Friday, 8 February 2013

Open Universities Australia ပညာတော်သင်ဆု လျှောက်ထားနိုင်


မိမိ၏ လက်ရှိအလုပ်အကိုင်၊ ဇာတိမြို့ရွာနှင့် မိသားစုတို့ကို မခွဲမခွါဘဲ အရည်အသွေးမြင့် သြစတြေးလျား တက္ကသိုလ်များ၏ ဘွဲ့ဒီဂရီ သင်တန်းတို့ကို ဆက်လက် ဆည်းပူးနိုင်ရန် ပညာတော်သင်ဆုများကို Open Universities Australia OUA မှ ထပ်မံ ချီးမြှင့်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

OUA ပညာတော်သင်ဆု တာဝန်ခံ Ms. S’ra Albion-Lawson မှ ပညာတော်သင်ဆု နောက်ခံကိုရှင်းပြခဲ့သည်။ “မြန်မာကျောင်းသားတွေ၊ အထူးသဖြင့် တက္ကသိုလ်ပညာရေးအတွက် အခက်အခဲရှိနေတဲ့ ရွှေ့ပြောင်းဒေသတွေ၊ တိုင်းရင်းသားဒေသတွေက လူငယ်တွေအတွက် ပညာတော်သင်ဆု ဖြစ်ပါတယ်။ အခုတော့ ပြည်တွင်းကိုလည်း ပေးမှာဖြစ်ပါတယ်။”
ကမ္ဘာ့အဆင့်မီ တက္ကသိုလ်ကြီး ၇ ခုနှင့် အင်စတီကျူးရှင်းပေါင်း ၂၀ ကျော်ဖြင့် စုပေါင်းဖွဲ့စည်းထားသည့် OUA ၏ ဘွဲ့ကြိုနှင့် ဘွဲ့လွန် သင်တန်းများစွာတို့ကို သြစတြေးလျားနှင့် နိုင်ငံတကာမှ ကျောင်းသူကျောင်းသားပေါင်း သုံးသောင်းကျော် နှစ်စဉ် လေ့လာလျက်ရှိသည်။

“ကျွန်တော်တို့ရဲ့ OUA တက္ကသိုလ်များဟာ သြစတြေးလျားရဲ့ အထင်ကရ တက္ကသိုလ်များနဲ့ စုဖွဲ့ထားတာဖြစ်ပါတယ်။ အဆင့်မြင့် အရည်အသွေးပြည့် ဘွဲ့သင်တန်းပညာရေး ဆက်လက်ဆည်းပူးနိုင်ကြဖို့ပါ။ ပညာရေးဆိုတာ နံရံလေးဘက် စာသင်ခန်းတွေနဲ့ လောက်တင် ဘောင်ခတ်ထားတဲ့ခေတ် မဟုတ်ဘူးဆိုတာကလည်း အားလုံး သိထားကြတဲ့အရာပါ။ အရင်ခေတ်တွေတုန်းကလို တက္ကသိုလ်ကျောင်းတော်ကြီးမှာ လူကိုယ်တိုင် သွားရောက် ပညာသင်ကြားမှ အဆင့်မြင့်ပညာ ရမည့်ခေတ် မဟုတ်တော့ဘူး။ အဲဒီထက်ကို ပိုကျယ်ပြန့်လာနေတယ်။ ပိုလို့တောင် တစ်ဦးချင်းရဲ့ အခွင့်အလမ်းတွေ များပြားလာနေတယ်။

 OUA ရဲ့ ဘွဲ့သင်တန်းများဟာ နောက်ဆုံးပေါ် online communication system တွေကို အသုံးချပြီး စာသင်ခန်းတွေ၊ သင်ခန်းစာတွေကို ဖွဲ့စည်းထားတယ်။ အဲဒီမှာ တက္ကသိုလ်ကျောင်းတွေက ပါမောက္ခတွေ၊ ကထိကတွေနဲ့ ကျူတာများက တစ်ဦးချင်အလိုက်၊ အုပ်စုငယ်အလိုက် တိုက်ရိုက်ဆွေးနွေး သင်ကြားပေးတယ်။ မိမိရဲ့ လက်ရှိ အလုပ်အကိုင်နဲ့ မိသားစု၊ ဇာတိရပ်ရွာကို မစွန့်ခွါဘဲ ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်း ရှေ့ဆက်ပညာရေး အခွင့်အလမ်း ဖြစ်ပါတယ်။” OUA ဘွဲ့သင်တန်းများ၏ ပညာရေးဆိုင်ရာ တာဝန်ခံ တစ်ဦး Academic Coordinator ဖြစ်သူ ဆရာဦးသိန်းနိုင်က အွန်လိုင်းဘွဲ့သင်တန်းနှင့် ပတ်သက်ပြီး ရှင်းပြထားသည်။

“ရတဲ့ဘွဲ့အတွက် အချိန်ကာလရယ်၊ လေ့လာ ဆည်းပူတဲ့ အကြောင်းအရာရယ်၊ ဘာသာရပ် တွေရယ်၊ စစ်ဆေးတဲ့ပုံစံတွေက ကျောင်းသွား တက်တဲ့သူတွေနဲ့ တစ်ပုံစံတည်း ပါပဲ။ အဲဒါကြောင့် အခုဆိုရင် သြစတြေးလျား ကျောင်းသား အတော်များများဟာ အွန်လိုင်း တက်ရောက်ကြပြီ။ တန်ဖိုးချင်း ထပ်တူညီမျှ လို့ပါ။ အတော်ကြိုးစားမှ ဖြစ်တယ်။”

သြစတြေးလျနိုင်ငံ အခြေစိုက် Open Universities Australia (OUA) ပညာသင်ဆုအတွက် ပြည်တွင်းရှိ မြန်မာ ကျောင်းသား ငါးဦးကို ယခုနှစ်တွင် စတင်ပညာသင်ဆု ပေးအပ်သွားမည် ဖြစ်ကြောင်း သိရပါသည်။ ထိုင်း-မြန်မာ နယ်စပ်ဒေသများမှ မြန်မာကျောင်းသားများ အတွက်လည်း ပညာတော်သင်ဆု ချီးမြှင့်မည်ဖြစ်သည်။

Open Universities သည် သြစတြေးလျနိုင်ငံရှိ Curtin University, Griffith University, Macquarie University, Monash University,RMIT University, Swinburne University of Technology နှင် University of South Australia တို့က ပိုင်ဆိုင်ထားသော ပညာရေး အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

ယင်းအဖွဲ့အစည်းသည် ၂၀၀၆ ခုနှစ်မှစ၍ နယ်စပ်ဒေသမှ ကျောင်းသားများနှင့် ပြည်ပရောက် အဖွဲ့အစည်းများမှ ကျောင်းသား ၂၅ ဦးကို အွန်လိုင်းဘွဲ့ သင်တန်းများအတွက် ပညာသင်ဆု ပေးအပ်လျက်ရှိပြီး ယခုအခါ ပြည်တွင်းရှိ ကျောင်းသားငါးဦးကို ပညာသင်ဆု တိုးချဲ့ ပေးအပ်ရန် ကြေညာလိုက်ခြင်းဖြစ်သည်။

ပညာသင်ဆု လျှောက်ထားမည့် ကျောင်းသားများအနေဖြင့် Bachelor of Business (Swinburne), Bachelor of Business (Griffith), Bachelor of Arts (Murdoch), Bachelor of Technology (Computing Studies) (RMIT), Bachelor of Arts (Griffith), Bachelor of Arts (Macquarie), Bachelor of Communication (Griffith), Bachelor of Liberal Studies (Griffith) နှင့် Bachelor of Accounting (University of South Australia) ဘွဲ့ဒီဂရီများကို ဖော်ပြပါ တက္ကသိုလ်များအလိုက် ပညာသင်ယူ လေ့လာနိုင်မည်ဖြစ်သည်။

အဆိုပါ ပညာသင်ဆု အစီအစဉ်သည် အွန်လိုင်းအခြေပြု သင်ယူလေ့လာရခြင်းဖြစ်ပြီး ဘွဲ့ကြိုသင်တန်းသာမက ဘွဲ့လွန် သင်တန်း post graduates & masters အတွက်လည်း ပညာသင်ဆု ပေးအပ်လျက်ရှိသည်။

၂၀၁၂ ခုနှစ်တွင် Bachelor of Communication (Public Relations/ Journalism) ဘွဲ့သင်တန်းကို OUA အဖွဲ့ဝင်တက္ကသိုလ် တစ်ခုဖြစ်သော Griffith University တွင် ၄ နှစ်ခွဲ ကြာ လေ့လာ ဆည်းပူးအောင်မြင်ခဲ့သူ နိုင်ကဆော့မွန် (မွန်သတင်းဌာန၊ မွန်လူ့အခွင့်အရေး အဖွဲ့ဒါရိုက်တာ) က သူ၏ပညာတော်သင်အတွေ့အကြုံများကို ယခုကဲ့သို့ ပြောပြခဲ့သည်။ “ကျွန်တော်တို့အတွက် အင်မတန်မှ တန်ဖိုးရှိလှတဲ့ အခွင့်အရေးပါ။ ကျောင်းတပိုင်းတစနဲ့ လူ့အဖွဲ့အစည်းနဲ့ နယ်မြေမှာ ဖွံ့ဖြိုးရေးတွေကို လုပ်ကိုင်နေခဲ့တော့ ပညာဆက်သင်ဖို့ အခွင့်အလမ်း နည်းပါးခဲ့တယ်။ အခုလို အရည်အသွေးမြင့် နိုင်ငံတကာတက္ကသိုလ်က ဘွဲ့ကို ရတဲ့အတွက် အများကြီး ဂုဏ်ယူပါတယ်။ အများကြီး ကြိုးစားခဲ့ရတယ်။” အသက် ၄၀ ကျော် နိုင်ကဆော့မွန်မှာ နယ်မြေဖွံ့ဖြိုးရေး စီမံချက်များကို မွန်ဒေသတွင် လုပ်ဆောင်နေသူ တစ်ဦးဖြစ်သည်။

BA (Sociology) လူမှုသိပ္ပံအထူးပြုဘွဲ့ကို Macquire နှင့် Griffith တက္ကသိုလ်များတွင် လေ့လာခဲ့သူ ပအိုဝ့်ကျောင်းသား ခွန်ဆန်းကျော်ကလည်း ယခုကဲ့သို့ လေ့လာမှု၊ အားထုတ်ရမှုများနှင့် ပတ်သက်ပြီး ရှင်းပြသည်။

 “ ၃ လ တခါမှာ ဘာသာရပ် ၁ ခု (အချိန်ပိုင်း)။ ၂ ခု (အချိန်ပြည့်) သင်ယူ လေ့လာနိုင်ပါတယ်။ တက္ကသိုလ်က လေ့လာရမည့် ဖတ်စာအုပ် textbooks တွေ၊ စာတမ်းတွေ၊ စာစဉ်တွေ ပို့လာပါတယ်။ CD တွေလည်းပါတတ်တယ်။ နောက်ပြီး ကိုယ်ပိုင် account နဲ့ တက္ကသိုလ် ဘာသာရပ် ၀ဘ်ဆိုက် blackboard လိုဟာမျိုးမှာ ပုံမှန် ၀င်ရောက် လေ့လာရပါတယ်။ အဲဒီမှာ ဘာသာရပ် ခေါင်းစဉ်တွေအလိုက် ဖတ်ရှုရမည့် စာတမ်းတွေ တင်ထားပေးတယ်။ video clips တွေ၊ ပါမောက္ခတွေရဲ့ သင်ခန်းစာ အသံဖိုင်တွေ တင်ထားပေးတယ်။ အပတ်စဉ်အလိုက် လေ့လာရမယ့် အရာတွေပါ။ ၁ ဘာသာဖြစ်ဖြစ်၊ ၂ ဘာသာဖြစ်ဖြစ် study period ဟာ ၁၃ ပတ် (၃ လ) တစ်ကြိမ်ပေါ့။ အွန်လိုင်းပေါ်မှာ ကျူတာတွေ၊ အခြားသော နိုင်ငံတကာ ကျောင်းသားတွေနဲ့ တွေ့ဆုံဆွေးနွေးခန်း၊ အမြင်ဖလှယ်ခန်းတွေမှာ ၀င်ရောက်ဆွေးနွေးမှ အမှတ်ရပါတယ်။ ပြီးတော့ ၂ ပတ်တစ်ကြိမ်လောက် ဘာသာရပ်အလိုက် စာတမ်းတွေ ရေးသားပေးပို့ရတယ်။

 အမှတ် ၄၀ - ၅၀ ဖိုးကို စာမေးပွဲ written exam  ၃ နာရီကိုလည်း ဘာသာရပ်အလိုက် ဖြေဆိုရပါတယ်။ OUA က သတ်မှတ်ထားတဲ့ ထိုင်း-မြန်မာ နယ်စပ် iNGOs ရုံးနေရာတွေ မှာ စာမေးပွဲ သွားဖြေရတာပါ။ စုစုပေါင်း ၂၄ ဘာသာ လေ့လာပြီးမှ ဘွဲ့အပ်နှင်းတာ ဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ စာတမ်းတွေ၊ သုတေသန အသေးစားတွေ စုစုပေါင်းစာတမ်း ၈၀ ကျော် လေ့လာ ရေးသား ပြုစုခဲ့ရပါတယ်။”

ခွန်ဆန်းကျော်မှာ ရွှေ့ပြောင်းလူထု ကျန်းမာရေးလုပ်ငန်းများတွင် health consultant အနေဖြင့် လုပ်ဆောင်နေသူ တစ်ဦးဖြစ်ပြီး ယခုအခါ Postgraduate Diploma in International Health (Public Health) ဘွဲ့လွန်သင်တန်းကို Australia အနောက်ပိုင်းဒေသရှိ Curtin University တွင် အွန်လိုင်းဆက်လက်လေ့လာ နေသူဖြစ်သည်။

ထိုင်းနိုင်ငံ ABAC တက္ကသိုလ်တွင် မဟာပညာရေးဘွဲ့ကို ပညာတော်သင်ဆုဖြင့် တက်ရောက်ခဲ့ပြီး Curriculum Project တွင် နည်းပြ အနေဖြင့် အလုပ်လုပ်နေသူ ဆရာမဒေါ်မိုးက ပညာတော်သင်ဆုနှင့် တွဲဖက် စိန်ခေါ်ချက်များကို ကျောင်းသားများ သတိပြုသင့်ကြောင်း ပြောပြခဲ့သည်။

“ပညာတော်သင်ဆုဆိုတာဟာ (သင့်တော်သော၊ စာဖတ်၊ စာရေးလိုသော) လူအနည်းငယ်ကိုသာ ပေးအပ် ချီးမြှင့်ကြတာပါ။ ဒါဟာ holiday ကာလ လုံးဝ မဟုတ်ဘူး။  ကြိုးစား ရုန်းကန်ရမယ့်ကာလလို့ နားလည်ထားကြ စေချင်တယ်။ ၀န်ထုတ်အသစ်ကို ထပ်ပိုးနိုင်မှ ဖြစ်မယ်။ အခွင့်အရေး ရယူထားတဲ့အတွက် လူ့အဖွဲ့အစည်းအတွက် ပြန်လည်ပေးဆပ်ရမည့် တာဝန်လည်းရှိတယ်။ တကယ်ကို ပညာရပ် တစ်ခုခုမှာ ၀ါသနာပါပြီး အဆင့်မြင့် လေ့လာနိုင်စွမ်း အင်မတန် မြင့်မားမှသာ အောင်မြင်နိုင်တာပါ။ ထူးချွန်နိုင်ပါတယ်။”

မယ်တော်ဆေးခန်းတွင် accountant တစ်ဦးဖြစ်သူ နော်အဲနာမူးကလည်း သူမ လေ့လာနေသည့် University of South Australia တက္ကသိုလ်၏ Bachelor of Accounting ဘွဲ့သင်တန်းနှင့် ပတ်သက်ပြီး ယခုလို ရှင်းပြပါသည်။ “အချိန် ညှိလို့ရတယ်။ မိသားစုလည်းရှိ၊ ကလေးငယ်လည်းရှိဆိုတော့ အလုပ်တဖက်နဲ့ အားလပ်ချိန်တွေ၊ စနေ၊ တနင်္ဂနွေနေ့တွေမှာ ပိုပြီးတော့ အချိန်ပေး လုပ်ဖြစ်ပါတယ်။ စာတော့ ကြိုးစားရတာပေါ့။” သူမမှာ ၂၀၀၉ ခုနှစ်တွင်စတင်ခဲ့ပြီး အချိန်ပိုင်း လေ့လာနေသူဖြစ်သည်။ ယခုအခါ ဒုတိယနှစ် သင်တန်းများ ပြီးဆုံးတော့မည်ဖြစ်သည်။

အချိန်ပိုင်း လေ့လာသူများအနေဖြင့် တပတ်လျှင် quality study time ၁၅ နာရီခန့်၊ အချိန်ပြည့် လေ့လာမည့်သူများ အနေဖြင့် နာရီ ၃၀ ခန့် အချိန်ပေးသင့်ကြောင်းနှင့် ပညာတော်သင်ဆု အဦးအစ ကာလတွင် IELTS ကို advanced level ရောက်ရှိစေရန် ၆ လ သင်တန်းနှင့် study skills, academic writing, critical thinking သင်တန်းတို့လည်း ပါရှိကြောင်း ယင်းအစီအစဉ်၏ academic coordinator ဆရာဦးသိန်းနိုင်က ဆိုပါသည်။

OUA ပညာသင်ဆုအစီအစဉ်အတွက် ပညာသင်ဆု လျှောက်လွှာများကို oua.scholarships @gmail.com သို့ လာမည့် ဇန်န၀ါရီလ ၁၈ ရက်နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်ပြီး ဘွဲ့သင်တန်း အသေးစိတ် အချက်အလက်များကို  www.open.edu.au တွင် ၀င်ရောက်ကြည့်ရှု လေ့လာနိုင်သည်။

၂၀၁၃ အတွက် ဖေါင်ပိတ်ရန်မှာ ၁၈ ဇန်န၀ါရီ ၂၀၁၃ ဖြစ်ပြီး လျှောက်လွှာများကို ဤနေရာတွင် ဒေါင်းလုတ် ရယူနိုင်ပါသည်။ အက်ဆေး ၃ ပုဒ်၊ ထောက်ခံစာ ၂ စောင်နှင့်အတူ ဖြည့်စွက်ထားသည့် လျှောက်လွှာများကို OUA selection team   oua.scholarships@gmail.com" style="margin: 0px; padding: 0px; border: 0px; font-size: 13.142857551574707px; line-height: inherit; font-family: inherit; color: rgb(0, 105, 214);"> oua.scholarships@gmail.com ထံသို့ အီးမေးလ်ဖြင့် ပေးပို့ရမည်ဖြစ်ပြီး ပဏာမအဆင့် ရွေးချယ် ခံရသူများသည် English Test နှင့် အင်တာဗျူးများကို ဆက်လက် ဖြေဆိုရမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ပညာတော်သင်ဆု လျှောက်လွှာများ ရယူရန် Click -
http://www.maukkha.org/index.php/news-menu/myanmar-educational-news-maukkha/2880-open-universities-australia

Written by မြတ်ပန်းရှင်

http://www.maukkha.org/index.php/news-menu/local-news-maukkha/2926-open-universities-australia

No comments: