နေပြည်တော် အမြန်လမ်း တစ်လျှောက်ရှိ အမှတ် ၁၁ ခြေမြန်တပ်မ ဌာနချုပ်ပိုင်
မြေများအတွင်း လက်ရှိ စိုက်ပျိုးနေသူများနှင့် အမှတ် ၁၁ ခြေမြန်တပ်မ အကြား
မြေအသုံးချမှုဆိုင်ရာ အငြင်းပွားမှုများ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။
အမှတ် ၁၁ ခြေမြန်တပ်မ ဌာနချုပ် အနေနှင့် အဆိုပါ အမြန်လမ်း
တစ်လျှောက်တွင် ရန်ကုန်-မန္တလေး အမြန်လမ်း မပေါ်မီ ၁၉၉၆ ခုနှစ်ကပင် ပြည်ထဲရေး
ဝန်ကြီးဌာန၊ လက်ရှိ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ
ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် အမြန်လမ်း တစ်လျှောက်ရှိ မြေဧက ၂၁၈၆၄ ဧကအား
အမှတ် ၁၁ ခြေမြန်တပ်မ ဌာနချုပ်၏ လေ့ကျင့်ရေး မြေနေရာအဖြစ်
သတ်မှတ်နိုင်ခဲ့ကြောင်း ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဒုတိုင်းမှုး
ဗိုလ်မှုးချုပ် တင်စန်းနိုင် ပြောကြားမှုအရ သိရသည်။
ထိုသို့ ရယူထားသော်လည်း အဆိုပါ မြေများအား ၂၀၁၁ ခုနှစ် အထိ အမှတ် ၁၁
ခြေမြန်တပ်မ ဌာနချုပ်မှ တပ်မပိုင်မြေ ဖြစ်ကြောင်း အသိပေးမှုများ
မရှိခဲ့သည့်အတွက် မိရိုးဖလာ ဥယျာဉ်ခြံမြေ လုပ်ကိုင်သးများထံမှ ပြည်တွင်း
လုပ်ငန်းရှင်များက မြေဧက တစ်သောင်းကျော်အား ၀ယ်ယူ၍ ရော်ဘာစိုက်ပျိုးမှု
လုပ်ငန်းများအား လုပ်ကိုင်ခဲ့ကြောင်း အဆိုပါ တွေ့ဆုံပွဲတွင် အပြန်အလှန်
ပြောဆိုမှုများအရ သိရသည်။
အဆိုပါ အမြန်လမ်း တစ်လျှောက်တွင် အကောင်အထည် ဖော်နိုင်ဖွယ်ရှိသည့်
စီမံကိန်းများအရ အမှတ် ၁၁ ခြေမြန်တပ်မ ဌာနချုပ်မှ လက်ရှိ လုပ်ကိုင်နေသည့်
လုပ်ငန်းရှင်များ၏ မြေနေရာများအား ရော်ဘာစိုက်ပျိုးရေး လုပ်ငန်းကြီး
စီမံခန့်ခွဲမှု ကော်မတီဖွဲ့စည်း၍ မြေပြင်တိုင်းတာမှုများ ပြုလုပ်ခဲ့ပြီး
လုပ်ငန်းရှင် ၆၀ ကျော်ခန့် အနက် ၅၉ ဦးအား အမှန်တကယ် လုပ်ကိုင်သူများအဖြစ်
အသိအမှတ် ပြုခဲ့သော်လည်း အမှန်တကယ် စိုက်ပျိုးနေသည့် မြေဧက
တစ်သောင်းကျော်အစား လက်ရှိ ရော်ဘာပင်များ ဖြစ်ထွန်းနေသည့် မြေဧက ၅၀၀
ကျော်ခန့်သာ အသိအမှတ်ပြု စာရင်းသွင်းခဲ့ကြောင်း သိရှိရသည်။
''ဒီအမြန် လမ်းဘေးမှာ လုပ်နေတဲ့ သူတွေကြည့်ရင် အမြန်လမ်းဘေးမှာပဲ
လုပ်နေကြတယ်။ ရော်ဘာစိုက်ထားတာ အကြောင်းပြပြီး မြေနေရာယူမယ်
လျော်ကြေးယူမယ်ဆိုပြီး လုပ်ကြတယ်။ ဒါမျိုးတော့ လုပ်လို့မရဘူး။
ကျွန်တော်တို့ အနေနဲ့ လက်ရှိလုပ်ကိုင်နေသူတွေ သဘောပေါက်အောင် ၇
ကြိမ်လောက်အထိ ရှင်းပြပြီးပြီ။ အရင်တုန်းက လုပ်နေခဲ့တဲ့ လုပ်ငန်းရှင် ၅၉
ဦးကို အမှန်တကယ် ဖြစ်ထွန်းနေတဲ့ အပင်တွေအပေါ်မှာ တိုင်းတာပြီး
ကျူးကျော်သူဖြစ်ပေမယ့် လုပ်ကိုင်ခွင့် ဆက်ပေးမယ်။ လက်ရှိလုပ်နေတဲ့
မြေနေရာထက် ပိုချဲ့ထွင်လာရင်တော့ တရားစွဲမယ်။ ဥပဒေကြောင်းအရ
ရှင်းလင်းရပါမယ်'' ဟု ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဒုတိုင်းမှူး
ဗိုလ်မှုးချုပ်တင်စန်းနိုင်က ဆိုသည်။
လက်ရှိတွင် မူရင်းပိုင်ဆိုင်သူအဖြစ် စာရင်းပေါက်နေသည့် အမှတ် ၁၁
ခြေမြန်တပ်မမှ အဆိုပါ မြေဧကများအား ဧက ၃၀၀ လျှင် တစ်ယူနစ်အဖြစ် သတ်မှတ်ကာ
ယူနစ် ၃၀၀ အတွက် ပြည်တွင်း လုပ်ငန်းရှင်များအား လွှဲပြောင်းပေးရန်
တင်ဒါခေါ်ယူမှုများ ရှိနေသည်။
ထိုသို့ တင်ဒါခေါ်ယူမှုများ ရှိနေသော်လည်း လက်ရှိလုပ်ကိုင်နေသည့်
လုပ်ငန်းရှင်များအား အမြန်လမ်းဘေး ၀ဲယာရှိ မြေများအား လုပ်ဆောင်ရန်
ခွင့်ပြုလိုမှုမရှိ ဖြစ်နေကြောင်း အဆိုပါ မြေပေါ်တွင် ဧကရာနှင့်ချီ၍
လုပ်ကိုင်နေသူ လုပ်ငန်းရှင်များ ဖြစ်သည့် ဦးခင်အောင်၊ ဒေါ်ဝါ၀ါမြင့်၊
ဦးချမ်းမြေ့ပိုင်၊ ဒေါ်သီတာလွင် အပါအ၀င် လုပ်ငန်းရှင်များက ပြောကြားသည်။
''သူတို့ တင်ဒါခေါ်တော့ လိုက်နာရမဲ့ စည်းမျဉ်းစည်းကမ်းတွေကို
ငွေပေးထားတဲ့ လုပ်ငန်းရှင်တွေ အတွက်ပဲ ပေးတယ်။ ကျွန်တော်တို့ကို မပေးဘူး။
အခု ကျွန်တော်တို့မှာက ကိုယ်ဝယ်ထားတဲ့ မြေဧက ရာကျော်ထဲက ခုဂဏန်းလောက်ပဲ
လုပ်ခွင့်ပြန်ရတယ်။ ကျွန်တော်တို့ လုပ်ခွင့်ရတဲ့ မြေနေရာတွေက
သူတို့လုပ်ခွင့်ပြုချင်တဲ့ လုပ်ငန်းရှင် ဧရိယာထဲမှာ ပါသွားရင်
တစ်ဖက်လုပ်ငန်းရှင်က ကျွန်တော်တို့ကို လုပ်ခွင့်မရအောင် ညစ်မှာပဲ။
ကျွန်တော်တို့လည်း သူတို့ သတ်မှတ်တဲ့ငွေ သူတို့သတ်မှတ်တဲ့
စည်းကမ်းလိုက်နာ နိုင်ပါလျက်နဲ့ ကျွန်တော်တို့ကို ကျူးကျော်ဆိုပြီး
လုပ်ကိုင်ခွင့် မပေးချင်ဘူး။ ကျွန်တော်တို့က လက်ရှိစိုက်ပျိုးနေပြီး
ရော်ဘာစေး ခြစ်နေပြီ။ နောက်လူကလည်း ရော်ဘာပဲ စိုက်မယ့်လူ။ ရော်ဘာကိုပဲ
စိုက်မယ့် လုပ်ငန်းရှင်ချင်း အတူတူ ကျွန်တော်တို့ကို ဘာလို့
လုပ်ခွင့်မပေးချင်တာလဲ'' ဟု ဦးချမ်းမြေ့ပိုင်၊ ဒေါ်သီတာလွင် အပါအ၀င်
လုပ်ငန်းရှင်များက မေးခွန်းထုတ်သည်။
လက်ရှိ သတ်မှတ်ထားသည့် ဧက ၃၀၀ တစ်ယူနစ်၊ ယူနစ် ၃၀၀ အပေါ်
မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းက စိုက်ပျိုးလိုသူ လုပ်ငန်းရှင်များအား
တင်ဒါခေါ်ယူထားပြီး လက်ရှိတွင် လုပ်ကိုင်နေသူ လုပ်ငန်းရှင်များ အနေနှင့်လည်း
တင်ဒါတွင် ယှဉ်ပြိုင်ခွင့်ရှိကြောင်း ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ
ဒုဗိုလ်မှုးကြီး သက်နိုင်က ပြောကြားသည်။
ယခုဖြစ်ပွားလျက်ရှိသည့် ပြဿနာများနှင့် ပတ်သက်ပြီး လုပ်ငန်းရှင်များအား
ပိုင်နက်ကျူးလွန်မှု ဥပဒေ ပုဒ်မ ၄၄၇ ဖြင့် အမှတ် ၁၁ ခြေမြန်တပ်မ ဌာနချုပ်
အမှုဖွင့်ထားပြီး လုပ်ငန်းရှင်များမှလည်း ဥပဒေကြောင်းအရ ဆက်လက် ရင်ဆိုင်မည်
ဖြစ်ကြောင်း လုပ်ငန်းရှင်များ၏ ပြောကြားချက်အရ သိရသည်။
Ref: http://www.first-11.com
No comments:
Post a Comment