Friday, 16 May 2014

မြို့မေတ္တာခံယူနေတဲ့ လှည်းကူး EPC နဲ့ လှည်းကူးစည်ပင်

အခုတလော လှည်းကူးသူ/ သားတွေရဲ့ ပါးစပ်ဖျားမှာ မေတ္တာများများပို့နေတာကတော့ လှည်းကူး EPC နဲ့ လှည်းကူးစည်ပင်တို့ပဲ ဖြစ်ပါတယ်။

မိုးလေးနဲနဲလောက် ကျလာပြီဆိုရင် လှည်းကူး EPC က ပညာစပြလေပြီ။ မီးက မလာတော့ပါ။ နွေကျတော့ နွေမလို့။ ရေမရှိလို့ မီးမလာပါ။ မိုးဖျောက်ဖျောက်ကျပြန်တော့ လေတိုက်လို့၊ မိုးကြိုးထိမှာစိုးလို့၊ မီးကြိုးပေါ် သစ်ကိုင်းပြုတ်ကျလို့၊ အကြောင်းပြချက်တွေကတော့ အမျိုးမျိုးပဲ။ တက်လဲ တက်နိုင်ကြပါပေတယ်။

ထမင်းချက်ချိန် ဟင်းချက်ချိန်ဆိုရင် မီးက ပျက်ပြီ။ မိသားစုတွေ အနားယူတီဗီကြည့်ချိန်ဆိုရင် မီးပျက်ပြီ။ ဘောပွဲရှိလို့ကတော့ မကြည့်နဲ့တော့။ မီးပျက်မှာ ကျိန်းသေနေပါပြီ။ စာမေးပွဲရှိပြီဆိုရင် မီးက မလာတော့ပါ။ ဒါကတော့ လှည်းကူး EPC ရဲ့ အမြဲတမ်း ဖြစ်နေတဲ့ သဘာဝလေးတွေပါပဲ။ အဲဒီအချိန်မှာ လှည်းကူးသူ/သားတို့အမြဲတမ်း မေတ္တာပို့ခြင်းခံရတာကတော့ လှည်းကူး EPC ပါပဲ။ ဘယ်လောက်ပဲ မေတ္တာပို့ပို့ မီးကတော့ မလာပါ။ သူတို့ လှည်းကူး EPC တောင် ဖယောင်းတိုင်ထွန်းပြီး နေနေရသလားမသိပါ။

မြို့မေတ္တာခံယူတဲ့ လှည်းကူးEPC ကြောင့် မြို့နေ၊ တောနေ ပြည်သူ
လူထုကတော့  ကျောကော့အောင်ခံနေရတော့တာပါပဲ။ လျှပ်စစ်မီးသာ မမှန်တာ၊ မီတာခကတော့ ဘာမှန်သလဲမမေးနဲ့။ လစဉ်မီတာခ မှန်မှန်ပေးပါလျက် ဘက်ဂျက်ကုန်တဲ့ လဆိုရင် သတိသာထားပေတော့၊ သင့်မှာ ကြွေးကျန်ဘယ်လောက်လာဆောင်ပါ။ မဆောင်ပါက လျှပ်စစ်မီးပေးခြင်းကို ရပ်ဆိုင်းမည်--ဆိုတဲ့ စာကလာသေးတယ်။ ပြည်သူတွေခမျာ ကြွေးကျန်မရှိပါဘဲ မီဖျက်ခံရမှာ ကြောက်တော့ သူတို့တောင်းသလောက် ထပ်ပေးရပါသေးတယ်။

ပြည်သူတွေဖက်ကလဲ တစ်ချို့အိမ်တွေက လျှပ်စစ်မီးကို ခိုးသွယ်ထားတတ်ကြတာကိုလည်း တွေ့နိုင်ပါသေးတယ်။ ဒါကတော့ အချို့အချို့ပေါ့။ တစ်ကယ်တော့ လှည်းကူးမှာ လျှပ်စစ်မီးလာဖို့မှာ အဓိကတာဝန်ရှိသူမှာ လှည်းကူး EPC သာဖြစ်ပါတယ်။

 စကားမစပ် ကြွားရဦးမယ်။ လှည်းကူးမှာ လျှပ်စစ်မီးသာ မလာတာဗျ။ လျှပ်စစ်ဝန်ကြီးဆိုသူက လှည်းကူး (ဖောင်ကြီး)သား ဗျ။ ခင်မောင်စိုး-ဆိုလားပဲ။ ဆိုလားတော့ ဆားလိုတာပေါ့ဗျာ။ ဒါကတော မြို့မေတ္တာခံယူနေတဲ့ လှည်းကူး EPC ပေါ့ဗျာ။

