Tuesday, 10 September 2013

မတူတာလေးများ အပိုင်း-၁၉ (သို့) ကားရပ်နားခြင်း / မောင်နေခြည် (လှည်းကူးမြေ)



ကမ္ဘာ့နိုင်ငံအသီသီးမှာ ကားရပ်နားဖို့အတွက် ကားပါကင်တွေကို အပြိုင်ထားရှိကြပါတယ်။ ကားပါကင်ထားရှိခြင်းဟာ ယာဉ်ကြောရှုပ်ထွေးခြင်းကို သက်သာစေပါတယ်။ စာရေးသူနေတဲ့ သြစတေးလျက ကားရပ်နားမှု့ကို ပြောပြချင်ပါတယ်။


သက်ဆိုင်ရာမြို့နယ်တွင်းမှာရှိတဲ့ လူစည်ကားရာ နေရာအားလုံးမှာ သက်ဆိုင်ရာ မြို့နယ်ကောင်စီကနေ ကားပါကင်တွေကို စနစ်တကျတောက်လုပ်ပေးပါတယ်။ အနည်းဆုံး လေးထပ်မှသည် အများဆုံး ဆယ်ထပ်အထိရှိပါသည်။ တစ်ချို့ကားပါကင်တို့တွင် အလကား တစ်နာရီ၊ တစ်ချို့တွင် အလကား နှစ်နာရီ။ တစ်ချို့တွင် အလကား သုံးနာရီအထိ ရပ်နားခွင့်ပြုပါတယ်။ အလကားရပ်နားချိန် ကျော်လွန်လျှင်တော့ သက်မှတ်ထားတဲ့ ရပ်နားခပေးရမှာဖြစ်ပါတယ်။ ဒီကိစ္စကလည်း လွယ်လွယ်လေးပါ။ ကားပါကင်သို့ စတင်ဝင်ရောက်ချိန်မှာ ကွန်ပျူတာစက်ကို နှိပ်လိုက်လျှင် လက်မှတ်ထွက်လာပြီး အတွင်းသို့ ၀င်နိုင်ပါပြီ။ ၄င်းလက်မှတ်တွင် စတင်ဝင်ရောက်ချိန်ကို ကွန်ပျူတာမှ ရိုက်နှိပ်ပေးထားပြီး ဖြစ်ပါတယ်။ ထွက်ရင် လက်မှတ်ကို စက်ထဲသို့ ထည့်လိုက်လျှင် တံခါးပွင့်သွားရာ ကိုယ်လိုရာ သွားနိုင်ပါတယ်။ သက်မှတ်ထားတဲ့ နာရီကျော်သွားပါက ကွန်ပျူတာစစ်စတန်ဖြင့်ပြုလုပ်ထားတဲ့ စက်မှာပဲ ကျသလောက် ငွေ၇ှင်းနိုင်ပါတယ်။ လေဆိပ်စသည်မှာတော့ ၁၅မိနစ်သာ အလကားရပ်နားခွင့်၇ှိပါတယ်။


လမ်းတွေမှာဆိုရင် လမ်းညွှန်ဆိုင်းဘုတ်တွေ တပ်ထားပါတယ်။ တစ်ချို့က ၅မိနစ်သာ၊ တစ်ချို့က ၁၅မိနစ်၊ တစ်ချို့က နာရီဝက်၊ တစ်ချို့က တစ်နာရီ၊ တစ်ချို့က နှစ်နာရီ ရပ်နားခွင့်၇ှိသည်-ဟု ရေးထားပါတယ်။ တစ်ချို့ကတော့ အတက်အဆင်းရပ်ရုံမျှပဲ ပေးပါတယ်။ တစ်ချို့နေရာများမှာဆိုရင် ကားခေါင်းကို လမ်းမဖက်သို့ လှည့်ပြီးရပ်ပါလို့ ရေးထားတတ်ပါတယ်။ လမ်းကို ခေါင်းမပေးပဲ ရပ်တဲ့ကားဆိုရင်တော့ ဒဏ်ငွေတပ်ခံရပါတယ်။ တစ်ချို့နေရာတွေမှာ ခရီးသည်တင်ကားများသာရပ်ဖို့နေရာတွေ၊ အငှားကားတွေသာ ရပ်ဖို့နေရာတွေ ထား၇ှိပေးပါတယ်။ လမ်းစည်းကမ်းထိန်းသိမ်းရေးတွေက အမြဲစစ်ဆေးနေပါတယ်။ ဘယ်သူမှ စည်းကမ်းမဖောက်ရဲကြပါ။ ဖောက်လျှင်လည်း ဒဏ်ငွေပေးဆောင်ရခြင်း၊ ကားမောင်းလိုင်စင် အသိမ်းခံရခြင်းများ ခံရနိုင်ပါတယ်။ တလောက အသိမိတ်ဆွေတစ်ယောက် ကားမရပ်ရတဲ့နေရာကို ရပ်ခဲ့ပြီး ဆေးလိပ်ဆင်းဝယ်တာ ဒဏ်ရိုက်ခံရပါတယ်။
လမ်းဆုံတိုင်းမှာ စီစီတီဗီကင်မရာ၇ှိပါတယ်။ မီးနီဖြတ်ရင် ရိုက်တဲ့ကင်မရာ၊ အ၇ှိန်တိုင်းတဲ့ ကင်မရာ၊ ကျောင်းတွေရှိတဲ့နေရာမှာ ကီလို ၄၀ထက်ကျော်မောင်းရင် ရိုက်တဲ့ကင်မရာ၊ ခါးပတ်မတပ်ပဲ ကားမောင်းရင် ရိုက်တဲ့ကင်မရာ စသဖြင့် စသဖြင့် ကင်မရာတွေ တော်တော်များများ သုံးထားပါတယ်။ တစ်ခုခုကျူးလွန်လျှင်တော့ ဒဏ်ငွေဆောင်ရမှု့မှသည် တသက်လုံးကားမောင်းခွင့် ပိတ်သိမ်းခ့ရတဲ့အထိ ပြစ်ဒဏ်ခံရနိုင်ပါတယ်။ 

လမ်းဆုံတိုင်းမှာ ယာဉ်ထိန်းရဲ လုံးဝမထားပါ။ (လုံးဝ မတွေ့ဘူးပါ။) လှည့်ကင်းသဘောမျိုး ရဲကားများဖြင့် သွားလာလှုပ်ရှားတာကိုတော့ မြင်တွေ့ရပါသည်။ ရှောင်တခင် အရက်သောက်ပြီး ကားမောင်းသလားဆိုပြီး စစ်ဆေးတတ်ကြပါတယ်။ ဒီသြစီဟာ ဘယ်မောင်းနိုင်ငံ ဖြစ်ပါတယ်။ မိမိက ကျော်မတက်ဘူးဆိုလျှင် ကားကို ဘယ်ဘက်ဘေးအစွန် လမ်းမှာပဲ မောင်းခွင့်၇ှိပါတယ်။ ကျော်တက်မယ်ဆိုရင်တော့ ကိုယ့်ယာဉ်ကြောရဲ့ ဘေးမှာရှိတဲ့ ညာဘက်ကနေကျော်တက်ကြပါတယ်။ အများစုကတော့ စည်းကမ်းလိုက်နာ ကြပါတယ်။ တချို့အနည်းငယ်ကမူ မလိုက်နာကြပါ။ 

မည်သို့ပင်ဆိုစေကာမူ တိုးတက်ပြီးတဲ့ နိုင်ငံကြီးများရဲ့ နည်းစနစ်များကိုတော့ အတုယူသင့်ပါကြောင်း။
မတူတူလေးတွေကို ပြောပါတယ်။


မောင်နေခြည် (လှည်းကူးမြေ)

No comments: