ကင်မ်က စိတ်တွေ အရမ်းကို
လှုပ်ရှားနေခဲ့တာပါ။ ဘယ်သူကမှ သူ့အဖေအတွက် နောက်ဆုံးပွဲမှာ စကားထပြောမယ်လို့
မထင်ထားခဲ့ ကြပါဘူး။ ကင်မ်က ဘာစာရွက် စာတမ်းမှ မကိုင်ဘဲ စကားထပြော
တော့တာပါ။ “ကျွန်တော် ဘာမှ သိပ်မပြောတော့ပါဘူး။ အားလုံးက အကုန်လုံး
ပြောပြီးနေမှပဲလေ။ ကျွန်တော့် အဖေက ဖခင်ကောင်း၊ ခင်ပွန်းကောင်း
တစ်ယောက်ပါပဲ။ သူက အစားစားရတာရော၊ လမ်းလျှောက်ရတာရော သဘောကျပါတယ်။
ကျွန်တော် ပြောချင်တာ ကတော့ ဒီနှစ်လလောက် အတွင်းမှာ အဖေ့ကို ကျွန်တော်
ပြုစု ခဲ့ပါတယ်။ သူ့ကို ပြုစုပေးရတာဟာ ကျွန်တော့် ကိုယ်ကျွန်တော်လည်း
ပြုစုရာ ရောက်သွားတာပါပဲ။ ဘာလို့လဲ ဆိုတော့ ကျွန်တော်ကိုယ်တိုင်
အဲဒီတချိန်လုံးမှာ နေ မကောင်းသလို ခံစားခဲ့ရလို့ပါ။ တကယ်လည်း သူ့ကို ပြုစု
တာ ကိုယ့်ကိုယ်ကိုယ် ပြုစုတာပါပဲ။ နောက်ဆုံးတော့ အဖေက ကျွန်တော်
လုပ်ချင်သလို လုပ်ပေးခဲ့ပြီးပါပြီ။ အဲဒါ ကတော့ စိတ်လျော့လိုက်ခြင်းပါပဲ။
လျော့မယ့် လျော့တော့လည်း သူက တစ်ခါတည်းကို လျော့ချပစ်လိုက် တာလေ။ ပြီးတော့
ကျွန်တော်လည်း သူ ကျွန်တော့်ဆီက ရှာနေတဲ့ လူပေလူတေ ဘဝကနေ လွတ်မြောက်မှုကို
လုပ်နိုင်စွမ်းခဲ့ပါပြီ” လို့ ကင်မ်က ပြောလိုက်ပါတယ်။
ကင်မ့်စကား အဆုံးမှာတော့ ဗုဒ္ဓဘာသာ
ဘုန်းတော်ကြီးတွေရဲ့ သုတ္တန်ရွတ်ဆိုမှု၊ ဒေါက်တာပီတာကာရေးရဲ့ အမှတ်တရ
စကားပြောဆိုမှု၊ ဘူတန် ဘုန်းတော်ကြီး၊ တိဘက်ဘုန်းတော်ကြီး၊ စကော့တလန်
ဘုန်းတော်ကြီးနဲ့ အင်္ဂလိပ် ဘုန်းတော်ကြီး တို့ရဲ့ ရွတ်ဆိုဆုတောင်းမှုတွေ
လုပ်ကြပါတယ်။ နောက်ဆုံး မှာတော့ ဘူတန် ဗုဒ္ဓဘာသာ ဘုန်းကြီးလည်း ဖြစ်၊
မိုက်ကယ့်ဖိတ်ကြားမှုနဲ့ အောက်စ်ဖို့ဒ်မှာ ကျောင်း လာတက်နေသူလည်း ဖြစ်တဲ့
ကာမဖွန်ဆို က သူ့ရဲ့ အသံဩကြီးနဲ့ “ဥုံ မဏိပဒမေဟုံ” အစချီကာ ဘုရားစာတွေကို
ရွတ်ပေးခဲ့ပါ တယ်။ သူက မိုက်ကယ် နာမကျန်းစဉ် ကာလအတွင်း ညတိုင်းမအိပ်မနေ
ပြုစုခဲ့တာ ဆိုတော့ အခုနေ ဘယ်လို များ ခံစား နေရမှာပါလိမ့်လို့ တွေးမိတော့
ကျွန်မလည်း မျက်ရည် မတိတ်နိုင်တော့ပါဘူး။
အရာအားလုံးက ပြီးဆုံးသွားခဲ့ပါပြီ။
ကန့်လန့်ကာလည်း ကျသွားခဲ့ပါပြီ။ အာရှသားတွေထက် အာရှကို ပိုချစ်တဲ့
အင်္ဂလိပ်ဟာ မိုက်ကယ်ပါပဲ။ အာရှယဉ်ကျေးမှုနဲ့ အစားအစာတွေကို ချစ်တယ်။ အာရှသူ
စုကို ချစ်တယ်။ သူ့ဈာပန ပြီးခဲ့ပါပြီ။ တက်ရောက်လာသူတွေက စင်္ကြန်လမ်းဘက်
ပြန်ထွက်ခဲ့ကြပါတယ်။ အဲဒီဘက်မှာတော့ ပန်းတွေနဲ့ မိုက်ကယ် ရဲ့ နောက်ဆုံး
ခရီးကို ဆင်ယင် ခြယ်သထားလေရဲ့။ မြက်ခင်းပြင်ကလည်း အေးချမ်း ငြိမ်သက်လှ
ပနေပါတယ်။ တစ်ဘက် မှာတော့ မြေသား သက်သက်သာ ရှိနေပြီး ကမ္ဘာမြေပေါ် ယာယီ
ရောက်လာသူတွေ အတွက် လှဲလျောင်းရာနေရာပေါ့။
စင်္ကြန်လမ်းရဲ့ အလယ်မှာတော့
ဒီဘက်မြက်ခင်းအခြမ်းနဲ့ ဟိုဘက် မြေသားအခြမ်းကို စည်းသားထား သလို အပေါက်လည်း
လုပ်ပေးထားပါတယ်။ လူတွေက ပန်းခွေတွေ ကိုင်ကာ တန်းစီနေလေတော့ အပေါ်စီးက
ကြည့်ရင် လက်ဝါးကပ်တိုင်လိုမျိုးတောင် မြင်နိုင်မှာပါ။
လူတန်းကြီးအဆုံးမှာတော့ လက်မှတ် ထိုးစရာ နေရာ လည်း ရှိနေပါတယ်။
တချို့သူတွေကတော့ အရေးတကြီး သွားစရာတွေ ရှိတာမို့ ဝမ်းနည်းမှတ်တမ်းမှာ
လက်မှတ်ထိုးပြီး ပြန်သွားကြပါတယ်။
လက်မှတ်ထိုးခါနီးမှာတော့ ကျွန်မရော
မိတ်ဆွေဒေါက်တာစန်း စန်းဝင်းရောက ခြေလှမ်းတွေ ရပ် သွားမိ ပါတယ်။
လက်မှတ်ထိုး စင်လေး နားမှာ ချထားတဲ့ မိသားစု လွမ်းသူ့ပန်းခြင်းထဲက စက္ကူဖြူ
တစ်စကို သတိထားမိသွားလို့ပါ။ အသံထွက်ပြီး ဖတ်လိုက်တော့ “မိုက်ကီ၊
ကျွန်မတို့ရဲ့ အချစ်ကို ဘယ်အရာကမှ မဖယ်ရှားနိုင်ပါဘူး။ စု” ပါတဲ့။
စန်းစန်းနဲ့ ကျွန်မလည်း တစ်ယောက်ကို တစ်ယောက် ဖက်ကာ ငိုမိကြပါ တော့တယ်။
စုရဲ့ ကံကြမ္မာက မိုက်ကယ့် နောက်ဆုံးခရီးကို ကိုယ်တိုင် လိုက်ပို့ခွင့်တောင်
မရလိုက်တဲ့ ကံကြမ္မာမို့ ဝမ်းနည်းမိကြတာပါ။
ကျွန်မမှာ ဒီလိုခင်ပွန်းကောင်း ရထားလို့ ပျော်ရွှင်ခဲ့ရပါတယ်။
မိုက်ကယ့် အခြေအနေ မကောင်းတော့ဘူးလို့
သိရပြီးတဲ့နောက် ကျွန်မက အင်္ဂလန်မှာ ၁၉၉၉ခုနှစ် မတ် ၂၆ ရက်ကနေ ဧပြီ ၁၀ ရက်
အထိ နေဖြစ်ခဲ့ပါတယ်။ ကျွန်မက ဟိုတယ်မှာ ရှိနေခဲ့တာမို့ ခင်ပွန်း သည်က
ဟိုတယ် ကို ဖက်စ်နဲ့ လှမ်း ပြီး စာပို့တတ်ပါတယ်။ တစ်မနက် မှာတော့ အဆာဟိနဲ့
မီနိချိသတင်း စာဖြတ်ပိုင်းတွေကို ပို့ပေးရင်း နောက်ကျောမှာ
စာတိုလေးတစ်စောင် ရေးပေးလာပါတယ်။ သူ့စာက “စုရဲ့ စကားလေးက ကျွန်မမှာ
ဒီလိုခင်ပွန်းကောင်း ရထားလို့ ပျော်ရွှင် ခဲ့ရပါတယ်တဲ့။ မျက်ရည်တောင်
မဆည်နိုင်ဘူးကွာ” လို့ ဖြစ်ပါသတဲ့။
မိုက်ကယ့် နောက်ဆုံးရက်တွေ ဟာ စုအတွက်
သိပ်ကို ခက်ခဲတဲ့ ရက်တွေ ဖြစ်ခဲ့မှာပါ။ သူ့အိမ်က ဖုန်းလိုင်း လည်း
အဖြတ်ခံထားရတာမို့ မိသားစုနဲ့ ဖုန်းမပြောနိုင်ခဲ့ပါဘူး။ ဒါကြောင့်
ရန်ကုန်မှာ ရှိတဲ့ အင်္ဂလိပ် မိတ်ဆွေ တွေကပဲ အဂ်လန်မနက် ၁၀
နာရီအချိန်တိုင်းမှာ သူတို့ဆီက တဆင့် ဖုန်းပြောနိုင်အောင် ကူညီ ပေးခဲ့ကြ
ပါတယ်။
စစ်အစိုးရကတော့ စုကို အင်္ဂလန်ပြန်ဖို့
တိုက်တွန်းခဲ့လေရဲ့။ သူ့သားတွေကလည်း စုကို ပြန်လာစေချင် ပါတယ်။
သူ့နားကလူတွေကတော့ မိုက်ကယ့် အခြေအနေကို သိပေမယ့် သူ့ကို ပြည်ပ မထွက်စေချင်
ခဲ့ပါဘူး။ သူသာ မြန်မာပြည်က ထွက်သွားရင် ပြန်ဝင်ခွင့်ရဖို့ မလွယ်ဘူးလို့
လူတိုင်းက သိနေကြပါတယ်။ စုဟာ အခု အချိန်မှာ မြန်မာ့ ဒီမိုကရေစီ ပြယုဂ်
ဖြစ်နေပြီလေ။ သူသာ မရှိရင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ လည်း
အဆင်မပြေနိုင်ဘူးလေ။
၁၉၉၉ ခုနှစ်၊ ဧပြီလ ၄ ရက် မှာတော့
ဘီဘီစီရဲ့ အရှေ့တောင်အာရှ သတင်းထောက် မစ္စတာမတ်ဖရိုင်း က ဆန်းဒေး
တယ်လီဂရပ်ဖ် သတင်းစာအတွက် စုနဲ့ အင်တာဗျုးကို အထူးကဏ္ဍ အဖြစ်
ရေးသားဖော်ပြခဲ့ပါတယ်။ သူ ရေးထားတာက သူ့ ရဲ့ အင်တာဗျုးကို စု ဖြေရတဲ့
အကြောင်းရင်းဟာ သူ့မိသားစု အကြောင်း ကို ပြောပြချင် လို့ မဟုတ်ဘဲ
မြန်မာပြည်က သာမန်လူတွေရဲ့ စစ်အစိုးရလက်အောက်က ဘဝတွေ ဘယ်လောက် ခက်ခဲတယ်
ဆိုတာ သက်သေပြချင်လို့လို့ ဖြစ်ပါတယ်။
“ကျွန်မက လူတွေကို ကိုယ့်မိသားစု
အတွင်းရေးအကြောင်း မပြောပြ လိုပါဘူး။ မြန်မာပြည်မှာ ထောင်နဲ့ သောင်းနဲ့
ချီတဲ့လူတွေဟာ အခုလို အရွေးရ ခက်တဲ့ ပြဿနာတွေအများ ကြီးကို
ရင်ဆိုင်နေရမှာပါ။ ကျွန်မရဲ့ ပြဿနာထက် သည်းတဲ့ ပြဿနာတွေက ပိုလို့တောင်
များနေပါသေး တယ်။ ဒါကြောင့် ကျွန်မရဲ့ အဖြစ်က သာမန်အဖြစ်ထက် ဘာမှ
မပိုပါဘူး” တဲ့။ တကယ်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အမျိုးသမီး
တစ်ယောက်ဟာ သူ့ခင်ပွန်း အသုဘကို တစ်နိုင်ငံ တည်း၊ တစ်မြို့တည်းမှာ
ထောင်ကျနေတာတောင် မပို့ခဲ့ရပါဘူး။ အဲဒီလို အဖြစ်မျိုးတွေကို သိနေတဲ့ စုဟာ
ပြည်ပကို ထွက်ဖို့ဆိုတာ မတွေးနိုင်ဘူးပေါ့။ မြန်မာပြည်မှာ စစ်တပ်က လွဲရင်
ကျန်တဲ့နိုင်ငံသားတွေ အနေနဲ့ တွေးဆယူလို့ ရနိုင်တာတွေ၊ ကိုယ်ပိုင်
မျှော်လင့်ချက်တွေကို လွန်မြောက်တဲ့ မရေရာမှုတွေ အလယ်မှာ ရှိနေကြပါတယ်။
သူတို့ အားလုံးဟာ အကျဉ်းသားတွေဖြစ်ပြီး ကျည်ရဲ့ရန်ကနေ မလွတ်မြောက်နိုင်ဘူး
ဖြစ်နေတယ်လို့ စုက ပြောတယ်လေ။
အထူးခံစားခွင့်တစ်ခုလို
အင်တာဗျူးခွင့်ရတဲ့ အဲဒီလူအနေနဲ့ စုရဲ့ စကားတွေက သိပ်ပြင်းထန်နိုင်နေပါတယ်။
စုက အမြဲလိုလိုပဲ သူ့ရဲ့ အားနည်းချက်တွေ ကို ပြဖို့ နှလုံးမာသူပါ။ ကလေးတွေ
အတွက်တောင်မှ အဲဒီလိုပါပဲ။ ဒါပေမယ့် မိုက်ကယ် ဆုံးတဲ့အခါမှာတော့ စုဟာ
အခန်း ထဲမှာ တစ်ယောက်တည်းနေပြီး တံခါးပိတ်ကာ တစ်ညလုံး ငိုပြီးရင်း
ငိုနေခဲ့တယ်လို့ ကျွန်မ ကြားခဲ့ရပါတယ်။
မသီတာ-စမ်းချောင်း http://www.myanmarij.com/%E1%80%B1%E1%80%92%E1%81%9A%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9%E1%80%86%E1%80%94%E1%80%B9%E1%80%B8%E1%80%85%E1%80%AF%E1%81%BE%E1%80%80%E1%80%8A%E1%80%B9-34/
No comments:
Post a Comment