Friday, 22 February 2013

မတူတာလေးများ- အပိုင်း (၁၀) တောင်းရမ်းခြင်း

စာရေးသူ ကျောင်းတက်ရတာကတော့ ဆစ်ဒနီမြို့လယ်ကောင်မှာ ရှိတဲ့ ဆစ်ဒနီ အင်စတီကျု့ မှာဖြစ်ပါတယ်။ ကျောင်းကို ရထားနဲ့ သွားတယ်။ မိမိဆင်းရမယ့် ဘူတာရောက်တဲ့အခါ များသေားအားဖြင့် မြေအောက်လမ်းက တဆင့် ကျောင်းဆီ သွားလေ့သွားထရှိပါတယ်။ တစ်ခါတစ်ရံမှာတော့ ပုံမှန်လမ်းကနေ သွားဖြစ်ပါတယ်။ ဒါကတော့ ရာသီဥတုပေါ်မှာ မူတည်ပြီး ကြုံသလို သွားပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဆစ်ဒနီရဲ့ ၇ာသီဥတုက အခုပူလိုက်၊ အခုအေးလိုက်။ တော်ကြာ မိုးရွာလိုက်ရော။ ဆိုတော့ ရာသီဥတုက သူဖြစ်ချင်ရာ ဖြစ်နေပါတယ်။ ဥပမာ ပြောရရင် ငယ်ငယ်က ကြားဘူးတဲ့ စကားတစ်ခွန်းလိုပေါ့။ အဲဒါကတော့ --ရန်ကုန်မိုးနဲ့ ရန်ကုန်သူဟာ အစိုးမရဘူး- ဆိုတာပါပဲ။ ဆစ်ဒနီရာသီဥတုကတော့ အဲဒီလိုပါပဲ။ အစိုးမရပါဘူး။ (ဆစ်ဒနီသူတော့ မသိပါ။)


 မြေအောက်လမ်းက တဆင့် ကျောင်းဆီသွားရာမှာ မြေအောက်လမ်းမှာ မိမိဝါသနာပါရာ အနုပညာပစ္စည်းတစ်ခုခုကို တီးမှုတ်ပြီး ဖြေဖျော်နေသူတွေ တော်တော်များများကို တွေ့ရပါတယ်။
 တစ်နည်းအားဖြင့် တောင်းရမ်းစားသောက်တယ်လို့ ဆိုနိုင်ပါတယ်။ တစ်ချို့သော လမ်းသွားလမ်းလာတွေကတော့ ပါလာတဲ့ ငွေအကြွေစေ့များကို ချပေးသွားကြပါတယ်။ တစ်ချို့သူတွေကတော့ မိမိနားထောင်ချင်တဲ့ သီချင်းကို သီဆိုတီးမှုတ်ခိုင်းပါတယ်။ ပြီးတော့ ဆုတော်ငွေချကြပါတယ်။

သူတို့ဟာ သီဆိုဖြေဖျော်ရာမှာ မိုက်ခရိုဖုန်းတွေ၊ ဆောင်းဘောက်ငယ်တွေနဲ့ ကျကျနနကို ဖြေဖျော်တီးမှုတ်ကြတာပါ။ တစ်ချို့ဆိုရင် တယောတွေ၊ တစ်ချို့ဆိုရင် အော်ဂင်တွေ၊ တစ်ချို့ဆိုရင် ဂီတာတွေ၊ တစ်ချို့ကျတော့ အကော်ဒီယံတွေ နဲ့ပါ။ တစ်ချို့ကြတော့ တမင်တကာ လာပြီးဖြေဖျော်တဲ့ သူတွေလဲ ရှိပါတယ်။ ဒါကြောင့် သူတို့တွေ အားလုံးကို တောင်းစားသူတွေလို့ ရာနှုန်းပြည့် ပြောရန် ခက်လှပါတယ်။ ဒီလို လမ်းဘေးဖော်ဖြေပွဲတွေကတဆင့် နိုင်ငံကျော် အနုပညာရှင်တွေ ဖြစ်သွားကြသူတွေလဲ မနည်းလှပါဘူး။ ရိုးရိုးတန်းတန်း မရှိလို့ တောင်းစာ နေသူတွေလဲရှိပါတယ်။ တစ်ချို့ကျတော့ လမ်းစရိပ်မရှိလို့ တောင်းကြောင်း စာကတ်ထားကြပါတယ်။ တစ်ချို့ကျတော့ မရှိလို့သာ တောင်းစားကြတာ။ လက်ထဲမှာတော့ နောက်ဆုံးပေါ် အိုင်ဖုန်းကို ကလိနေတဲ့ သူတွေလဲ တွေ့ရပါတယ်။

 ရိုးရိုးလမ်းက သွားရင်တော့ တောင်းတဲ့သူက ပုံစံတစ်မျိုးနဲ့ပါ။ ရိုးရိုးလမ်းမှာ တောင်းသူတွေ အများစုကတော့ မူလသြစီလူမျိုးတွေများပါတယ်။ စာရေးသူကိုတွေ့ရင်တော့ -ဗုဒ္ဓ-ဗုဒ္ဓ-ဟုအော်ခေါ်ပြီး လက်ဖြန့်တောင်းတော့တာပါပဲ။ စာရေးကလဲ ကိုယ်တက်နိုင်သလောက် ပေးပါတယ်။ တစ်ဒေါ်လာ၊ နှစ်ဒေါ်လာလောက်တော့ ပေးခဲ့ပါတယ်။ တစ်ခါတစ်ရံ ငါးဒေါ်လာလောက် ပေးပါဆိုတာ ရှိသေးတယ်။ မပေးရင် ရန်ရှာတတ်ကြောင်းလဲ ကြားဘူးနားဝရှိထားတယ်လေ။

များသောအားဖြင့် အဲဒီလမ်းက သွားရင် ပေးခဲ့တာများပါတယ်။ ပေးမှန်းသိလို့လဲ တောင်းတာလား မသိပါ။ ဒါပေမယ့် အရပ်တကာ လှည့်ပြီး တောင်းရမ်းတဲ့ သူမျိုးတွေတော့ မတွေ့မိပါဘူး။ အဲဒါကတော့ ဒီနိုင်ငံရဲ့ ထူးခြားချက်လေးပါပဲ။ တောင်းစားချင်ရင်တော့ လိုင်စင်ရှိမှ တောင်းစားနိုင်ပါတယ်။ ဒါတွေဟာ စာရေးသူ ကျောင်းတက်စဉ် နေ့စဉ် ကြူံတွေ့နေရတဲ့ မြင်ကွင်းလေးပါ။

ထို့အတူ မြန်မာပြည်မှာလဲ တောင်းတဲ့သူ တော်တော်များများကို တွေ့ဘူးပါတယ်။ မြန်မာပြည်က တောင်းစားနေတဲ့ ကလေးငယ်များရဲ့ ပုံ၇ိပ်များကို အင်တာနက်မှာပင် ရင်နင့်ဖွယ် တွေ့ရပါတယ်။ တာဝန်ရှိသူတွေ အနေနဲ့ တစ်ခုခုတော့ လုပ်ကြဖို့ လိုနေပြီ ထင်ပါတယ်။

မတူတာလေးတွေ ပြောပါတယ်။

 မောင်နေခြည် (လှည်းကူးမြေ)

No comments: