Friday, 27 September 2013

မတူတာလေးများ အပိုင်း-၂၁ (သို့) သြစီက ကား / မောင်နေခြည် (လှည်းကူးမြေ)



ဒီသြစီမှာ လူတိုင်းနီးပါး ကိုယ်ပိုင်ကား ရှိကြပါတယ်။ ကားလို့ ပြောတာနဲ့ တစ်ပြိုင်နက်တည်း ကား၊ ကားလိုင်စင်၊ ကားမောင်းလိုင်စင်၊ ကားပါကင်။ ယာဉ်ထိန်းရဲ၊ တရားရုံး၊ စက်ပြင်တဲ့ဌာန စသဖြင့် စသဖြင့် ကားနဲ့ စပ်ဆက်ရာတွေလဲ ပါဝင်ပါတယ်။ 

(၁) L လိုင်စင် 

ဒီသြစီမှာ ကားမောင်းချင်တယ်ဆိုရင် ကားမောင်းသင်နိုင်တဲ့ L လိုင်စင် ရှိဖို့ လိုပါတယ်။ ဒီ L လိုင်စင် ရဖို့ လိုင်စင်ရုံးမှာ ကားနဲ့ ပတ်သတ်တဲ့ အွန်လိုင်းကနေ ဖြေတဲ့ စာမေးပွဲကို ဖြေရပါတယ်။ အဲဒီစာမေးပွဲ အောင်ရင်တော့ L လိုင်စင် ကို ထုတ်ပေးပါတယ်။ L လိုင်စင် ရပြီဆိုရင်တော့ ကားမောင်းသင်လို့ ရပါပြီ။ ဒါပေမယ့် L လိုင်စင်ရတဲ့သူ တစ်ယောက်ထဲတော့ မောင်းခွင့်မရှိပါဘူး။ ဘေးမှာ Full လိုင်စင်တစ်ယောက် ဘေးမှာ ထိုင်လိုက်မှ မောင်းခွင့်ရှိပါတယ်။ L လိုင်စင်၇ှိသူဟာ ကီလို ၈၀ ထက် ပိုမောင်းခွင့်မရှိပါဘူး။ များသောအားဖြင့် ကားမောင်းသင်တဲ့ဆရာတွေနဲ့ ကားမောင်းသင်ကြတာများပါတယ်။ မိမိကိုယ်ကို မောင်းနိုင်ပြီဟု စိတ်ချရုံကြည်ပြီ ဆိုရင်တော့ RTA မှာ P (အနီ) လိုင်စင် ရဖို့ ကားမောင်းပြီး ဖြေဆိုရပါတယ်။ RTA က တာဝန်ရှိသူ မောင်းခိုင်းတဲ့ နေရာကို မောင်းပြရတာပါ။ သတ်မှတ်ထားတဲ့ လမ်းညွှန်တွေ မောင်းနိုင်ပြီး သတ်မှတ်တဲ့ အမှတ်ရရင်တော့ P (အနီ) လိုင်စင် ကို ထုတ်ပေးပါတယ်။ P (အနီ) လိုင်စင်ရပြီဆိုရင်တော့ ကားမောင်းလို့ရပါပြီ။ P (အနီ) လိုင်စင်ရှိသူဟာ ကီလို ၉၀ အများဆုံးမောင်းနိုင်ပါတယ်။ ဆကလက်ပြီး P (အစိမ်း)၊ Full လိုင်စင်၊ ကားကြီးမောင်းတဲ့ လိုင်စင်၊ တက်စီမောင်းတဲ့ လိုင်စင်တွေကို သတ်မှတ်ထားတဲ့ နှစ်စေ့ပြီဆို ဖြေဆိုရယူနိုင်ပါတယ်။

(၂) ကားမောင်းသင်ပေးသူ

ဒီသြစီမှာ ကားမောင်းသင်တန်းကျောင်း ဖွင့်ပြီး အသက်မွေးသူတွေရှိပါတယ်။ အမောင်းသင်တဲ့ ကားသည်ပင်လျှင် ကားမောင်းသင်တန်းကျောင်းပါပဲ။ ရုံးခန်းဖွင့်တဲ့သူလဲ ရှိပါတယ်။ ကားသင်ဆရာက ကားနဲ့ ပတ်သက်သမျှ၊ လမ်းနဲ့ ပတ်သတ်သမျှတွေကို အကုန်သင်ပေးပါတယ်။ သူက ကျေနပ်ပြီဟု ယူဆပြီး P (အနီ) လိုင်စင် ဖြေဖို့ လက်မှတ်ထိုးပေးမှ RTA က ဖြေခွင့်ရှိပါတယ်။ ကားသင်ဆရာများဟာလဲ RTA ကနေ အသိအမှတ်ပြုသူမှသာ ကားမောင်းသင်ပေးသူ အဖြစ် လက်မှတ်ရပါတယ်။ 

(၃) RTA

RTA ရဲ့ အရှည်ကတော့ Transport Roads & Traffic Authority ပါ။ သူ့လုပ်ငန်းတွေကတော့ ကားမောင်းလိုင်စင်ထုတ်ပေးတယ်။ လိုင်စင်ဖြေတာကို စစ်ပေးတယ်။ ကားမှတ်ပုံတင် (လိုင်စင်) ထုတ်ပေးတယ်။ ကားအမည်ပေါက်ပြောင်းပေးတယ်။ ကားလိုင်စင် အတုအစစ်ခွဲပေးတယ်။ အများကြီးပါပဲ။

(၄) ကားရောင်းဝယ်ခြင်း

ဒီမှာက ကားရောင်းဝယ်တာ အရမ်းလွယ်ပါတယ်။ ကားတစ်စီးကို အခြားလူစီကနေ ၀ယ်မယ်ဆိုပါတော့။ ကိုယ်ဝယ်မည့်ကားမှာ လိုင်စင်ပါပြီးသားပါ။ အသစ်ဆိုလဲ လိုင်စင်လုပ်ပေးပါတယ်။ လိုင်စင်ပါပြီးသား ကားမှာ စာရွက်တစ်ရွက်ရှိပါတယ်။ အဲဒီစာရွက်ရဲ့ တစ်စိတ်တစ်ပိုင်းကို ကားမှန်မှာ ကပ်ရပါတယ်။ ဘယ်နေ့အထိ ကားလိုင်စင်သက်တမ်း၇ှိတယ်ဆိုတဲ့ စာရွက်ကလေးပါ။ ကျန်တဲ့ စာရွက်အပိုင်းလေးမှာ ရောင်းသူ ၀ယ်သူတို့ရဲ့ နာမည်စသည်နဲ့ ရောင်းချလိုက်သည့် ငွေကြေးကို ဖြည့်ရပါတယ်။ အဲဒီလို ဖြည့်ပြီးတဲ့ စာရွက်လေးနဲ့ RTA သွားပြီး နာမည်ပြောင်းရပါတယ်။ မိမိဝယ်ယူလိုက်တဲ့ ကားတန်ဖိုးပေါ်မှာ မူတည်ပြီး ကျသင့်သည့် အခွန်ဆောင်လိုက်ရုံပါပဲ။ အခွန်ရုံးကို သွားစရာမလိုပါဘူး။ RTA မှာပဲ ပြီးပါတယ်။ ကွန်ပျူတာထဲ ရိုက်ထည့်လိုက်တာနဲ့ အခွန်ဘယ်လောက်ပေးရမယ်ဆိုတာ ထွက်လာတာပါပဲ။ အခွန်ပေးလိုက်ရင်တော့ မိမိနာမည်ပေါက် ဖြစ်သွားပါပြီ။ 

(၄) ကားလိုင်စင်သက်တမ်းတိုးခြင်း

ဒါလဲလွယ်ပါတယ်။ ကားလိုင်စင်သက်တမ်းတိုးချင်ရင် သုံးခုပဲလိုတယ်။ အဲဒါ ဂရင်စလစ်ရယ်၊ ကားအာမခံရယ်၊ သြစီလိုင်စင်ရ ကားစက်ပြင်ဆရာတစ်ယောက်ရဲ့ ကားစစ်ဆေးပြီးကြောင်း လက်မှတ်တစ်ခုရယ်ပါ။ အဲဒါတွေ ပြည့်စုံရင် ခြောက်လ (သို့) တနှစ်စာ သက်တမ်းတိုးလိုက်ရုံပါပဲ။ ကားရဲ့ ဆေးရောင်ကို ဘာမှ မစစ်ဆေးပါဘူး။ အရောင်တူပဲဖြစ်ဖြစ်၊ အတူရင်ပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ ကားမက္ကင်းနစ်ဆရာက စက်ရယ်၊ ဘရိတ်ရယ်၊ မီးရယ်ကောင်းရင် လက်မှတ်ထုတ်ပေးတာပါပဲ။ အဓိကကတော့ အန္တရာယ်ကင်းရှင်းရေးက အဓိကပါ။

(၅)လမ်း နှင့် ကားပါကင်

လမ်းကတော့ ပြောစရာမလိုပါဘူး။ ကောင်းမှကောင်းပဲ။ လမ်းကောင်းမကောင်း အမြဲတမ်းစစ်ဆေးနေတဲ့ အဖွဲ့တွေရှိသလို အဲဒီအဖွဲ့က တွေရှိချက်များကို ညပိုင်းမှာ ပြင်ပေးတဲ့ အဖွဲ့တွေရှိပါတယ်။ မီးပွိုင့်တွေမှာ မော်တော်ပီကယ်မရှိပါဘူး။ စီစီတီဗီကင်မရာတွေပဲ ရှိပါတယ်။ မြန်မာပြည်မှာ မီးဝါဆိုရင် ဖြတ်မောင်းခွင့် မရှိပေမယ့် ဒီသြစီမှာတော့ မီးဝါဆိုရင် ဖြတ်မောင်းခွင့်ရှိပါတယ်။ လမ်းတိုင်းမှာ အများဆုံးမောင်းရမယ့် ကီလိုနှုန်းကို ရေးထားပါတယ်။ ကျော်မောင်းရင်တော့ ဒဏ်ငွေဆောင် (သို့) လိုင်စင်သိမ်းခံရနိုင်ပါတယ်။ 

မြို့တိုင်းမှာ ကားပါကင်တွေ ရှိပါတယ်။ တစ်ချို့က ကားပါကင်သို့ ၀င်တဲ့အချိန်ကစပြီး ရပ်တဲ့အချိန်အားလုံးစာ ပေးရပြီး တစ်ချို့ကျတော့ ပထမတနာရီ (သို့) နှစ်နာရီ (သို့) သုံးနာရီစာ အလကားရပ်နိုင်ပါတယ်။ နောက်ပိုင်းနာရီတွေကျတော့ ကျသလောက်ပေးရပါတယ်။ လမ်းဘေးမှာလဲ ကားရပ်နိုင်ပါတယ်။ သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်းပေါ့။ တချို့နေရာမှာ ၅မိနစ်၊ တချို့ကျတော့ ၁၅မိနစ်၊ စသဖြင့် နေရာပေါ်မှာမူတည်ပြီး ရပ်နားချိန်ကွာသွားပါတယ်။ အမြဲတမ်းလဲ စစ်ဆေးနေသူတွေ ရှိပါတယ်။ ဘယ်သူမှ စည်းကမ်း မဖောက်ရဲပါဘူး။

(၆) ရဲ 

ရဲကတော့ အမြဲတမ်း ကားနဲ့လှည့်နေတာပါပဲ။ သူလှည့်နေတဲ့ အချိန်နဲ့ လမ်းစည်းဖောက်တာတွေ့ရင်တော့ အရေးယူပါတယ်။ တခါတရံ အရှိန်တိုင်းတဲ့စက်နဲ့ တိုင်းပြီး သတ်မှတ်အရှိန်ထက် ပိုမောင်းပါက နောက်က အမြန်လိုက်ပြီး အရေးယူပါတယ်။ ဒီမှာ ဘယ်နေရာမှ လာဘ်ပေးလို့ မရပါဘူး။ ဒီနိုင်ငံမှာ တစ်ခုရှိတာက အရေးပေါ်တစ်ခုခုဖြစ်လို့ ခေါ်ပြီဆိုရင် ရဲကားရယ်၊ မီးသတ်ကားရယ်၊ လူနာတင်ကားရယ် သုံးဌာနစလုံး ချက်ချင်းရောက်လာတာပါပဲ။ 

မတူတာလေးတွေကို ပြောပါတယ်။

 မောင်နေခြည် (လှည်းကူးမြေ)

No comments: