Thursday, 5 September 2013

ဒီစကား ( အောင်ဆန်းစုကြည်)

ဒီအပတ်မှာ လွှတ်တော်ရဲ့ သတ္တမမြောက် ပုံမှန်အစည်းအဝေးပြီးစီးပြီမို့၊ ငယ်ငယ်က ကျောင်းရက်ရှည် ပိတ်ချိန်တွေကို သွားသတိရမိပါတယ်။ အတန်းငယ်လေးတွေမှာတုန်းက ကျောင်းရက်ရှည်ပိတ်ရင် လွတ်ကျွတ်သွားပြီလို့ ခံစားရပါတယ်။ အိမ်စာတွေဘာမှ လုပ်ရန်မလိုပါ။ ပြန်စဉ်းစားလိုက်တဲ့အခါမှာ တက္ကသိုလ် ရောက်တဲ့အထိ ကျောင်းရက်ရှည်ပိတ်ချိန်အတွက် အိမ်စာရယ်လို့ မရှိခဲ့ပါဘူး။ အထက်တန်းကျောင်း အဆင့်ရောက်တဲ့အခါမှာ ကျောင်းကြီး ပြန်မဖွင့်မီ တစ်ပတ်လောက်အလိုမှာ ကိုယ့်အသိနှင့်ကိုယ် အပြင်အဆင်သဘော စာကြည့်တာတော့ လုပ်လာပါတယ်။

မေမေနဲ့ အိန္ဒိယမှာလိုက်နေစဉ် ကျွန်မကျောင်းပညာပြီး ဆုံးပြီး တက္ကသိုလ် စတက်ခဲ့ရပါတယ်။ ကျောင်းနဲ့ တက္ကသိုလ်အကြား အဓိက ကွာခြားချက်ကြီးက တော့ ပိုမိုလွတ်လွတ်လပ်လပ် ရှိခြင်းပဲဖြစ်ပါတယ်။ အတန်း တစ်တန်းထဲမှာ တစ်ချိန်လုံး ထိုင်မနေရသလို နံနက် အတန်းများ စတဲ့အချိန်က နောက်ဆုံး အတန်းပြီးတဲ့အချိန်အတွင်းမှာလည်း လစ်လပ်နေတဲ့ အချိန်တွေ ရှိပါတယ်။ ဒီလို လစ်လပ်ချိန်တွေမှာ သူငယ်ချင်း တွေနဲ့ စားသောက်ဆိုင်မှာ ထိုင်တာ၊ ကြိုက်ရာ အဆင်ပြေတဲ့နေရာ တစ်နေရာမှာ စုပြီးစကားပြောကြတာ၊ ၀ါသနာအရ ၀င်ပါထားတဲ့ အသင်းအလုပ်တွေ လုပ်ကြတာတွေ ဟာ ကျွန်မတို့ကို ကျောင်းသူလေး များဘ၀မှ တက္ကသိုလ် ကျောင်းသူကြီးများ ဘ၀သို့ ကူးခဲ့ပြီဆိုတာကို သဘောပေါက်စေပါတယ်။ ပိုမို လွတ်လပ်လာတာနဲ့အမျှ တာဝန်ပို လာတာကိုလည်း သတိပြု မိပါတယ်။

ကျောင်းပိတ်ရက် များအတွင်း ကျောင်းစာတွေ ဖတ်ရ၊ လေ့လာရတာတွေ ရှိလာပါတော့တယ်။
ဒီလိုပါပဲ ဘ၀တစ်လျှောက် ကိုယ်ပိုင်လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ရှိလာတာ နဲ့အမျှ၊ ကိုယ်တိုင် ထမ်းဆောင်ရမဲ့ တာဝန်တွေက များလာပါတော့တယ်။ ယခုဆိုရင် လွှတ်တော် ‘ကျောင်းပိတ်ရက်ကြီး’ စတဲ့အခါမှာ ငယ်ငယ်ကလိုလွတ်ပြီ၊ ကျွတ်ပြီလို့ရွတ်ဆိုပြီး အိမ်ကို ပျော်ပျော်ရွှင်ရွှင် ပြန်ပြေးနိုင်တဲ့ အခြေအနေ မရှိတော့ပါ။ ဒီအလုပ်တစ်ခုပြီးတော့ နောက်အလုပ်ဆက်ရုံ ပေါ့။ လွှတ်တော်တာဝန် တွေ ခေတ္တရပ်နားထားချိန်မှာ လွှတ်တော်ပြင်ပ အလုပ်တွေပေါ် အာရုံပိုစိုက်ခွင့် ရတဲ့သဘောပါပဲ။ အလုပ်အားချိန် ရတာ မဟုတ်ပါဘူး။

ဒီတော့ အလုပ်နားချိန်၊ အလုပ်အားချိန်ဆိုတာ ဘာပါလိမ့် လို့ ကျွန်မနဲ့ ဒေါက်တာတင်မာအောင် အဓိပ္ပါယ်ဖော်ကြည့်ကြပါတယ်။ ကျွန်မကတော့ သာမာန်နေ့စဉ် လုပ်နေရတဲ့ အလုပ်တာဝန်တွေမှာ အနားယူတာ၊ တစ်နည်းပြောရရင် လုံးဝ နေ့စဉ်လုပ်နေရတဲ့ အလုပ်တွေကို မလုပ်ရတာသာမက၊ ဒီကိစ္စတွေ အကြောင်း ထည့်စဉ်းစားဖို့ကို မလိုတဲ့ အခြေအနေတစ်ခုလို့ အဓိပ္ပါယ်ဖော်ပါတယ်။ အပန်းဖြေစခန်း သွားဖို့လည်း မလိုပါဘူး။ ဘယ်ကိုမှ သွားဖို့မလိုပါဘူး။ ကိုယ့်အိမ်ထဲမှာသာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်မလိုအိမ်မှာ အလုပ်လုပ် ရတဲ့ သူအတွက်ကတော့ ဒါလက်တွေ့မကျပါဘူး။ အိမ်မှာ ရှိနေသရွေ့ အလုပ်ကလည်း ရှိနေမှာကိုး။

ဒေါက်တာတင်မာအောင်ရဲ့ နားချိန်၊ နားရက် သတ်မှတ်ပုံက ပိုကောင်းတယ် လို့ ကျွန်မထင်မိပါတယ်။ ကိုယ့်အချိန်ကို ကိုယ်လုံးဝ ပိုင်တဲ့ အခြေအနေပါတဲ့။ ဟုတ်ပါတယ်။ ကျွန်မတို့ နှစ်ဦး စလုံးကိုယ့်အချိန် ကိုယ်ပိုင်တယ်ရယ်လို့ မရှိသလောက်ပါပဲ။ ညအိပ်ရာဝင်ရင်တောင်မှ အားဖြည့်ဖို့ အိပ်ရတာဆိုတော့ ဒီအချိန် ကိုလုံးဝ ကိုယ်ကြိုက်သလို လုပ်ဖို့ ကိုယ်ပိုင်လို့ပြောရခက်ပါတယ်။ ကိုယ်ပိုင်တဲ့အချိန်ဆိုရင် ကိုယ်လုပ်ချင်တာ လုပ်နိုင်မယ်။ ဘာမှ မလုပ်ချင်ရင်မလုပ်ဘူး။ ဒီလို ကိုယ်ပိုင်အချိန်ဆိုတာနည်းလွန်းလို့ စနေ၊ တနင်္ဂနွေ လာတွေ့ပါရစေလို့ ချိန်းတဲ့ သူတွေကို ဒေါက်တာ တင်မာအောင် သိပ်စိတ်တို တတ်ပါတယ်။ အချို့အလုပ်တွေက မရှောင်သာလို့ စနေ၊ တနင်္ဂနွေမှာ လုပ်ရပါတယ်။ ဒီထဲမှာ ဧည့်သည်တွေ ပါတွေ့ရမယ် ဆိုရင် နှစ်ရက်စလုံး အလုပ်ရက် ဖြစ်သွားတာပေါ့။ ကိုယ်ပိုင် အချိန်ဘယ်ရှိတော့မလဲ။

ဘယ်လိုနေရာမှာ တကယ့်အလုပ်နားပိုင်ခွင့် ရမလဲလို့ ဒေါက်တာတင်မာအောင် နဲ့ ဆွေးနွေးတဲ့အခါမှာ ကွန်ပြူတာမရှိ၊ တယ်လီဖုန်း မရှိတဲ့နေရာလို့ ဖြေပါတယ်။ နောက်စဉ်းစားပြီး ကျွန်းတစ်ခုမှဖြစ်မယ်။ လူမသိ၊ သူမသိကျွန်းကလေး။ ကျွန်မ စဉ်းစားကြည့်တယ်။ ဟုတ်ပါတယ်လေ။ ဒီလို ကျွန်းလေးပေါ်မှာ အိမ်ကလေးတစ်လုံးရှိမယ်။ အိမ်ထဲမှာ စာရေးသောက်ရေးလွယ်ကူစေမဲ့ ပစ္စည်းတွေရှိမယ်။ အိပ်ကောင်းမဲ့ အိပ်ရာလေးတွေနဲ့ ထိုင်ကောင်းမဲ့ ကုလားထိုင်လေးတွေ ရှိမယ် ဆိုရင်တော်ပါပြီ။ ဖတ်ချင်တဲ့စာအုပ် အချို့ ပါလာမယ်။ နားထောင်ချင်တဲ့ စီဒီခွေပါလာမယ်။ ရေဒီယိုတော့ လုံးဝမယူပါ။ နားအေးပါးအေး၊ လမ်းလျှောက်လိုက်၊ စာဖတ်လိုက်၊ တရားထိုင်လိုက်၊ ပင်လယ်ပြင် ဟိုးဘက်က မိုးကုပ်စက်ဝိုင်းကို ငေးနေလိုက်နဲ့ ဘယ့်လောက်သာယာလိုက်မလဲ။ တစ်နေ့တော့လည်း ဖြစ်ရင်ဖြစ်လာမှာပေါ့။

ဒီတစ်ပတ်တော့ ဒီမျှသာ။ ။

အောင်ဆန်းစုကြည်


Ref: ဒီစကား ( Volume 2 No.34)

No comments: