ဝါကျွတ်ပြီးနောက်ပိုင်းဆိုရင် မြန်မာပြည်မှာ နတ်တင်ပွဲတွေ လုပ်ကြပါတယ်။ နတ်တင်တာကတော့ ရိုးရိုးတန်းတန်းပါပဲ။ မုန့်ဆီကြော်အဖြူ၊ အနီ၊ ထမင်း၊ ငှက်ပျောသီး၊ လဘက် အစရှိသဖြင့် ပေါ့လေ။ ပူဇော်ပသကြပါတယ်။
အထူးသဖြင့် စာရေးသူတို့ရွာက လှည်းကူးမြို့နယ်ထဲမှာ နတ်ပူဇော်ပသမှု့မှာတော့ တော်တော်လေးကို အလေးပေးတာကို တွေ့ရပါတယ်။ ၀ါဝင်တစ်ခါ၊ ၀ါထွက်တစ်ခါ အနည်းဆုံးတင်ကြပါတယ်။ ပြီးတော့ အဘွားကြီးစားတော်တိုက်တာဆိုတာလဲ လုပ်သေးတယ်။ ပြီးတော့ တောင်တော်တက်တယ် ဆိုလားပဲ လုပ်ကြတာပြောပါတယ်။ ပြီးတော့ ထူးထူးခြားခြား တင်တဲ့ရတဲ့နတ် ရှိသေးတယ်။ အဲဒီနတ်ကတော့ ထီးဖြူစောင့်နတ်လို့ ခေါ်ပါတယ်။ တပေါင်းလပြည့်နေ့ နံနက်စောစောမှာ ဘူးသီးကြော်လေးတစ်ခုနဲ့ တင်ရတာပါ။ အမျိုးချစ်တဲ့ နတ်လဲ ရှိပါသေးတယ်။ ကရင်နတ်ပါပဲ။ တင်ထားတဲ့စားစရာသောက်စရာ တွေကို မိသားစုဝင်ပဲ စားလို့ရတယ်။ အခြားသူစားရင် နတ်တင်မှု့ ပျက်ပြယ်တယ်ဆိုတာပါပဲ။ တနှစ်မှာ နှစ်ကြိမ်လောက် မြန်မာ့ဆိုင်းဝိုင်းကြီးတွေနဲ့ နတ်ကန္နားပေးကြပါတယ်။ စာရေးသူဆိုရင် နတ်နဲ့ ပတ်သတ်တဲ့ သီချင်းတော်တော်များများကို မကျက်ရပဲနဲ့ အလွတ်နီးပါးရနေပါတယ်။
စာရေးသူတို့မြို့နယ်မှာဆိုရင် နတ်နဲ့ ပတ်သက်ပြီးစကားတခွန်းတောင် ယနေ့အထိ ပြောစမတ် ဖြစ်နေပါတယ်။ အဲဒါကတော့ --ပိုက်ကြီးဝဲသူ ပိုက်ကြီးဝဲသားကို အိမ်ထောင်ပြုချင်ရင် ၃၇-မင်းတင်နိုင်မှ ယူနော်-- ဆိုတာပါပဲ။ အဲဒီလောက်ကို ပြောစမတ် ဖြစ်ပါတယ်။ ငယ်ငယ်တုံးကတော့ နတ်တင်တော့မယ်ဆိုရင် အရမ်းပျော်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မုန့်ဆီကြော်စားရလို့ပါပဲ။ ဘုန်းကြီးကျောင်းမှာဆိုရင် ဇလုံကြီးကြီး ၃ လုံးလောက် အမောက်အပြဲ မုန့်ဆီကြော်တွေကို စားစကုန် သောက်မကုန်ပါပဲ။ အခုတောင် တခါတရံ စားချင်သေးပါတယ်။
တနေ့မှာတော့ မုန့်ဆီကြော်ကြော်နေစဉ် စာရေးသူက အမေ့ကို အကြံတစ်ခုပေးခဲ့ပါတယ်။ အဲဒီအကြံကတော့ - အမေ- ကြက်ကောင်လုံးကြော်တွေ- ဒံပေါက်တွေ-ကိတ်မုန့်တွေ အရင်ဝယ်။ မုန့်ဆီကြော်လဲကြော်။ ပြီးရင် အမေ့နတ်တွေကို ပြောလိုက်ပါ။ ဒီနေ့ကစပြီးတော့ ကြက်ကောင်လုံးကြော်တွေ- ဒံပေါက်တွေ-ကိတ်မုန့်တွေကို နှစ်စဉ်နှစ်တိုင်း တင်တော့မယ်။ မုန့်ဆီကြော်ကတော့ နောက်ဆုံးအကြိမ်ပဲလို့ တစ်ခါထဲပြောထားလိုက်လို့ စာရေးသူက အကြံပေးလိုက်ပါတယ်။ အမေက ဟဲကောင်လေး ဒီလိုမပြောနဲ့ နတ်ကိုင်လိမ့်မယ်လို့ ပြန်ပြောပါတယ်။ စာရေးသူကလဲ အကြံနဲ့လေ။ ကြက်ကောင်လုံးကြော်တွေ- ဒံပေါက်တွေ-ကိတ်မုန့်တွေက မုန့်ဆီကြော်ထက်တော့ ကောင်းမှာပဲလို့ အကြံဖြစ်မိလို့ လေ။
စာရေးသူတို့ရွာလိုပါပဲ မြန်မာပြည်ရဲ့ မြို့တိုင်း ရွာတိုင်းမှာ နတ်ပူဇော်မှု့တွေဟာ တနေ့ထက်တနေ့ တော်တော်လေးကို များပြားလာတာ တွေ့ရပါတယ်။ တချို့ဆိုရင် ဘုရားက ခွင့်လွှတ်တယ်။ နတ်ကခွင့်မလွှတ်ဘူး။ နတ်တော့ တင်မှရမယ်-ဟုပြောတဲ့သူတွေလဲ တွေ့ဘူးပါတယ်။
နတ်ပွဲလုပ်တာ တစ်ခုတော့ ကောင်းတာတွေ့ရပါတယ်။ အဲဒါကတော့ နတ်ပွဲ လုပ်ချိန်မှာ ကွဲကွာနေတဲ့ မိသားစုတွေကို တစ်စုတစ်စည်းထဲ ပြန်တွေ့တာကြောင့်ပါ။ အခြား အချိန်မှာ ပြန်မလာရင် နေပါလိမ့်မယ်။ နတ်ပွဲကြရင်တော့ ပြန်လာကြတာပါပဲ။ နတ်ကိုင်မှာ ကြောက်လို့ ဖြစ်မှာပါ။
ဒီသြစီမှာတော့ နည်းနည်း ပြောင်းသွားပါတယ်။ မြန်မာမိသားစုတွေ တော်တော်များများ ရှိပါတယ်။ သူတို့တွေကတော့ ဘာနတ်မှ မရှိတော့ ပါဘူး။ (ဒါတောင် မြန်မာပြည်က ကျန်တဲ့မိဘတွေက သူ့အစား တင်ပေးတယ် ကြားဘူးတာပါပဲ။) ကရင် အစရှိတဲ့ လူမျိုးတွေတောင်မှ ဒီသြစီရောက်တော့ ဘာနတ်မှ မရှိတော့တာ တွေ့ရပါတယ်။ ကရင် လက်ချည်ပွဲတော်တော့ တွေ့ရပါသေးတယ်။
ဒါကြောင့် စာရေးသူ တွေးမိပါတယ်။ ပြည်ပရောက်လာရင် နတ်တွေကို ကြောက်စရာ မလိုတော့ဘူး- လို့။
မတူတာလေးတွေကို ပြောပါတယ်။
မောင်နေခြည် (လှည်းကူး)
No comments:
Post a Comment