နောက်တစ်ခုကတော့  လှည်းကူးစည်ပင်ပါ။ အများကတော့ ပြောကြတယ်ဗျ။ လှည်းကူးစည်ပင်က အခွန်ပဲကောက်တတ်တယ်တဲ့လေ။ ဈေးကောက်ဆိုရင် မှန်မှန်ကောက်တယ်။ ဈေးသန့်ရှင်းရေးကျတော့ ကောင်းကောင်းမလုပ်ဘူး။ အဲဒါ လှည်းကူးစည်ပင်ပါ။ ဈေးအိမ်သာတွေကလဲ ညစ်ပတ်နေတာပါပဲ။ အနံ့ပေါင်းစုံနေတာပဲ။ အိမ်သာတက်ခတော့ တောင်းတယ်။ အိမ်သာကိုတော့ သန့်ရှင်းရေးမလုပ်ဘူးဗျ။ အဲဒါမှတ်ထား လှည်းကူးစည်ပင်ဗျ။

မြို့ပေါ် (၅)ရပ်ကွက်မှ ပြည်သူတွေဆီက အမှိုက်ခွန်အတွက် မှန်မှန် ပိုက်ဆံလာကောက်ပေမယ့် အမိုက်ကျတော့ မသိမ်းဘူးဗျ။ သူတို့ကို ပြောရင်တော့ ဟိုလူ့လွှဲချ၊ ဒီလူ့လွှဲချ။ ခံရတာက ပြည်သူတွေပဲ။
ပြည်သူတွေရဲ့ အမှိုက်ကျတော့ မသိမ်းပဲ ငါးဆူတောင်က စည်ပင်ဝန်ကြီးရဲ့ ခြံမှာကြတော့ မျက်နှာလို မျက်နှာရသွားလုပ်ပေးနေကြသေးတယ်တဲ့လေ။ အံ့ရောပဲ။

မြို့ရွာတွေကို စည်ပင်သာယာအောင်သာ မလုပ်တာဗျ။ ဒါပေမယ့် အခွန်ကောက်နယ်မြေကတော့ မြို့ကနေ တောတွေအထိကို တိုးချဲ့ပြီး ဆင်းကောက်နေတာလေ။ ဘယ်ရပ်ကွက်၊ ဘယ်နှစ်လမ်း ၊ အိမ်နံပါတ်ဘယ်လောက်မှာတော့ ခိုးပြီးတော့ အိမ်ပြင်နေတယ်လို့ သိရင်တော့ အဲဒီအိမ်တော့ နာဖို့သာပြင်ပေတော့။ အဲဒီလို လှည်းကူးစည်ပင်အတွက် စားပေါက်လေးတွေကို  လှည်းကူးစည်ပင်က ၀န်ထမ်းတွေက လိုက်ချောင်းနေလေရဲ့လေ။

ဘာပဲပြောပြော၊ ရလာဒ်ကတော့ လှည်းကူးတစ်မြို့လုံး မြောင်းပုပ်နံ့တွေ၊ အမှိုက်ပုပ်နံ့တွေ နံဆော်နေတာပါပဲ။ ဒီအမှိုက်တွေကို လှည်းကူးစည်ပင်ကလွဲပြီး ဘယ်သူတွေက ရှင်းပေးမလဲ။ သူတို့မရှင်းသရွေ့တော့ လှည်းကူးမြို့ကြီးက ဘယ်လိုမှ သန့်၇ှင်းသတ်ရပ်မှာ မဟုတ်ပါဘူး။ အနံ့တွေ၊ အမှိုက်တွေ များလေလေ၊ ပြည်သူတွေက မေတ္တာပို့လေလေပဲ။ ဒါပေမယ့် လှည်းကူးစည်ပင်ကလဲ ဘယ်လောက်ပို့ပို့ မဖြုံရေးချ မဖြုံပါပဲ။

ဒါကတော့ မြို့မေတ္တာခံယူနေတဲ့ လှည်းကူး EPC နဲ့ လှည်းကူးစည်ပင်အကြောင်းပါပဲ။ ရေးစရာတွေကတော့ အများကြီးဗျာ။ နောက်ကျမှ မြို့မေတ္တာခံယူနေတဲ့ လှည်းကူးက ဌာနတွေအကြောင်း အလျဉ်းသင့်ရင် ရေးဦးမယ်။

လှည်းကူးသားစစ်စစ်တစ်ယောက်

No comments: