Monday, 18 February 2013

မတူတာလေးများ အပိုင်း-၈

ဟိုတလောက ဖုန်းတစ်ကော ထူးထူးခြားခြား ၀င်လာပါတယ်။ အဲဒါကတော့ တစ်ချိန်က နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ် (ရန်ကုန်) တက်ရောက်ခဲ့စဉ် ဆရာတော်ခဲ့ဘူးတဲ့ ဘုန်းတော်ကြီး တစ်ပါးဆီမှ ဖုန်းခေါ်သံဖြစ်ပါတယ်။ အဲဒီဘုန်းတော်ကြီးကတော့ နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ် (ရန်ကုန်)ရဲ့ ပါဠိစာပေဌာနရဲ့ ဌာနမှူးဆရာတော် ဒေါက်တာအရှင် ကေတု ပဲဖြစ်ပါတယ်။ ဆရာတော်က သြစတေးလျနိုင်ငံ၊ ပါသ်မြို့တွင် ကျဉ်းပတဲ့ စာတမ်းဖတ်ပွဲကို တက်ရောက်ပြီးတော့ စာတမ်းဖတ်ကြားခဲ့သူဖြစ်ပါတယ်။ ထူးထူးခြားခြား နဲ့ ရှားရှားပါးပါး အခွင့်အရေး ပါပဲ။ ဆရာတော်က စာတမ်းဖတ်ပွဲပြီးရင် ဆစ်ဒနီကို လာလည်မည်ဖြစ်ကြောင်း၊ အရင် တစ်ခေါက်က ရောက်ခဲ့သော်လည်း အချိန်မရလို့ ချက်ချင်း ပြန်ကြွခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။

ဒီလိုနဲ့ ဆရာတော်လာခဲ့ရင် မိမိအားတဲ့ရက်မှာ သူသွားချင်တဲ့ နေရာကို လိုက်ပို့ မယ်လို ကြိုတင်ပြီး စီစဉ်ထားပါတယ်။ သူရောက်လာတော့ University of Sydney ကို သွားချင်တယ်လို့ ပြောပါတယ်။ အတော်ပါပဲ စာရေးသူ တက်ရောက်ပညာသင်ကြားနေတဲ့ Sydney Institute ကလဲ အဲဒီအနားမှာပါပဲ။ ဒီလိုနဲ့ University of Sydney ကို ရထားနဲ့ သွားပြီး လိုက်ပို့ခဲ့ပါတယ်။

University of Sydney ရဲ့ အ၀င်အ၀ကစပြီး ဆရာတော်ဟာ ဒါလေးဘယ်လောက်ကောင်းလဲ--- ဒီဟာလေးက တော်တော်လေးကို ကောင်းတယ်---- ဒီပုံစံက တော်တော်လေးကို ကောင်းတယ်-- ဒီလိုပုံစံမျိုး တို့ဆီမှာ ရှိသင့်တယ်---- ဒီဟာမျိုး ငါတို့မှာ ရှိရင် ဘယ်လောက်ကောင်းမလဲ----- အစရှိသဖြင့် ပါးစပ်ကနေ တတွတ်တွက်နဲ့ အားမလို အားမရနဲ့ University of Sydney တခွင်လုံး လှည့်လည်ကြည့်ရှု့ ကြပါတယ်။ ပြီးတော့ စာရေးသူ တက်ရောက်ပညာသင်ကြားနေတဲ့ Sydney Institute တို့ University of Technology Sydney (UTS) တို့ ကိုလဲ လိုက်ပြလိုက်ပါသေးတယ်။

ခရီးစဉ် တလျောက်လုံး ဆရာတော်ရဲ့ ပါးစပ်ကတော့ --မတူဘူးကွာ---လို့ပဲ ပြောသံကြားနေခဲ့ရပါတယ်။
စာရေးသူ နဲ့ ဆရာတော်တို့ဟာ ပညာရေးဘက်ကဆိုတော့ ပညာရေးအကြောင်းကိုပဲ အဓိကထားပြီးတော့ ပြောဖြစ်ကြပါတယ်။ မတူတာတွေကို တူအောင် အမီလိုက်ဖို့ လိုပါလိမ့်မည်။ (သို့မဟုတ်) တူအောင် ကြိုးစားမည်ဆိုလျှင်ဖြင့်----

မတူတာလေးတွေကို ပြောပါတယ်။

မောင်နေခြည် (လှည်းကူးမြေ)


No comments: