Wednesday, 7 May 2014

လှည်းကူးမှသည် ဒီကေဘီအေ ခေါ်ရာသို့ လိုက်သွားတဲ့ သမီးလေးတို့အတွက် နေအိမ် (၆၀)ကျော် ပြီးစီးပြီ (ကိုရွှေသိန်း)

ကရင်ပြည်နယ် မြ၀တီမြို့နှင့် မိုင် ၃၀ ခန့်ကွာဝေးသော ကျောက်ခတ်ကျေးရွာတွင် အခြေချနေထိုင်မည့် သမီးကလေးကျေးရွာသားများ၏ နေရာထိုင်ခင်းများအတွက် အိမ် ၆၀ ကျော်ပြီးစီးနေပြီဖြစ်၍ ဒေသတွင်းစိုက်ပျိုးရေး လုပ်ငန်းခွင်များ၌ ၀င်ရောက်လုပ်ကိုင်နေကြပြီဖြစ်ကြောင်း သိရသည်။

 DKBA နောက်သို့လိုက်လာသည့် သမီးလေးကျေးရွာသားများမှာ ယခုအခါ ဒေသတွင်း စိုက်ပျိုးရေးလုပ်ငန်းဖြစ်သော ရော်ဘာစိုက်ခင်းများတွင် တစ်ကျင်း ၁၀ ဘတ်နှုန်းဖြင့် လုပ်ကိုင်နေကြရ၍ တစ်နေ့လျှင် ဘတ် ၃၀၀ မှ ဘတ် ၅၀၀ အထိရရှိကြကြောင်း၊ DKBA နောက်သို့လိုက်ခဲ့သော သမီးလေးကျေးရွာသားများ ပြန်သွားသည်ဆိုသည်မှာ ကောလာဟလများသာဖြစ်ပြီး အလုပ်ကြိုးစားလျှင် ကြိုးစားသလောက် တစ်နေ့ ကျပ် ၉၀၀၀ မှ ၁၅၀၀၀ ထိ လုပ်အားခရရှိနေကြကြောင်း သိရသည်။

 (DKBA) တိုးတက်သော ဗုဒ္ဓဘာသာ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော်မှ ခေါ်ဆောင်လာသည့် သမီးလေးကျေးရွာသားများအတွက် မူလကျောက်ခတ်ကျေးရွာနှင့် တစ်ဆက်တည်းမြေနေရာ စီစဉ်ပေးပြီး ကော်မတီဖွဲ့စည်းကာ နေအိမ်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ " ပြန်သွားတာဆိုလို့ မိသားစုကိုခေါ်မရလို့ ပြန်သွားတဲ့သုံးဦးပဲရှိပါတယ်။ နေအိမ်တွေလည်း ပြီးသလောက်ဖြစ်နေပါပြီ။ အခုရော်ဘာစိုက်ခင်းတွေမှာ အလုပ်ဝင်လုပ်နေကြပါတယ်။ နေ့စားနဲ့ မဟုတ်ပါဘူး။ အလုပ်ကြိုးစားလုပ်သလောက် တစ်နေ့ ဘတ် ၃၀၀၊ ၅၀၀ ရနေကြတော့ အရမ်းပျော်နေကြပါတယ်" ဟု ဗိုလ်မှူးကြီးစောဆန်းအောင်က မေ ၆ ရက်တွင် ပြောကြားသည်။

ဧပြီ ၅ ရက် ကျောက်ခတ်ကျေးရွာသို့ ရောက်ရှိလာသည့် သမီးလေးရွာသားများတွင် ကလေးငယ်လေးများ၊ လေဖြတ်ထားသည့် ဝေဒနာရှင်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ဖျားနာနေသည့် လူနာများအပြင် သွေးလွန်တုပ်ကွေးဖြစ်နေသော ကလေးငယ်များ ပါဝင်လာသည့်အတွက် ကလို့ထူးဘောစစ်ဗျူဟာမှ ကျန်းမာရေးမှူးစောမျိုးသူရက အနီးကပ်စောင့်ကြပ် ကုသပေးလျက်ရှိသည်။ ယင်းကဲ့သို့ ကုသပေးနိုင်ရန် မြ၀တီမြို့ ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်းမှ ငွေကျပ် ၁၁ သိန်းကျော် တန်ဖိုးရှိဆေးဝါးများ လာရောက်လှူဒါန်းခဲ့သည်။

 ကျောက်ခတ်ကျေးရွာသားများ၏ ကလေးငယ်များနည်းတူ သမီးလေးကျေးရွာအဖွဲ့သားများမှ မူလတန်းကလေးငယ်များအား ရွာမူလတန်းကျောင်းတွင် ပညာသင်ကြားပေးရန် စီစဉ်ပေးမည်ဖြစ်ပြီး အလယ်တန်းအဆင့်၊ ပညာရေးကိုလိုလားသည့် ကလေးငယ်များအား မြ၀တီမြို့သို့ တက်ရောက်ပညာသင်ယူနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးစောဆန်းအောင်က ပြောကြားသည်။

ရန်ကုန်တိုင်း လှည်းကူးမြို့နယ် သမီးကလေး၊ အုတ်ဖို၊ အင်းမတီး၊ လတ်ကျိုက်၊ ထီးပနာ၊ တောင်လုံးမြောင်၊ ထော်ကာလီစသည့်ရွာများကို ကျူးကျော်အဖြစ် ဖျက်သိမ်းခံခဲ့ရကြောင်း သိရသည်။ -

Ref: Eleven Media

No comments: