလာတာကို အရမ်းဂုဏ်ယူခဲ့တာပေါ့။ အခုကြီးလာတဲ့ အခါမှာ ဒီလိုခေါင်းပုံဖြတ်မှု့တွေဟာ ဂုဏ်ယူစရာ မဟုတ်ကြောင်း ကောင်းကြောင်း နားလည် သဘောပေါက်လာပါတော့တယ်။ တစ်ကယ်တော့ ကရင်လည်း တစ်ကျပ်၊ ဗမာလည်းတစ်ကျပ်ပဲ ဖြစ်သင့်ပါတယ်။ ဘာပဲလုပ်လုပ် သာတူညီမျှပဲကောင်းပါတယ်။ ဒါကြောင့်မို့လဲ ဆရာဘုန်းတော်ကြီးက အခြားတစ်ပါးစာကို ပြန်ပို့ ခိုင်းခဲ့တာပေါ့။

စကားမစပ် ပြောရဦးမယ်။
ဘုန်းကြီးကျောင်းသားတွေက အကောင်းစားတယ်နော်။

လူတိုင်းအပေါ်မှာ သာတူညီမျှ သဘောထားနိုင်ကြပါစေ။

အ၇ှင်အဂ္ဂဥာဏ (လှည်းကူး)
ဆစ္ဒနီ၊ ၾသစေတးလ်၊
၎-၄-၂၀၁၄ (သောကြာနေ့)

No comments: