Thursday, 5 September 2013

ဒီစကား ( Volume 2 No.33)

ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ကြားဖြတ်ရွေးကောက်ပွဲ ၀င်စဉ်က သတ်မှတ်ခဲ့တဲ့ အဓိကရည်ရွယ်ချက် (၃)ချက် အနက်က တစ်ခုဖြစ်ပါတယ်။ ထိုအချိန်ကဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေပြုပြင်ပြောင်းလဲရေး နဲ့ ပတ်သက်လို့ ပြောဆိုဆွေးနွေး မှု အင်မတန်နည်းပါးပါးတယ်။ ဆွေးနွေးရမှာ ကိုတောင် ကြောက်သူများလည်း ရှိခဲ့ပါတယ်။ ယခု တစ်နှစ်ကျော် လွန်ပြီးတဲ့ အခါမှာတော့ ဖွဲ့စည်းပုံအခြေ ခံ ဥပဒေ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်တဲ့ အပြောအဆို၊ အရေးအသားများ ပျံ့နှံ့လာတာကို တွေ့ရှိရပါတယ်။ ပြည်ထောင်စု လွှတ်တော်မှာလည်း အဖွဲ့ဝင် ၁၀၉ဦးပါ ဖွဲ့စည်းပုံအခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီဖွဲ့ပြီး ဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို စိတ်ဝင်တစား လေ့လာဆွေးနွေးရေးတွင် အများပြည်သူပါဝင်လာပြီလို့တော့ မပြောနိုင်သေးပါ။ ဒါကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တတ်အားသရွေ့ နိုင်ငံအနှံ့အပြား ဟောပြောပွဲ၊ ဆွေးနွေးပွဲများ ပြုလုပ်ရန် စီစဉ်နေပါတယ်။ ပထမဦးစွာ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုတာ ဘာလဲ၊ ဘာ့ကြောင့်နိုင်ငံအတွက် အရေးကြီးလဲဆိုတာနဲ့ စပြီး ကျွန်မတို့ ပြည်သူပြည်သားများ နားလည်သဘောပေါက်အောင် ရှင်းဖို့လိုပါတယ်။ ဒုတိယအဆင့်မှာတော့ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကို သုံးသပ်လေ့လာမှု ပြုလုပ်ရမှာပါ။ ထိုမှတစ်ဆင့်တက်ပြီး ဘာ့ကြောင့် ကျွန်မတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သာမက ပညာရှင်များ၊ နိုင်ငံရေး၊ လူမှုရေးအဖွဲ့အစည်းများ၊ ကျွမ်းကျင်ပုဂ္ဂိုလ်များက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြုပြင်ပြောင်းလဲသင့်တယ်လို့ ယူဆကြောင်းကို ပြည်သူပြည်သားများ သိဖို့လိုပါတယ်။ နောက်ဆုံး အဆင့်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လိုပြင်ဆင်ခွင့်ပေးတယ်၊ ဘယ်လိုပြင်ဆင်ခွင့်ရှိသင့်တယ်၊ ဘယ်လို ပြင်ဆင်သင့်တယ်ဆိုတာတွေကို အကျယ်တ၀င့် သုံးသပ်ဖို့လိုပါတယ်။

နိစ္စဓူဝ နေရေး၊ စားရေး ပြဿနာများနှင့် ရုန်းကန်နေရတဲ့ ကျွန်မတို့ပြည်သူတွေ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြုပြင် ပြောင်းလဲရေးကို အလေးထားစိတ်ဝင်စားအောင် လုပ်ဖို့ဟာ နိုင်ငံရေးအဖွဲ့ အစည်းများရဲ့ တာဝန်တစ်ခု ဖြစ်ပါတယ်။ ကလေးသူငယ်များကစပြီး စိတ်ဝင်စားနားလည်နိုင်အောင် ကြိုးစားရမှာပါ။ တိုင်းပြည် အနာဂတ်အတွက် အခြေခံဖြစ်တဲ့ လူငယ်များပါဝင်ပတ်သက်မှုကတော့ အထူးအရေးကြီးပါတယ်။ ဒုတိယကမ္ဘာစစ်ရဲ့ ဖန်တီးရှင်ကြီး ဟစ်တလာ ဗြိတိန်ကို ရန်စဖို့ဝန်မလေးခဲ့ခြင်းအကြောင်းတစ်ခုမှာ ၁၉၃၃ ခုနှစ် အောက်စဖို့ဒ် တက္ကသိုလ်ကျောင်းသားသမဂ္ဂရဲ့ နာမည်ကြီး နှစ်စဉ် စကားလုရည်ပွဲမှာ “ဘုရင်နှင့် တိုင်းပြည်အတွက် စစ်တိုက်မည်မဟုတ်” ဆိုတဲ့အဆို အောင်မြင်သွားတာကြောင့် ဖြစ်တယ်လို့ ယုံကြည်မှုများရှိပါတယ်။ ထိုစဉ်က ဗြိတိန်နိုင်ငံရဲ့ အုပ်ချုပ်ရေးပိုင်းကို အောက်စဖို့ဒ်နဲ့ ကိန်းဗရစ် တက္ကသိုလ်များမှာ ပညာသင်ကြားခဲ့တဲ့ ပုဂ္ဂိုလ်တွေ လွှမ်းမိုးထားတာကြောင့် အောက်စဖို့ဒ် တက္ကသိုလ် ကျောင်းသားသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ဟာ ဗြိတိန်နိုင်ငံအပေါ် သြဇာလွှမ်းမိုးသူများ၊ အဖွဲ့အစုများရဲ့ ရပ်တည်ချက်ကို ရောင်ပြန်ဟပ်တယ်။ ဒါကြောင့် ဗြိတိန်ဟာ စစ်ကို ပြန်လည်တုန့်ပြန်ရန် ဆန္ဒပြင်းပြမည်မဟုတ်၊ ပျော့ညံ့တဲ့ ရန်ဘက်သာ ဖြစ်မည်လို့ ဟစ်တလာသုံးသပ်ခဲ့တယ်ဆိုတဲ့ သဘောပါ။ ဒီအယူအဆ မှန်တာမမှန်တာကို အသေအချာမသိနိုင်ပေမဲ့ ထိုအချိန်က အောက်စဖို့ဒ်တက္ကသိုလ် ကျောင်းသားများရဲ့ သြဇာဘယ်လောက်ကြီးတယ်ဆိုတာကိုတော့ သိနိုင်ပါတယ်။ ဒါကြောင့် လူငယ်များနိုင်ငံရေးစိတ်ဝင်စားဖို့ နားလည်ဖို့လိုပါတယ်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ပတ်သက်လို့ ပြည်သူများကို ရှင်းပြခြင်းဟာ အဖွဲ့ချုပ်ရဲ့ ကြားဖြတ်ရွေးကောက်ပွဲ မူတွေအရဖြစ်သလို အချိန်အခါရဲ့ လိုအပ်ချက်အရလည်း ဖြစ်ပါတယ်။ ဒီမိုကရေစီ လမ်းကြောင်းလျှောက်တယ် ဆိုရင် ဒီလမ်းကြောင်းဟာ ဘယ်ကိုဦးတည်သင့်သလဲဆိုတာကို သိမှလည်း အဓိပ္ပာယ်ရှိမှာပါ။ နိုင်ငံသားအားလုံးဟာ မိမိတို့ အခွင့်အရေးတွေ၊ တာဝန်တွေကို သိပြီး ဒီအတိုင်းလက်ခံနိုင်သလားဆိုတာ စဉ်းစားနိုင်ဖို့လိုပါတယ်။ ကျွန်မတို့ နိုင်ငံကို ဘယ်လိုပုံစံ နဲ့ အုပ်ချုပ်နေလဲဆိုတာ လေ့လာပြီး လက်ခံသင့်-မသင့်ဆုံးဖြတ်ရမှာပါ။ ဒါနဲ့ ပတ်သက်လို့ ကျွန်မက မေးခွန်းရိုးရိုးလေး တစ်ခုပဲ မေးချင်ပါတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆန္ဒခံယူပွဲမှာ မဲပေးခဲ့သူများအနက် ဘယ်နှစ်ဦး အဲဒီအချိန်က ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဖတ်ပြီးခဲ့ပါသလဲ။

သြဂုတ်လ ၂၃ရက်က လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၆(ခ)နဲ့ပတ်သက်လို့ မတူတဲ့ အမြင်ရှိတာပေါ်လာပါတယ်။ မဲဆန္ဒရှင် ၁ရာခိုင်နှုန်းက အများဆန္ဒနဲ့ ရွေးကောက်ပွဲ ကတက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်ကို တာဝန်မှပြန်လည် ရုတ်သိမ်းခွင့်ရှိ-မရှိ နဲ့ ပတ်သက်လို့ ဆွေးနွေးကြတာပါ။ ဒီလိုကိစ္စမျိုးဟာ ပြည်သူတွေနဲ့ အများကြီးဆိုင်နေပါတယ်။ လွှတ်တော်ထဲက ဆွေးနွေးချက်တွေကို တတ်နိုင်သလောက် ဖတ်ရှုလေ့လာစေချင်ပါတယ်။ ဒါဟာ ကိစ္စအသေးလေးရှိပါသေးတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်လို့ အင်မတန်ပို၍ အရေးပါတဲ့ ကိစ္စရပ်တွေ ပေါ်လာဦးမှာပါ။

ဒီတစ်ပတ်တော့ ဒီမျှသာ။ ။

အောင်ဆန်းစုကြည်

No comments: