mgnaychi banner
- မူလစာမျက်နှာ
- လှည်းကူးမှု့ခင်း
- လှည်းကူးဘာသာရေး
- လှည်းကူးပညာရေး
- လှည်းကူးလူမှု့ရေး
- လှည်းကူးကျန်းမာရေး
- လှည်းကူးနိုင်ငံရေး
- ကဗျာ
- ကရုဏာရှင်အသင်း
- ဓမ္မပူဇာမင်္ဂလာအသင်း
- လှည်းကူးသမိုင်းအဖွဲ့
- လှည်းကူးစီးပွားရေး
- လှည်းကူးအရေးပေါ်ဖုန်းနံပါတ်များ
- လှည်းကူးကြေငြာချက်များ
- ပြည်တွင်းမှတ်စု
- ပြည်ပမှတ်စု
- ဆက်သွယ်ရန်
- ကိုယ်တိုင်ရေးမှတ်စု
- စာအုပ်စာပေ
- ခံစားနားဆင်ကြမယ်
Monday, 30 September 2013
Sunday, 29 September 2013
သမ္မတရုံးဝန်ကြီးတစ်ဦးပိုင်ဆိုင်သည့် ခြံမြေလှည်းကူး၌ ရွာသားများ ၀င်ရောက်ဖျက်ဆီး
အေးလှိုင်၊ ရန်ကုန်၊ စက်တင်ဘာ-၂၇
လှည်းကူးမြို့နယ် ငါးဆူတောင် ကျေးရွာ ကျောက္ကာဒင်ကွင်း မယ်ဇလီကုန်း ကျေးရွာရှိ သမ္မတရုံးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးတစ်ဦး ပိုင်ဆိုင်သည့် ခြံ မြေ၌ စက်တင်ဘာ ၂၂ ရက် မွန်းလွဲပိုင်း တွင် မယ်ဇလီကုန်းကျေးရွာနေ ရွာသား ခြောက်ဦးက ၀င်ရောက် ဖျက်ဆီးခဲ့ ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ် ကရု ဏာ (၁) လမ်း (ဋ) ရပ်ကွက်နေ အငြိမ်း စား ဗိုလ်ကြီးတစ်ဦးဖြစ်သူ ဦးသန်းဦး အသက် (၅၀) သည် မယ်ဇလီကုန်း ကျေးရွာအနီးရှိ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင် ပိုင်ဆိုင်သည့် ခြံမြေ၌ ပိန္နဲ၊ သင်္ဘောပင် သစ်မွှေးနှင့် အခြားသီးပင် စားပင်များကို ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းက စ၍ ဦးစီး လုပ်ကိုင်လာခဲ့ကြောင်း၊ စက် တင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းက မယ်ဇလီကုန်း ကျေးရွာနေ ဒေါ်ပုမ၊ ဦးကြည်သောင်း၊ ဦးစိုးအောင်၊ ဦးအေးကို၊ ဒေါ်အေးသွယ် တို့ ငါးဦးက ခြံဝင်းအတွင်းသို့ ၀င်ရောက်၍ ဓာတ်ပုံရိုက်ခြင်း၊ ငုတ်တိုင်များ စိုက်ထူ ခြင်းများကို လုပ်ကိုင်ကြပြီး ဦးသန်းဦး ကာရံထားသည့် ခြံစည်းရိုးများကို ဖျက် ဆီးခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရ သည်။
ကျယ်ဝန်း
အဆိုပါ ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်၏ခြံမြေမှာ မယ်ဇလီကုန်း ကျေးရွာအနီး ကွင်းအမှတ် ၆၉၃၊ မိုင်တိုင် အမှတ် ခုနစ်မိုင် ခြောက်ဖာလုံအနီး တွင်ရှိပြီး ၅၇ ဒသမ ၆၀ ဧက ကျယ်ဝန်းသည်။
ခြံမြေကို ကျူးကျော်ဝင်ရောက်၍ ဖျက်ဆီးခဲ့သည့် ဒေါ်ပုမပါငါးဦးကို အရေး ယူပေးပါရန် ဦးသန်းဦးက တရားလိုပြု လုပ် တိုင်တန်းခဲ့သဖြင့် လှည်းကူးမြို့နယ် ရဲစခန်းမှ (ပ) ၃၇၂/၂၀၁၃၊ ပုဒ်မ ၄၄၇/၄၂၇/၁၁၄ ဖြင့် အမှုဖွင့်ပြီး အမှုစစ် ဒုရဲအုပ် သံချောင်းက ၎င်းင်းတို့အား ဖမ်းဆီး ရမိရေး စုံစမ်းလျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
Ref: စံတော်ချိန် နေ့စဉ်သတင်းစာ

Friday, 27 September 2013
မတူတာလေးများ အပိုင်း-၂၁ (သို့) သြစီက ကား / မောင်နေခြည် (လှည်းကူးမြေ)
ဒီသြစီမှာ လူတိုင်းနီးပါး ကိုယ်ပိုင်ကား
ရှိကြပါတယ်။ ကားလို့ ပြောတာနဲ့ တစ်ပြိုင်နက်တည်း ကား၊ ကားလိုင်စင်၊ ကားမောင်းလိုင်စင်၊
ကားပါကင်။ ယာဉ်ထိန်းရဲ၊ တရားရုံး၊ စက်ပြင်တဲ့ဌာန စသဖြင့် စသဖြင့် ကားနဲ့ စပ်ဆက်ရာတွေလဲ
ပါဝင်ပါတယ်။
(၁) L လိုင်စင်
ဒီသြစီမှာ ကားမောင်းချင်တယ်ဆိုရင်
ကားမောင်းသင်နိုင်တဲ့ L လိုင်စင် ရှိဖို့ လိုပါတယ်။ ဒီ L လိုင်စင် ရဖို့ လိုင်စင်ရုံးမှာ
ကားနဲ့ ပတ်သတ်တဲ့ အွန်လိုင်းကနေ ဖြေတဲ့ စာမေးပွဲကို ဖြေရပါတယ်။ အဲဒီစာမေးပွဲ အောင်ရင်တော့
L လိုင်စင် ကို ထုတ်ပေးပါတယ်။ L လိုင်စင် ရပြီဆိုရင်တော့ ကားမောင်းသင်လို့ ရပါပြီ။
ဒါပေမယ့် L လိုင်စင်ရတဲ့သူ တစ်ယောက်ထဲတော့ မောင်းခွင့်မရှိပါဘူး။ ဘေးမှာ Full လိုင်စင်တစ်ယောက်
ဘေးမှာ ထိုင်လိုက်မှ မောင်းခွင့်ရှိပါတယ်။ L လိုင်စင်၇ှိသူဟာ ကီလို ၈၀ ထက် ပိုမောင်းခွင့်မရှိပါဘူး။
များသောအားဖြင့် ကားမောင်းသင်တဲ့ဆရာတွေနဲ့ ကားမောင်းသင်ကြတာများပါတယ်။ မိမိကိုယ်ကို
မောင်းနိုင်ပြီဟု စိတ်ချရုံကြည်ပြီ ဆိုရင်တော့ RTA မှာ P (အနီ) လိုင်စင် ရဖို့ ကားမောင်းပြီး
ဖြေဆိုရပါတယ်။ RTA က တာဝန်ရှိသူ မောင်းခိုင်းတဲ့ နေရာကို မောင်းပြရတာပါ။ သတ်မှတ်ထားတဲ့
လမ်းညွှန်တွေ မောင်းနိုင်ပြီး သတ်မှတ်တဲ့ အမှတ်ရရင်တော့ P (အနီ) လိုင်စင် ကို ထုတ်ပေးပါတယ်။
P (အနီ) လိုင်စင်ရပြီဆိုရင်တော့ ကားမောင်းလို့ရပါပြီ။ P (အနီ) လိုင်စင်ရှိသူဟာ ကီလို
၉၀ အများဆုံးမောင်းနိုင်ပါတယ်။ ဆကလက်ပြီး P (အစိမ်း)၊ Full လိုင်စင်၊ ကားကြီးမောင်းတဲ့
လိုင်စင်၊ တက်စီမောင်းတဲ့ လိုင်စင်တွေကို သတ်မှတ်ထားတဲ့ နှစ်စေ့ပြီဆို ဖြေဆိုရယူနိုင်ပါတယ်။
(၂) ကားမောင်းသင်ပေးသူ
ဒီသြစီမှာ ကားမောင်းသင်တန်းကျောင်း
ဖွင့်ပြီး အသက်မွေးသူတွေရှိပါတယ်။ အမောင်းသင်တဲ့ ကားသည်ပင်လျှင် ကားမောင်းသင်တန်းကျောင်းပါပဲ။
ရုံးခန်းဖွင့်တဲ့သူလဲ ရှိပါတယ်။ ကားသင်ဆရာက ကားနဲ့ ပတ်သက်သမျှ၊ လမ်းနဲ့ ပတ်သတ်သမျှတွေကို
အကုန်သင်ပေးပါတယ်။ သူက ကျေနပ်ပြီဟု ယူဆပြီး P (အနီ) လိုင်စင် ဖြေဖို့ လက်မှတ်ထိုးပေးမှ
RTA က ဖြေခွင့်ရှိပါတယ်။ ကားသင်ဆရာများဟာလဲ RTA ကနေ အသိအမှတ်ပြုသူမှသာ ကားမောင်းသင်ပေးသူ
အဖြစ် လက်မှတ်ရပါတယ်။
(၃) RTA
RTA ရဲ့ အရှည်ကတော့ Transport
Roads & Traffic Authority ပါ။ သူ့လုပ်ငန်းတွေကတော့ ကားမောင်းလိုင်စင်ထုတ်ပေးတယ်။
လိုင်စင်ဖြေတာကို စစ်ပေးတယ်။ ကားမှတ်ပုံတင် (လိုင်စင်) ထုတ်ပေးတယ်။ ကားအမည်ပေါက်ပြောင်းပေးတယ်။
ကားလိုင်စင် အတုအစစ်ခွဲပေးတယ်။ အများကြီးပါပဲ။
(၄) ကားရောင်းဝယ်ခြင်း
ဒီမှာက ကားရောင်းဝယ်တာ အရမ်းလွယ်ပါတယ်။
ကားတစ်စီးကို အခြားလူစီကနေ ၀ယ်မယ်ဆိုပါတော့။ ကိုယ်ဝယ်မည့်ကားမှာ လိုင်စင်ပါပြီးသားပါ။
အသစ်ဆိုလဲ လိုင်စင်လုပ်ပေးပါတယ်။ လိုင်စင်ပါပြီးသား ကားမှာ စာရွက်တစ်ရွက်ရှိပါတယ်။
အဲဒီစာရွက်ရဲ့ တစ်စိတ်တစ်ပိုင်းကို ကားမှန်မှာ ကပ်ရပါတယ်။ ဘယ်နေ့အထိ ကားလိုင်စင်သက်တမ်း၇ှိတယ်ဆိုတဲ့
စာရွက်ကလေးပါ။ ကျန်တဲ့ စာရွက်အပိုင်းလေးမှာ ရောင်းသူ ၀ယ်သူတို့ရဲ့ နာမည်စသည်နဲ့ ရောင်းချလိုက်သည့်
ငွေကြေးကို ဖြည့်ရပါတယ်။ အဲဒီလို ဖြည့်ပြီးတဲ့ စာရွက်လေးနဲ့ RTA သွားပြီး နာမည်ပြောင်းရပါတယ်။
မိမိဝယ်ယူလိုက်တဲ့ ကားတန်ဖိုးပေါ်မှာ မူတည်ပြီး ကျသင့်သည့် အခွန်ဆောင်လိုက်ရုံပါပဲ။
အခွန်ရုံးကို သွားစရာမလိုပါဘူး။ RTA မှာပဲ ပြီးပါတယ်။ ကွန်ပျူတာထဲ ရိုက်ထည့်လိုက်တာနဲ့
အခွန်ဘယ်လောက်ပေးရမယ်ဆိုတာ ထွက်လာတာပါပဲ။ အခွန်ပေးလိုက်ရင်တော့ မိမိနာမည်ပေါက် ဖြစ်သွားပါပြီ။
(၄) ကားလိုင်စင်သက်တမ်းတိုးခြင်း
ဒါလဲလွယ်ပါတယ်။ ကားလိုင်စင်သက်တမ်းတိုးချင်ရင်
သုံးခုပဲလိုတယ်။ အဲဒါ ဂရင်စလစ်ရယ်၊ ကားအာမခံရယ်၊ သြစီလိုင်စင်ရ ကားစက်ပြင်ဆရာတစ်ယောက်ရဲ့
ကားစစ်ဆေးပြီးကြောင်း လက်မှတ်တစ်ခုရယ်ပါ။ အဲဒါတွေ ပြည့်စုံရင် ခြောက်လ (သို့) တနှစ်စာ
သက်တမ်းတိုးလိုက်ရုံပါပဲ။ ကားရဲ့ ဆေးရောင်ကို ဘာမှ မစစ်ဆေးပါဘူး။ အရောင်တူပဲဖြစ်ဖြစ်၊
အတူရင်ပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ ကားမက္ကင်းနစ်ဆရာက စက်ရယ်၊ ဘရိတ်ရယ်၊ မီးရယ်ကောင်းရင်
လက်မှတ်ထုတ်ပေးတာပါပဲ။ အဓိကကတော့ အန္တရာယ်ကင်းရှင်းရေးက အဓိကပါ။
(၅)လမ်း နှင့် ကားပါကင်
လမ်းကတော့ ပြောစရာမလိုပါဘူး။ ကောင်းမှကောင်းပဲ။
လမ်းကောင်းမကောင်း အမြဲတမ်းစစ်ဆေးနေတဲ့ အဖွဲ့တွေရှိသလို အဲဒီအဖွဲ့က တွေရှိချက်များကို
ညပိုင်းမှာ ပြင်ပေးတဲ့ အဖွဲ့တွေရှိပါတယ်။ မီးပွိုင့်တွေမှာ မော်တော်ပီကယ်မရှိပါဘူး။
စီစီတီဗီကင်မရာတွေပဲ ရှိပါတယ်။ မြန်မာပြည်မှာ မီးဝါဆိုရင် ဖြတ်မောင်းခွင့် မရှိပေမယ့်
ဒီသြစီမှာတော့ မီးဝါဆိုရင် ဖြတ်မောင်းခွင့်ရှိပါတယ်။ လမ်းတိုင်းမှာ အများဆုံးမောင်းရမယ့်
ကီလိုနှုန်းကို ရေးထားပါတယ်။ ကျော်မောင်းရင်တော့ ဒဏ်ငွေဆောင် (သို့) လိုင်စင်သိမ်းခံရနိုင်ပါတယ်။
မြို့တိုင်းမှာ ကားပါကင်တွေ ရှိပါတယ်။
တစ်ချို့က ကားပါကင်သို့ ၀င်တဲ့အချိန်ကစပြီး ရပ်တဲ့အချိန်အားလုံးစာ ပေးရပြီး တစ်ချို့ကျတော့
ပထမတနာရီ (သို့) နှစ်နာရီ (သို့) သုံးနာရီစာ အလကားရပ်နိုင်ပါတယ်။ နောက်ပိုင်းနာရီတွေကျတော့
ကျသလောက်ပေးရပါတယ်။ လမ်းဘေးမှာလဲ ကားရပ်နိုင်ပါတယ်။ သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်းပေါ့။
တချို့နေရာမှာ ၅မိနစ်၊ တချို့ကျတော့ ၁၅မိနစ်၊ စသဖြင့် နေရာပေါ်မှာမူတည်ပြီး ရပ်နားချိန်ကွာသွားပါတယ်။
အမြဲတမ်းလဲ စစ်ဆေးနေသူတွေ ရှိပါတယ်။ ဘယ်သူမှ စည်းကမ်း မဖောက်ရဲပါဘူး။
(၆) ရဲ
ရဲကတော့ အမြဲတမ်း ကားနဲ့လှည့်နေတာပါပဲ။
သူလှည့်နေတဲ့ အချိန်နဲ့ လမ်းစည်းဖောက်တာတွေ့ရင်တော့ အရေးယူပါတယ်။ တခါတရံ အရှိန်တိုင်းတဲ့စက်နဲ့
တိုင်းပြီး သတ်မှတ်အရှိန်ထက် ပိုမောင်းပါက နောက်က အမြန်လိုက်ပြီး အရေးယူပါတယ်။ ဒီမှာ
ဘယ်နေရာမှ လာဘ်ပေးလို့ မရပါဘူး။ ဒီနိုင်ငံမှာ တစ်ခုရှိတာက အရေးပေါ်တစ်ခုခုဖြစ်လို့ ခေါ်ပြီဆိုရင်
ရဲကားရယ်၊ မီးသတ်ကားရယ်၊ လူနာတင်ကားရယ် သုံးဌာနစလုံး ချက်ချင်းရောက်လာတာပါပဲ။
မောင်နေခြည် (လှည်းကူးမြေ)
Thursday, 26 September 2013
ငမိုးရိပ်မှ ငမိုးရိပ်သို့, အပိုင်း (၁၁) (ဇာတ်သိမ်း) / တင့်ဆန်း
စုံထောက်မဂ္ဂဇင်း အယ်ဒီတာအဖွဲ့မှာ ပို၍ မြိုင်လာသည်။ နတ်နွယ်သာမက
နေသွေးနီလည်း ကျွန်တော်တို့ အယ်ဒီတာအဖွဲ့ထဲသို့ ရောက်လာသည်။
စုံထောက်မဂ္ဂဇင်းမှာလည်း စောင်ရေ အတော် တက်လာသည်။ ကျွန်တော် တို့
အယ်ဒီတာများ၏ နေ့စားခမှာ မိုးဝေ ၇ ကျပ်၊ ကျွန်တော် ၄ ကျပ်၊ နတ်နွယ် ၃ ကျပ်၊
နေသွေးနီ ၂ ကျပ်ဖြစ်သည်။ ကျွန်တော်တို့သည် ပိုက်ဆံအရနည်းသည် များသည်ကို
ပဓာနမထားဘဲ စုစုဝေးဝေး စိတ်တူ ကိုယ်တူ လုပ်ကိုင်နေရခြင်းကြောင့်
အလွန်ပျော်ကြပါသည်။
ကျွန်တော်တို့သည် ပျော်ပျော်ပါးပါးနှင့် အလုပ်လုပ်ကိုင်နေကြစဉ် ကျွန်တော့် သမီးငယ် စန်းစန်းတင့် သေဆုံး ပါသည်။ ကျွန်တော့်မှာ သမီးငယ် သေဆုံးခြင်းအတွက် အလွန်စိတ်ထိခိုက်ကာ မစားနိုင် မအိပ်နိုင် ရှိနေရပါသည်။ ကျွန်တော်သည် သမီးငယ်ကို အလွန်ချစ်၏။ မှန်ပါသည်။ ကျွန်တော့် သက်တမ်း တစ်လျှောက်တွင် ယခင် ခင်စန်းကြည်နှင့်တုန်းက သားနှစ်ယောက်၊ သမီးတစ်ယောက်ရခဲ့သော် လည်း သမီးဖြစ်သူသည် ကျွန်တော့်မျက်ကွယ်တွင် သေဆုံးခဲ့ရသဖြင့် ကြေကွဲခဲ့ရသည်။ ထို့ကြောင့် မခင်စိန်နှင့် ရသော သမီးငယ်စန်းစန်းတင့်မှာ ယခင်သမီးငယ်၏ ကိုယ်စားအဖြစ်နှင့် ကျွန်တော့်မှာ ချစ် မ၀ နိုင်အောင် ဖြစ်နေခဲ့ရခြင်းပင် ဖြစ်ပါလေသည်။
သမီးငယ်သေဆုံးပြီး ၆ လကျော်ခန့်အကြာတွင် ကျွန်တော်မှာ အအိပ်ပျက် အစားပျက်နှင့် အိပ်ရာပေါ်တွင် ဘုံးဘုံးလဲ ခဲ့ရပါတော့သည်။ ပြီးနောက် အဆုပ်နာဆေးရုံသို့ တက်ခဲ့ရသော အခြေသို့ ရောက်ရှိ ရ လေတော့၏။
အဆုပ်နာ ဆေးရုံ၌ တက်ရောက်ကုသနေရစဉ် ကျွန်တော့် ဇနီးသည် မခင်စိန်မှာ ကိုယ်ဝန် အရင့် အမာနှင့် ကျွန်တော့် အား ညနေတိုင်း ထမင်းလာရောက်ပို့ရသည်။ ကျွန်တော်သည် ဆေးရုံမှ အမြန်ဆင်း ချင်လှပါ၏။ ဇနီးသည်၏ ဒုက္ခကိုလည်း မကြည့်ချင်။ ပြီးနောက် အိမ်သူ အိမ်သားများ ၏ နေထိုင်စားသောက် ရေးအတွက်လည်း ပူပန်နေရသည်။ သို့သော် ကျွန်တော်၏ ဆန္ဒကား မပြည့်ဝခဲ့။ အဆုပ်နာ ကုဆေးရုံတွင် ၄ လ ကြာမျှ ကုသရပါသည်။
ကျွန်တော် ဆေးရုံမှ ဆင်းလာပြီးနောက် စုံထောက်မဂ္ဂဇင်းတိုက်သို့ အလုပ်ဆင်းခဲ့ပါသည်။
" အင်း ကျွန်တော် ပြောတော့ မပြောချင်ပါဘူး။ ဒါပေမယ့် ပြောရဦးမယ် "
အယ်ဒီတာစားပွဲ၌ ကျွန်တော်ထိုင်နေစဉ် ဦးဆန်နီက ပြောပါသည်။ ကျွန်တော်ကတော့ နားဝေတိမ် တောင်နှင့် ဦးဆန်နီ အား ကြည့်နေမိသည်။
" အခုဆို အယ်ဒီတာအဖွဲ့ကို ကျွန်တော် ပိုက်ဆံ အများကြီး ပေးထားရတယ် "
" ဘယ်လောက်ပေးသလဲ "
" မိုးဝေကို တစ်နေ့ တစ်ဆယ်။ နယ်နွယ်ကို တစ်နေ့ ငါးကျပ်။ နေသွေးနီကို လေးကျပ် ပေးရတယ်။ ဒါကြောင့် ခင်ဗျား ကို အလုပ်ပြန်ခန့်ဖို့ ခက်နေတယ်"
" သြော် သြော်၊ ကျွန်တော် မဂ္ဂဇင်းမှာ မလုပ်ရတော့ဘူး ဆိုပါတော့ "
" ဟုတ်ပါတယ်။ ကျွန်တော်လဲ စိတ်မကောင်းပါဘူး။ မတတ်နိုင်လို့ ပြောရတာပါ "
ကျွန်တော်သည် အတော်ပင် စိတ်ထိခိုက်သွားမိ၏။ မကျန်းမာ၍ ဆေးရုံတက်ရချိန်တွင် အခြား လစာများ ကဲ့သို့ လခမရရှိရုံသာမက ဆေးရုံမှဆင်းလာပြန်သောအခါတွင် အလုပ်ပါပြုတ်၍ နေရပြန်လေပြီ။
ကျွန်တော် မှာ အလုပ်ကို မက်မောလှသည် မဟုတ်သော်လည်း ပျော်ပိုက်ခဲ့သည်။ မှန်ပါ၏။ ကိုယ်ဝါသနာ ပါသော အလုပ်ဖြစ်သည်သာမက ရေးဘော်မိတ်ဆွေများနှင့် ပျော်ပျော်ပါးပါး လုပ်ကိုင်ခဲ့ရ သဖြင့် ပျော်ပိုက် ရခြင်းဖြစ်ပါသည်။
" အင်းလေ ခင်ဗျားက မတတ်နိုင်ရင်တော့လည်း ကျွန်တော့်အနေနဲ့ ဘယ်လုပ်လိ့ ဖြစ်တော့မလဲ"
ကျွန်တော်သည် ဦးဆန်နီအား ဤသို့ ပြောပြီး ရဲဘော်များအား အကျိုးအကြောင်းပြောပြ၍ အိမ် ပြန် ရန် နှုတ်ဆက်သည်။ ရဲဘော် ၃ ယောက်လည်း စိတ်မကောင်း ဖြစ်သွားကြပါတော့သည်။
" ဒီမှာ ဦးဆန်နီ၊ ခင်ဗျား သူ့ကို အလုပ်မပေးနိုင်တော့ဘူးလား "
မိုးဝေက ဦးဆန်နီက သွား၍ မေးလေသည်။
" ဟုတ်တယ်။ ခင်ဗျားတို့ကို ပေးထားရတာများနေလို့ ကျွန်တော် မတတ်နိုင်တော့ဘူး "
" ဒီလိုဆိုရင် ကျွန်တော်တို့ အထဲ က တစ်ကျပ်စီနှုတ်ပြီး ကိုတင့်ဆန်းကို တစ်နေ့ သုံးကျပ် ပေးပေါ့"
" အဲဒီလိုဆိုရင် ဖြစ်နိုင်တာပေါ့ဗျာ "
" ကဲ ကိုတင့်ဆန်း။ ကျုပ်တို့ သုံးယောက်ဆီက တစ်ကျပ်စီ ယူဗျာ။ ခင်ဗျား ဆက်ပြီး အလုပ်ဆင်းပေါ့"
" ဟာ ကျွန်တော့်အတွက် ခင်ဗျားတို့ နစ်နာနေကြမှာပေါ့ဗျာ"
" ကိစ္စမရှိပါဘူးဗျာ။ ကျွန်တော်တို့ ရေးဘော်ချင်း အနစ်နာခံရမှာပေါ့"
နေသွေးနီက ပြောလေသည်။
" ဟုတ်ပါတယ်။ ပိုင်ရှင်ကမပေးနိုင်ရင် ကိုယ့်ရဲဘော်ချင်းပဲ ဝေသုံးတာပေါ့"
နတ်နွယ်ကလည်း ၀င်၍ပြောသည်။
" ကဲ ကဲ ဦးဆန်နီ၊ ကျုပ်တို့ကို တစ်ကျပ်စီလျော့ပေးပြီး ကိုတင့်ဆန်းကို တစ်နေ့ သုံးကျပ် ပေးလိုက်ဗျာ"
မိုးဝေက ဦးဆန်နီဆီသို့ လှမ်း၍ အော်ပြောလိုက်သည်။ ဦးဆန်နီကလည်း
" ပေးပါ့မယ်ဗျာ" ဟု ကတိပေးလေ၏။
ကျွန်တော်တို့ ၄ ယောက်သည် ယခင်ကအတိုင်းပင် ပျော်ပျော် ရွှင်ရွှင်နှင့် မဂ္ဂဇင်းကို ဆက်လက် လုပ်ကိုင်နေ ခဲ့ကြသည်။ သို့သော် ဦးဆန်နီမှာ ယခင် ကျွန်တော် ဆေးရုံမတက်ရမီကကဲ့သို့ ကျွန်တော် တို့၏ နေ့စားခ များကို မှန်မှန်မပေးနိုင်ဘဲ ရှိလာသည်။
၉ ကျပ်စား မိုးဝေမှာ ၃ ကျပ် ၄ ကျပ်ရသည့်အခါရ၍ ၃ ကျပ် ၄ ကျပ်စား ကျွန်တော်တို့မှာ ၂ ကျပ်၊ ၁ ကျပ် ရလို ရဖြစ်ကြသည်။ ကျွန်တော်တို့ သာမက စာစီ၊ စာရိုက် အလုပ်သမားများလည်း လုပ်ခမှန်မှန် မရကြ။ စာရေးဆရာနှင့် ပန်းချီဆရာများမှာလည်း အခမဲ့ ဖြစ်ကုန်ကြသည်။ နတ်နွယ်မှာ ကြာရှည် ဒဏ်မခံ နိုင်တော့ သဖြင့် စာရေးဆရာတင်စိုး ထုတ်ဝေသော ငြိမ်းစာပေထုတ်ဝေရေးသို့ ပြောင်းရွှေ့လုပ်ကိုင်လေတော့သည်။
အယ်ဒီတာအဖွဲ့၌ လူတစ်ယောက် လျော့သွားသော်လည်း ကျွန်တော်တို့မှာ နေ့စားခ တိုးမရရုံသာမက သတ်မှတ်ထားသော နေ့တွက်များကိုပင် မှန်မှန် မရကြပါ။
နတ်နွယ်ငြိမ်းစာပေသို့ ရောက်ရှိသွားပြီးနောက် ကျွန်တော်သည် "မမိုးဖြူ" အမည်ဖြင့် လုံးချင်း တစ်ပုဒ် ရေးကာ ငြိမ်းစာပေမှ ထုတ်ဝေခဲ့ပါသည်။ သို့သော် ထိုစာအုပ်မှာ မျက်နှာဖုံး ပျက်စီးသွား သဖြင့် ဈေးကွက် တွင် မစွံဘဲ ဖြစ်ခဲ့ရပါသည်။
နတ်နွယ်ထွက်သွားပြီး လေးငါးလအကြာ၌ နေသွေးနီလည်း ဇွဲမကောင်းနိုင်ဘဲ စုံထောက်မှ ထွက် သွားပြန် ပါသည်။ ထို့ကြောင့် စုံထောက် အယ်ဒီတာအဖွဲ့တွင် ယခင်မူလအတိုင်း မိုးဝေနှင့် ကျွန်တော်သာ ကျန်ရှိနေခဲ့ ပါသည်။ သို့တိုင်လည်း ကျွန်တော်တို့ နေ့တွက်များမှာ မပြေလည်သေးပါ။

နေ့တွက်က မပြေလည်သောအခါတွင် မိုးဝေရော ကျွန်တော်ပါ မဂ္ဂဇင်းကို သိပ်ပြီး ဂရုမစိုက်နိုင်ဘဲ အပြင်၌ ရေးကွက်ရှာကြရပါသည်။ ကျွန်တော်သည် မြ၀တီ၊ ရှုမ၀၊ သွေးသောက် စသော မဂ္ဂဇင်းများတွင် သာမက အခြားထွက်ပေါ်လာသော မဂ္ဂဇင်းများ၌လည်း ပါနိုင်အောင် ကြိုးစားရေးနေရသလို မိုးဝေမှာလည်း မဂ္ဂဇင်းများတွင်သာမက အခြားလုံးချင်းထုတ်သော တိုက်များကိုပါ ရေးပေးနေရလေသည်။ ထိုစဉ်၌ ကျွန်တော့်ဇနီးသည် မခင်စိန် သည် သမီးကလေးတစ်ယောက်ကို ထပ်မံမွေးဖွားပြန်ပါတော့၏။
ကျွန်တော်တို့ ၂ ယောက်က ဂရုမစိုက်နိုင်သည် တစ်ကြောင်း၊ အလုပ်မသားများကလည်း ငွေရေးကြေးရေး မပြေလည်၍ ဂရုမစိုက်သည် တစ်ကြောင်း၊ ပန်းချီဆရာကောင်း၊ စာရေးဆရာကောင်းများကို မသုံးနိုင်တော့ သည် တစ်ကြောင်း၊ အခြား မဂ္ဂဇင်းကြီးများက ထူးထူးခြားခြား ကောင်းမွန်နေသည် တစ်ကြောင်းတို့ကြောင့် စုံထောက်မဂ္ဂဇင်းမှာ စောင်ရေသိသိသာသာကြီး တိုး၍ ကျဆင်းလေတော့သည်။ မဂ္ဂဇင်းစောင်ရေကျခြင်း အတွက် မိုးဝေနှင့် ဦးဆန်နီတို့ကလည်း တကျက်ကျက်ရန်ဖြစ်ကြသည်။ နေ့ထွက်လည်း ပို၍ မမှန်ကန် ရှိရ တော့သည်။ ယင်းအချိန်၌ စောလင်းသည် ကျွန်တော်တို့ အယ်ဒီတာအဖွဲ့သို့ ရောက်ရှိလာခဲ့လေသည်။
စောလင်း သည် တစ်လခန့် အခမဲ့ လုပ်ကိုင်နေရလေသည်။ ကျွန်တော်မှာ နေ့စားခ မပြေလည်သဖြင့် အပြင် မှ ၀င်ငွေရအောင် ရှာရလေ မဂ္ဂဇင်းကို ဂရုမစိုက်နိုင်လေဖြစ်ကာ ပိုင်ရှင်ဦးဆန်နီနှင့် ကျွန်တော်ပို၍ အဆင်မပြေ ဖြစ်ရလေတော့သည်။
ကျွန်တော်မှာ ငွေရေးကြေးရေး မပြေလည်ရုံသာမက မဂ္ဂဇင်းကိုလည်း အားမရသဖြင့် စိတ်အပျက်ကြီး ပျက်နေခဲ့ သည်။ ပြီးနောက်ကိုယ့်ကိုကိုယ်လည်း ယုံကြည်လာသည်။ ဟုတ်ပါ၏။ ယခုလောက် အခြေခိုင် လာသောအခါ၌ စာရေး၍ ထမင်းစားတော့မည်ဟုလည်း ဆုံးဖြတ်လိုက်သည်။ ပြီးနောက် စုံထောက်မဂ္ဂဇင်း အယ်ဒီတာ အဖွဲ့မှ ကျွန်တော်ထွက်ခဲ့ပါတော့သည်။
စုံထောက်မဂ္ဂဇင်း မှ ထွက်ခဲ့ပြီးနောက် ကျွန်တော်သည် မဂ္ဂဇင်းများတွင် ၀တ္ထုတိုများကို မှန်မှန်ရေးခဲ့သည်။ သို့သော် ၀င်ငွေ မှာ အမှန်မရှိလှ။ နည်းသည့်လနည်း၍ များများဝင်သည့်လလည်း ရှိသည်။ မည်သို့ပင် ဖြစ်စေ တာဝန်တစ်ခု ကို နှစ်သက်လှပါတော့သည်။
စာကိုများများ ရေးလာသည်နှင့်အမျှ ကျွန်တော့်ကလောင်ကို စာဖတ်ပရိသတ် တော်တော်များများ သိလာကြသည်။ စာရေးခြင်း တစ်ခုတည်းကိုသာ အမှီပြု၍ လုပ်ကိုင်စားသောက်ရသောအခါ၌ အခက်အခဲ တွေများစွာ တွေ့ရပါသည်။ ထိုအခက်အခဲများမှာ ကျွန်တော်သည် အင်္ဂလိပ်စာ မတတ်သဖြင့် နိုင်ငံခြား ၀တ္ထု များကိုမှီး၍ မရေးသားနိုင်သောကြောင့် ဇာတ်လမ်းရှာခြင်း၊ ထုတ်ဝေသူများ၊ အယ်ဒီတာ များက အင်္ဂလိပ်စာ မတတ်၍ အထင်သေးကာ စာမူခကို အင်္ဂလိပ်စာတတ်သော စာရေးဆရာ များလောက်မပေးခြင်း၊ စာမူကို ၀ယ်ယူထားလျက် မဂ္ဂဇင်းတွင် လပေါင်းကြာမြင့်စွာမထည့်ဘဲ ပစ်ထားခြင်း၊ စာမူခကို ချိန်းဆိုသည့်ရက်တွင် မပေးဘဲ အချိန်ခဏခဏရွှေ့၍ ချိန်းဆိုမှုကြောင့် ရမည့်ရက်တွင် မရ၍ ငွေပြတ်နေရခြင်းများ ဖြစ်ပါသည်။
မြန်မာပြည်မှာ စာရေးစားလို့ ဘယ်ထမင်းဝမှာလဲဗျာ။ တခြားအလုပ်တစ်ခုခု လုပ်ရင်းနဲ့ စာရေးမှပေါ့။
ကျွန်တော့်အပေါ် တွင် စေတနာထားသော မိတ်ဆွေများထံမှ ကရုဏာသက်စွာဖြင့် အကြံပေးကြသည်။ ကျွန်တော့်ဇနီး က အရောင်းအ၀ယ်ဘက်၌ အားသန်သူ ဖြစ်သောကြောင့် ငွေရေးကြေားရေး ကြပ်တည်းတိုင်း 'မောင့် စာရေးဆရာအလုပ်ကလည်း လမ်းဘေးမှာ ထမင်းကြော်ရောင်းစားတဲ့ ဘ၀လောက်တောင် မှ စိတ်မချမ်းသာရဘူး' ဟုညည်းတတ်ပါသည်။
တကယ့်တော့လည်း သူမပြောစရာဖြစ်နေပါသည်။ တစ်ချိန်က မခင်စိန်သည် ကျွန်တော်နှင့်အတူ ဦးဝိစာရလမ်းအလယ် ပလက်ဖောင်း၌ ထမင်းကြော်ရော င်းခဲ့ဖူးကြသည်။ ထိုစဉ်က ကျွန်တော်တို့မှာ လူပင်ပန်းသော်လည်း စိတ်မပင်ပန်းကြရပါ။ ကျွန်တော်တို့ ထမင်းကြော်ဆိုင်မှာ သန့်လည်း သန့်၊ ကောင်းလည်းကောင်းသောကြောင့် မစ္စနယ်လ်ဆင်ကျောင်းမှ ကျောင်းသားကလေးများက အလု အယက် ၀ယ်ယူစားသောက်ကြပါသည်။ ထို့ကြောင့် တစ်နံနက်ရောင်းလျှင် ၄ကျပ်၊ ၅ကျပ် အထိအမြတ်ငွေ ရရှိခဲ့ပါ သည်။
ကျွန်တော်မှာ အရောင်းအ၀ယ်အလုပ်ကို ၀ါသနာမပါသည်တစ်ကြောင်း၊ ထိုပလက်ဖောင်းဆိုင်မှာ စနေနေ့ တိုင်းမြူနီစပယ် မှ လာ၍ ဆိုင်ကို ဆွဲဖျက်တတ်သည် တစ်ကြောင်း စိတ်ပျက်ကာ ထိုဆိုင်ကို ဖြုတ်၍ ဦးဝိစာရလမ်း ရှိ ဆံပင်ညှပ်ဆိုင်တစ်ဆိုင်တွင် ၀င်၍ လုပ်ကိုင်ခဲ့ပါသည်။ ကျွန်တော်တို့နှင့် အပြိုင်ရောင်းသော ထမင်းကြော် ဆိုင်ရှင် တို့မှာ ကျွန်တော်တို့ဆိုင်ပြုတ်၍ လေးငါးလကြာသောအခါ ကပ္ပလီ ကွက်သစ် ထဲတွင် အိမ်သစ်ကလေးဆောက်နိုင်သည်အထိ စီးပွားရေးအခြေအနေ တိုးတက်ခဲ့သည်ကို မျက်ဝါး ထင်ထင် တွေ့မြင်ခဲ့ရပါသည်။
မည်သူက ဘာပဲပြောပြော ကျွန်တော့်အနေနှင့် စာရေးခြင်းဖြင့် အသက်မွေးဝမ်းကျောင်း၍ ရအောင်ကြိုးစား ချင်သည့် စိတ်ကသာပြင်းထန်နေသည်။
မြန်မာပြည်တွင် စာရေးခြင်းသည် အလုပ်တစ်လုမဟုတ်သလို ထင်မှတ်နေကြသည်။ တကယ့်တော့ စာရေးခြင်း သည်လည်း အသက်မွေးဝမ်းကျောင်းတစ်ခု ဖြစ်ထိုက် ပါသည်။ စာရေးခြင်းဆိုသည်မှာ လွယ်လွယ် ကလေး ကောက်ရေး၍ ရသည်မဟုတ်ပါ။ တွေးရခေါ်ရ ဗဟုသုတရှာဖွေ ဆည်းပူး၍ စာ တစ်ပုဒ်ဖြစ် လာအောင် ကြိုးပမ်းရေးသားရပါသည်။ ထိုသို့ ကြိုးပမ်းရပါလျက် နှင့်ပင် အလုပ်မမည်သော အလုပ်မျိုး ကား ဤကမ္ဘာပေါ်၌ မရှိသင့်ချေ။
ထို့ကြောင့်လည်း ကျွန်တော်သည် စာရေးခြင်းသည် အလုပ်မည်ရမည်ဟူသော ဇွဲဖြင့် တခြားအလုပ်ကို လုပ်ဖို့ စိတ်မကူးဘဲ စာကိုသာ ဖိရေးနေခဲ့ပါသည်။ ယင်းသို့ရှိစဉ် တစ်နေ့၌ ကျွန်တော့်ဇနီးမှာ မကျန်းမမာ ဖြစ်လာပြန်သည်။ သွေးအားလေးအားနည်းကာ နှလုံး၊ ရင်မငြိမ်မသက်ရှိပြီး စိတ်လည်း ကယောင်ချောက်ချားဖြစ်လာသည်။ ကျွန်တော်မှာ ကလေးတစ်ဖက်နှင့် စာကိုကောင်းစွာမရေးနိုင်ဘဲ အခက်အခဲ ကြုံရပြန်ပါတော့၏။ စိတ်မအား လူမအားနှင့် ရှိသဖြင့် စာလည်းမရးနိုင်။ စာမရေးနိုင်၍ ၀င်ငွေ မရှိဖြစ်ကာ လူမမာက တစ်ဖက်နှင့် အတော်ပင်အကြပ်ကျ၍ နေတော့သည်။
ထိုစဉ် တစ်နေ့ ကျွန်တော် နော်ရထာမဂ္ဂဇင်းသို့ ရောက်ရှိသွားသည်တွင် နော်ရထာမဂ္ဂဇင်း အယ်ဒီတာ မောင်ဥာဏ်ဝန်က ''သိမ်း'' ဆိုသောအမည်နှင့် တစ်ကျပ်တန် မဂ္ဂဇင်း ထုတ်မည့် ပဗလစ်ရှာ တစ်ဦး ရှိကြောင်း၊ သို့သော် ထိုပဗလစ်ရှာတွင် မဂ္ဂဇင်းတစ်စောင် ဖြစ်မြောက်အောင် လုပ်တတ်သူမရှိသဖြင့် မဂ္ဂဇင်း လုပ်တတ်မည့် အယ်ဒီတာ ရှိနေကြောင်း ဆီး၍ သတင်းပေးပါသည်။
ကျွန်တော် မှာ လခလစားအလုပ်ကို မလုပ်လိုသော်လည်း အခြေအနေအရ ထိုမဂ္ဂဇင်းထုတ်မည့်သူများနှင့် သွားရောက်တွေ့ဆုံ ရပါသည်။ ပြီးနောက် တစ်လလျှင် လခနှစ်ရာဖြင့် အလုပ်ဝင်လုပ်ရန် သဘောတူ ခဲ့ရပါ တော့၏။
အစကတည်းက လခစားမလုပ်လိုသော ကျွန်တော်မှာ သိမ်းမဂ္ဂဇင်းတွင်ဝင်ရောက်လုပ်ကိုင်သောအခါ၌ စိတ်ပျက် စရာပေါင်းများစွာနှင့် တွေ့ဆုံရင်ဆိုင်နေရပြန်ပါတော့သည်။ သို့သော် ဇနီးလည်းကောင်းစွာ ကျန်းမာ လာသည်အထိ သည်းခံ၍ လုပ်မည်ဟုဆုံးဖြတ်ကာ ၆လကြာမျှ ထိုမဂ္ဂဇင်းတွင် အယ်ဒီတာလုပ်ခဲ့ပြီး မခင်စိန် ကျန်းမာလာသည်နှင့် မဂ္ဂဇင်းမှထွက်၍ စာရေးခြင်း အလုပ်ကိုပင် ပြန်၍ လုပ်ခဲ့ပြန်ပါသည်။
ကျွန်တော် သည် လယ်ကွင်းပြင်များ၊ ဖားအော်သံများ၊ ခြင်များ၊ ရွှံဗွက်နှင့် ဖုံများ ထူတပ်သော ငမိုးရိပ်ကို စွန့်လွှတ် ခဲ့ပြီး ရန်ကုန် သို့ တက်နေခဲ့သည်။
အကယ်၍ ကျွန်တော်သည် စီးပွားရေးသမားအဖြစ်နှင့် စီးပွားရှာခဲ့လျှင်၎င်း၊ နိုင်ငံရေးလုပ်စားသူအဖြစ်နှင့် စီးပွားရှာခဲ့လျှင်၎င်း၊ ဂရံပိုင်အိမ်များကို ၀ယ်၍ဖြစ်စေ၊ ငှားရမ်း၍ဖြစ်စေ နေနိုင်ပေမည်။
ကျွန်တော်သည် စာပေကို စွဲလမ်းခဲ့ရာမှ စာရေးချင်လာသည်။ စာရေး၍ အောင်မြင်လာသောအခါ၌ စီးပွားရေး ၌ စိတ်မ၀င်စားချင်။ မမှန်ကန်သော လုပ်ငန်းများကို မလုပ်ချင်။ စာရေးဆရာအဖြစ်နှင့်ဘ၀ကို ရင်ဆိုင် ချင်သည်။ ထို့ကြောင့် ကျွန်တော်သည် ကွက်သစ်ထဲငယ်၌ စွဲစွဲမြဲမြဲနေလာခဲ့ပြီးမှ ငမိုးရိပ် သို့ပင် ပြန်လည်ရောက်ရှိလာခဲ့ရသည် မဟုတ်ပါလား။
တစ်ခါတစ်ခါတွင် စာရေးစားရသောအလုပ်ကို စိတ်ပျက်ချင်လာသည်။ စာရေး၍ ရသောဝင်ငွေမှာ မဟုတ်ဘူး ဆိုတောင် တစ်လတစ်လတွင် အထက်တန်းစာရေးဝင်ငွေထက်တော့ များသည်။ ဒါပေမယ့် စားရေးလောက် စိတ်မချမ်းသာရ။ အထက်တန်းစာရေးသညာ် လဆန်း ၁ ရက်နေ့၌ လခရဖို့ သေချာသည်။ စာရေးဆရာ၌ ထိုသို့အာမခံချက်မရှိ။ အထက်တန်းစာရေးသည် ကျန်းမာနေလျှင် ရုံးချိန်တိုင်း သူ့အလုပ်ကို သူကောင်းစွာ လုပ်ကိုင်နိုင်သည်။ စာရေးဆရာမှာ စိတ်ကြည်လင်နေမှ၊ စိတ်ကူးပေါက်မှ စာရေး၍ရ၏။
အထက်တန်းစာရေးသည် မကျန်းမာလျှင် လစာအပြည့်နှင့် ခွင့်ရက်ရသည်။ စာရေးဆရာမှာ မကျန်းမာလျှင် ၀င်ငွေမရှိ အထက်တန်းစာရေးမှာ ရုံးအုပ်၊ ရုံးဝန်ထောက်၊ မင်းကြီးစသော သူများနှင့်သာ ဆက်ဆံရသည်။ စာရေးဆရာမှာ အယ်ဒီတာအမျိုးမျိုး၊ ပဗလစ်ရှာ အမျိုးမျိုးနှင့် ဆက်ဆံရသည်။ အချို့ပဗလစ်ရှာ၊ အယ်ဒီတာ တို့မှာ စာရေးဆရာ၏ နုပညာကို တန်ဖိုးထားတတ်သော်လည်း တချို့မှာဘာမျှနားလည်းမလည်၊ တန်ဖိုးလည်း မထားထတ်။ စာရေးဆရာ၏ စာမူ၌ အနုပညာပါသည်၊ မပါသည်မသိ။ သူတို့ အမြတ်ရရရေး အတွက် ကုန်ကြမ်းလောက်သာ သဘောထားတတ်ကြသည်။ ဆက်ဆံရေးတွင်လည်း ဟင်းရွက်သည်၊ အိုးတိုက်ဖွဲပြာသည် ဆက်ဆံနည်းမျိုး ဆက်ဆံတတ်သူများလည်းရှိသည်။ ချိန်းသောရက် ၌ ငွေမှန်မှန် မရ ခြင်းမှာ စာရေးဆရာအဖို့ ဒုက္ခအရောက်ဆုံး ဖြစ်လေသည်။
ကျွန်တော်သည် ဤအကြောင်းများကြောင့် တစ်ခါတစ်ခါ စာရေးခြင်းနှင့် အသက်မွေးရသော အလုပ်ကို စိတ်ပျက်မိ၏။
ကွယ်လွန်ခဲ့ပြီးသော စာရေးဆရာတို့၏ ဆင်းဆင်းရဲရဲနှင့် ကျန်နေကြရရှာသော သားသမီးများကို မြင်တွေ့ရ လျှင်လည်း သားငယ်၊ သမီးငယ်များ၏ နောင်ရေးအတွက် ရင်ထိတ်မိသည်။ ခင်စန်းကြည်နှင့်ရခဲ့သော သားနှစ်ယောက် မှာ အကြီးက ဓာတ်ပုံပညာနှင့် အသက်မွေးဝမ်းကျောင်း၍ အငယ်က ရုံးစာရေးလုပ် နေကြ သည်။ ကိုယ့်အိမ်ထောင်နှင့်ကိုယ် ဖြစ်ပြီ။ မခင်စိန်နှင့် ရသော သားသမီးကလေးများက အလွန်သေးငယ် သည်။ အငယ်ဆုံးသားမှာ လသားမျှသာရှိသေး၏။ သမီးများကလည်း ကျောင်းပင်မထားလောက်သေး။ သူတို့ အတွက် စာရေးဆရာဘ၀နှင့် ရင်မနေရပြန်သည်။ အသက်သိမ်မကြီးသေးခင် စီးပွားရေးဘက် ကူးရကောင်းမည် လားဟု ကြံမိသည်။
သို့သော် စာရေးဆရာဘ၀သည် ဘိန်းကဲ့သို့ စွဲနေ၏။ ပူပင်သောကရောက်ရသည်ကိုပင် အရသာတစ်မျိုးလို့ ခံစားရပြန်သည်။ စိတ်မိုက်စိတ်ရိုင်းပေပဲလား မသိ။
'စာရေးခြင်း သက်သက် နဲ့ အသက်မွေးလို့ မရဘူးဆိုတဲ့ နိုင်ငံမှာ မရရအောင် နေပြမယ်' ဟုကြုံးဝါးကာ သူရဲကောင်းလုပ်ချင်စိတ်ကလည်း ပေါက်နေသေးသည်။
ကျွန်တော် သည် နောက်ကြောင်းများကိုပြန်၍ တွေးရင်းမှ ကိုယ်အဖြစ်ကိုယ် ရယ်ချင်လာသည်။ ကျွန်တော် ယခုရောက်ရှိနေသော မြောက်ဥက္ကလာပ နေအိမ်မှာ ငမိုးရိပ်ချောင်းနှင့် တစ်ဖာလုံခန့်သာ ကွာဝေးသည်။ ရွှံ့ဗွက်၊ ဖုံနှင့် ခြင်တွေပေါများလှသည်။ လယ်ကွင်းပြင်၌ နေရသည်။ ဖားအောင်သံများကို ကြားရသည်။
ထိုအရာအားလုံး ကို ရှောရှားကာ ငမိုးရိပ်မှ ထွက်ပြေးလာခဲ့သော ကျွန်တော်သည် ယခုလည်း ငမိုးရိပ် သို့ပင် ပြန်၍ရောက်ရှိနေရတော့သည် မဟုတ်ပါလား။
တစ်ခါတစ်ခါတွင် စာရေးစားရသောအလုပ်ကို စိတ်ပျက်ချင်လာသည်။ စာရေး၍ ရသောဝင်ငွေမှာ မဟုတ်ဘူး ဆိုတောင် တစ်လတစ်လတွင် အထက်တန်းစာရေးဝင်ငွေထက်တော့ များသည်။ ဒါပေမယ့် အထက်တန်း စားရေးလောက် စိတ်မချမ်းသာရ။ အထက်တန်းစားရေးသည် လဆန်း ၁ ရက်နေ့၌ လခရဖို့ သေချာသည်။ စာရေးဆရာ၌ ထိုသို့ အာမခံချက်မရှိ။ အထက်တန်းစားရေးသည် ကျန်းမာနေလျှင် ရုံးချိန်တိုင်း သူ့အလုပ် ကို သူကောင်းစွာ လုပ်ကိုင်နိုင်သည်။ စာရေးဆရာမှာ စိတ်ကြည်လင်နေမှ၊ စိတ်ကူး ပေါက် မှ စာရေး၍ရ၏။
အထက်တန်းစာရေးသည် မကျန်းမာလျှင် လစာအပြည့်နှင့် ခွင့်ရက်ရသည်။ စာရေးဆရာမှာ မကျန်းမာ လျှင် ၀င်ငွေမရှိက အထက်တန်းစာရေးမှာ ရုံးအုပ်၊ ရုံးဝန်ထောက်၊ မင်းကြီးစသော သူများနှင့်သာ ဆက်ဆံ ရသည်။ အချို့ ပဗလစ်ရှာ၊ အယ်ဒီတာတို့မှာ စာရေးဆရာ၏ အနုပညာကို တန်ဖိုးထားတတ်သော် လည်း တချို့မှာ ဘာမျှနားလည်းမလည်၊ တန်ဖိုးလည်း မထားတတ်။ စာရေးဆရာ၏ စာမူ၌ အနုပညာပါသည်၊ မပါသည်မသိ။ သူတို့ အမြတ်ရရရေးအတွက် ကုန်ကြမ်းလောက်သာ သဘောထား တတ်ကြသည်။ ဆက်ဆံရေးတွင် လည်း ဟင်းရွက်သည်၊ အိုးတိုက်ဖွဲပြာသည် ဆက်ဆံနည်းမျိုး ဆက်ဆံတတ် သူများလည်း ရှိသည်။ ချိန်းသောရက်၌ ငွေမှန်မှန်မရခြင်းမှာ စာရေးဆရာအဖို့ ဒုက္ခအရောက်ဆုံးဖြစ်လေသည်။
ကျွန်တော်သည် ဤအကြောင်းများကြောင့် တစ်ခါတစ်ခါ စာရေးခြင်းနှင့် အသက်မွေးရသောအလုပ် ကို စိတ်ပျက်မိ၏။
ကွယ်လွန်ခဲ့ပြီးသော စာရေးဆရာတို့၏ ဆင်းဆင်းရဲရဲနှင့် ကျန်နေကြရရှာသော သားသမီး များကို မြင်တွေ့ရလျှင်လည်း သားငယ်၊ သမီးငယ်များ၏ နောင်ရေးအတွက် ရင်ထိတ်မိသည်။ ခင်စန်းကြည်နှင့် ရခဲ့သော သားနှစ်ယောက်မှာ အကြီးက ဓာတ်ပုံပညာနှင့် အသက်မွေးဝမ်းကျောင်း၍ အငယ် က ရုံးစာရေးလုပ်နေကြသည်။ သူတို့သည် ကိုယ့်ဝမ်း ကိုယ်ကျောင်းနိုင်ကြပေပြီ။ ကိုယ့် အိမ်ထောင်နှင့်ကိုယ် ဖြစ်ပြီ။ မခင်စိန်နှင့် ရသော သားသမီးကလေးများက အလွန်သေးငယ်သည်။ အငယ်ဆုံးသား မှာ လသားမျှ သာရှိသေး၏။ သမီးများကလည်း ကျောင်းပင်မထားလောက်သေး။ သူတို့ အတွက် စာရေးဆရာဘ၀နှင့် ရင်မနေရပြန်သည်။ အသက်သိပ်မကြီးသေးခင် စီးပွားရေးဘက် ကူးရကောင်း မည်လားဟု ကြံမိသည်။
သို့သော် စာရေးဆရာဘ၀သည် ဘိန်းကဲ့သို့ စွဲနေ၏။ ပူပင်သောကရောက်ရသည်ကိုပင် အရသာ တစ်မျိုးလို ခံစားရပြန်သည်။ စိတ်မိုက်စိတ်ရိုင်းပေပဲလား မသိ။
''စာရေးခြင်းသက်သက်နဲ့ အသက်မွေးလို့ မရဘူးဆိုတဲ့ နိုင်ငံမှာ မရရအောင် နေပြမယ်'' ဟု ကြုံးဝါး ကာ သူရဲကောင်း လုပ်ချင်စိတ်ကလည်း ပေါက်နေသေးသည်။
ကျွန်တော်သည် နောက်ကြောင်းများကိုပြန်၍ တွေးရင်းမှ ကိုယ့်အဖြစ်ကိုယ် ရယ်ချင်လာသည်။ ကျွန်တော် ယခုရောက်ရှိနေသော မြောက်ဥက္ကလာပ နေအိမ်မှာ ငမိုးရိပ်ချောင်းနှင့် တစ်ဖာလုံခန့်သာ ကွာ ဝေးသည်။ ရွှံ့ဗွက်၊ ဖုံနှင့် ခြင်တွေပေါများလှသည်။ လယ်ကွင်းပြင်၌ နေရသည်။ ဖားအော်သံများကို ကြားရ သည်။
ထိုအရာအားလုံးကို ရှောင်ရှားကာ ငမိုးရိပ်မှ ထွက်ပေးလာခဲ့သော ကျွန်တော်သည် ယခုလည်း ငမိုးရိပ် သို့ပင် ပြန်၍ ရောက်ရှိနေရတော့သည် မဟုတ်ပါလား။
တင့်ဆန်း
Ref:ရွှေစင်ဦး
ငမိုးရိပ်မှ ငမိုးရိပ်သို့- အပိုင်း (၁ဝ) / တင့်ဆန်း
ကျွန်တော်တို့ လူစု ၀င်ငွေမှန်နေကြသောကြောင့်
ပျော်တပြုံးပြုံးရှိနေခဲ့ကြသည်။ ကျွန်တော်သည် အသုံး အစွဲချွေတာ၍
ငွေကိုစုသည်။ ထိုအလုပ်မှရသောငွေဖြင့် အရင်းအနှီးပြုလုပ်ပြီး ကြီးပွားအောင်
လုပ်မည်ဟုလည်း ရည်ရွယ်ထားသည်။ ကျွန်တော်မှာနေ့၌ အလုပ်လ်ုပပြီး ညဘက်တွင် "
ဒီသောင်မြေ" ၀တ္ထု ကို ရေးနေသည်။
ကျွန်တော်တို့ လုပ်ငန်းမှာ အစ၌ ကောင်းသော်လည်း နောက်ပိုင်းတွင် အပြိုင်အဆိုင်ရောင်းချ သူ တွေများလာကာ ဈေးနှုန်းကျဆင်းလာသည်။ ကျွန်တော်တို့လူစု နေ့တွက်မကိုက်ဖြစ်လာကြသည်။ အားလုံး စိတ်ညစ်ကြသည်။ နောက်ဆုံး၌ ကျွန်တော်နှင့် ကိုချစ်တင်သည် မီးအိမ်အဆန်းကလေးများ၊ ကလေးကစားစရာ ကလေးများကို တီထွင်ကြည့်သည်။ ကျွန်တော်တို့ ကုန်ပစ္စည်းကို ၀ယ်လိုကြိုက်လိုကြသော် လည်း ကျွန်တော်တို့တွင် လက်နက်ကိရိယာ ပြည့်စုံအောင် မထူထောင်နိုင်သဖြင့် အဖြစ်သာ လုပ်ပြီး တွင်ကျယ်အောင် မလုပ်နိုင်ခဲ့ပါချေ။
ကျွန်တော်တို့ လူစု လက်မြှောက်အရှုံးပေးကာ လုပ်ငန်းကို ရပ်ပစ်လိုက်ကြသည်။ အလုပ်သမား တစ်ယောက် က တောပြန်၍ တစ်ယောက်က တခြားအလုပ် ထွက်လုပ်သည်။
ကျွန်တော်မှာ ကိုချစ်တင်အိမ်၌ သောင်တင်နေခဲ့တော့သည်။ ယင်းသို့ ရှိရင်းမှ ကျွန်တော်သည် "ဒီသောင်မြေ" ၀တ္ထုကို ဆက်ရေးပါတော့သည်။ ရေး၍ပြီးလျှင် ရှုမ၀သို့ ပို့လိုက်ပါသည်။
ကိုချစ်တင် မှာ မီးအိမ်လုပ်ငန်း မရှိသော်လည်း အိမ်ပိုင်နှင့် လမ်းထိပ်တွင် ကွမ်းယာဆိုင်ရှိ၍ အခြေအနေ မဆိုး လှပေ။ ကျွန်တော်သည် စမ်းချောင်းအိမ်၌ မနေလို၍ ကိုချစ်တင်နှင့်သာ နေခဲ့ပါသည်။ ထို စဉ်၌ အဘွားလေး သည် မြင်းလှည်းကိုရောင်း၍ အလုံကွင်းကျောင်းလမ်းရှိ မိတ်ဆွေတစ်ဦး၏ အိမ်ရှေ့၌ တဲ ထိုးကာ ပြောင်းရွှေ့နေထိုင်လေသည်။

ယင်းသို့ ကိုချစ်တင်အိမ်၌ ကျွန်တော် သောင်တင်နေစဉ် "လယ်ကူလီ" ၀တ္ထုသည်
ရှုမ၀မဂ္ဂဇင်းတွင် ပါလာလေတော့သည်။ ကျွန်တော် ရှုမ၀တိုက် သို့ ရောက်သွား သောအခါ
မဂ္ဂဇင်းတစ်အုပ်နှင့် စာမူခငွေ ၃၀ ကျပ်ထုတ်ပေးလေသည်။ ကျွန်တော့်မှာ ၀မ်းသာ
မဆုံးနိုင် တော့ပါ။ ဤအကြိမ်သည် ကျွန်တော့်အတွက် ပထမဆုံး စာမူခရသော
အကြိမ်ဖြစ်၍လည်း ထိုငွေ ၃၀ က တန်ဖိုးရှိလှပေသည်။
ကိုချစ်တင်နှင့် ကျွန်တော်မှာ လက်တွေ့ အလုပ်မရှိသော အကြံသမားများ
ဖြစ်နေကြသည်။ ကိုချစ်တင် သည် အကြံအစည် အပေါက်အလမ်းမတည့်လျှင် တယောကိုသာ
တီးနေတတ်သည်။ ကျွန်တော်က စည်းလိုက် သီချင်းဆိုနှင့် လူပေါ့လူသွမ်းများသဖွယ်
ဖြစ်နေကြသည်။ တစ်နေ့တွင် ကျွန်တော်တို့ ဒလနယ် အတွင်းမှ "ကနောင်"ရွာသို့
အလည်အပတ် လိုက်သွားသည်။ ကိုချစ်တင်၏ မိတ်ဆွေ သည် ဖေယာင်းတိုင်များ လုပ်နေ၏။
ကျွန်တော်တို့သည် ဖယောင်းတိုင်များ ထိုမိတ်ဆွေ ထံမှယူကာ မောင်မြကြီး
ကားနှင့်လိုက်ပြီး ပြည်လမ်းတစ်လျှောက် မြို့စဉ်လျှောက်ရောင်းကြပြန်သည်။
ထိုမြို့များက မြန်မာ လုပ်သော ဖယောင်းတိုင် မသုံးဆိုသဖြင့်
စိတ်ပျက်စွာနှင့် ပြန်ခဲ့ရပြန်ပါတော့သည်။
ကျွန်တော်မှာ ကိုချစ်တင်အိမ်၌ အလုပ်မရှိ အကိုင်မရှိ စားသောက် နေထိုင်ရသည်ကို အားနာလာ သည်။ ထိုအထဲတွင် ကိုချစ်တင်နှင့် သူ့ဇနီးက ကြည်ဖြူသော်လည်း သူ့ယောက္ခမကြီးသည် ကျွန်တော့ောကာင့်ပင် ကိုချစ်တင်အလုပ်မလုပ်သလိုလို အတင်းအဖျင်းလည်၍ ပြောနေသဖြင့် ကျွန်တော် သည် ကိုချစ်တင်တားသည်ကိုပင် မနေတော့ဘဲ အလုံသို့ ပြောင်းရွှေ့ခဲ့ပါတော့၏။
အဘွားလေးသည် အလုံသို့ ရောက်စက ဈေးဆိုင်ကလေးတစ်ခု ဖွင့်လှစ်ရောင်းချနေသည်။ နောက် မရောင်းရ၍ ပြုတ်သွား၏။ ကျွန်တော်မှာ အလုံရောက်မှ ပို၍ စိတ်ညစ်ရသည်။ နေရေး ထိုင်ရေးက ကျဉ်း ကျပ်၍ စားသောက်ရေး ကလည်း ချို့တဲ့လှသည်။ ကျွန်တော်သည် အပြင်သို့ မထွက်ဘဲ စာကုတ်ဖတ်နေ သည်။ တစ်ခါတစ်ခါ လှည်းကူးသို့သွား၏။ အဘွားလေးက ကျွန်တော့်အား အလုပ်တစ်ခုခု ရှာဖွေလုပ် ဖို့ ပြောသည်။ ကျွန်တော်ကလည်း လုပ်ချင်ပါ၏။ သို့သော် ကျွန်တော် ဘာအလုပ် လုပ်မည်နည်း။
နီးစပ်ရာ ဆံပင်ညှပ်ဆိုင်များတွင် အလုပ်သမားလိုမလို စုံစမ်းကြည့်သည်။ မလိုကြောင်းဟုသာ ပြန် ကြားကြသည်။
ကျွန်တော်တို့အား တဲဆောက်နေထိုင်ရန် မြေကွက်ပေးထားသူ မိတ်ဆွေများမှာ ကျွန်တော်ငယ်စဉ် ကကျွန်တော်တို့ အိမ်တွင် ၃ နှစ်ခန့် လာရောက်နေထိုင်ခဲ့ကြဖူးသူ မိတ်ဆွေရင်းများ ဖြစ်လေသည်။ သူတို့တွင် ကျွန်တော့် ထက် အသက် ၃ နှစ်မျှငယ်သူ သမီးတစ်ယောက်ရှိသည်။ အမည်က မခင်စိန်ဖြစ် သည်။ မခင်စိန် မှာ သမီးနှစ်ယောက်နှင့် မုဆိုးမဖြစ်သည်။ အရောင်းအ၀ယ် တတ်သောကြောင့် ရွှေများ ၀တ်ဆင်နိုင် သည်။ သူမသည် ကျွန်တော့်အား အစ်ကိုရင်း၊ မောင်အရင်းကဲ့သို့ ခင်မင်လေသည်။
အဘွားလေးသမီး ကလေးမမှာ အကြော်များကို ဖောက်သယ်ယူ၍ လည်ရောင်းသည်။ တစ်နေ့မှ တစ်ကျပ်ခွဲ၊ နှစ်ကျပ်သာ မြတ်သည်။ ကျွန်တော်မှာ သူမလုပ်စာ စားနေရသည်ကို မျိုမကျ ဖြစ်ခဲ့ရသည်။ ဒါပေမယ့်လည်း ကိုယ်တိုင်က အလုပ်အကိုင် မရှိသောကြောင့် ကျိတ်မှိန်စားနေခဲ့ရသည်။ အဘွားလေး သည် ဆင်းရဲငြိုငြင်စွာ နေထိုင်ရသောကြောင့် စိတ်မချမ်းသာတိုင်း ကျွန်တော့်အား အလုပ်မလုပ်ဘဲ စာရေး စာဖတ်နေရကောင်းလားဟု အပြစ်ပြောလာသည်။ ကျွန်တော်၏ စာရေးစာဖတ်ခြင်းကို ရှုတ်ချလာသည်။ ကျွန်တော်မှာ ကျွန်တော် မြတ်နိုးသော အလုပ်ကို ထိခိုက်လာသောကြောင့် အသည်းဆတ်ဆတ်ခါအောင် ပင်နာကျည်းမိသည်။
သောင်းကျန်းသူများကြောင့် မြို့မှာလည်း လှုပ်လှုပ်ရှားရှားရှိနေသည်။ ထိုအချိန်၌ မခင်စိန်၏ အရောင်းအ၀ယ်လုပ်ငန်းများမှာ မကောင်းတော့ဘဲ ရပ်နားနေရသည်။ သူမ မိဘများမှာ ဓာတ်မီးပြောင်း လုပ်ရောင်းသည်။ ထိုလုပ်ငန်းမှာလည်း တိုင်းပြည်အခြေအနေ မကောင်းသောကြောင့် ယခင်ကလောက် မကောင်းလေတော့ သူတို့လည်း စီးပွားရေး ကျပ်တည်းစပြုလာပြီ။
မခင်စိန်သည် အရောင်းအ၀ယ်လုပ်ရန် ကုန်ပစ္စည်းများကို လိုက်ရှာသည်။ သူမအဖေက တိုင်းပြည် ဗရုတ်ဗရက်တည်းတွင် အလုပ်လုပ်ချင်ရကောင်းလားဟု ဆူသည်။
အဘွားလေးက ကျွန်တော့်အား အလုပ် မလုပ်၍ ဆူသည်။ သူမနှင့် ကျွန်တော်မှာ အဆူခံရပုံနည်းချင်းသာ ကွာခြား၍ စိတ်ညစ်ခြင်း တူညီကြသည်။ ကျွန်တော်မှာ မခင်စိန်အား ကိုယ်ချင်းစာ၍ သနားလာသည်။ ပြီးနောက် သူမ၏ စိတ်နေစိတ်ထားကိုလည်း သဘောကျသည်။
ဘ၀အခြေအနေသာယာလျှင် ကျွန်တော် အိမ်ထောင်ပြုဖို့ စိတ်ကူးချင်မှ စိတ်ကူးမိမည်။ ယခုအချိန်၌ ကျွန်တော်သည် မခင်စိန်အား ချစ်ရေးဆိုကြည့်ဖို့ စိတ်ကူးသည်။ ယခုလိုအချိန်မျိုး၌ ကျွန်တော့် အချစ်အား လက်ခံသော အမျိုးသမီးသည် ဇနိးကောင်းတစ်ယောက် ဖြစ်ရမည်ဟုလည်း ယုံကြည်ခဲ့ပေ သည်။ တစ်နေ့လူကြီးများအလစ်၌ ကျွန်တော် မခင်စိန်အား ချစ်ရေးဆိုခဲ့သည်။ မခင်စိန်သည် ကျွန်တော့် အချစ်ကို မငြင်းမပယ် အမှုမလုပ်ဘဲ ခပ်တည်တည်နှင့်ပင် လက်ခံခဲ့ပါ၏။
ကျွန်တော်မှာ ရှေ့ကြောင်းနောက်ကြောင်း ဘာအကြောင်းကိုမှ စဉ်းစားလိုစိတ်မရှိ။ မခင်စိန်အား ခေါ်၍ တော်ရာ ဤအရပ်နှင့် ဝေးရာသို့သာ ထွက်ခွာသွားလိုစိတ် ဖြစ်ပေါ်နေသည်။ ထိုအချိန်၌ အလုံကရင် ခြံတွင် တိုက်ပွဲဖြစ်လေသည်။ ကျွန်တော်တို့ ရပ်ကွက်မှ လူများ ပြောင်းရွှေ့ပြေးကြသည်။ အဘွားလေး၊ ကလေးမနှင့် ကလေးများ၊ အိမ်ရှင်များ ကြည့်မြင်တိုင်သို့ ခေတ္တပြောင်းရွှေ့ကြသည်။ မခင်စိန်နှင့် သူ့သမီးငယ်များလည်း ပါသွား၏။ အိမ်၌ ကျွန်တော်နှင့် အိမ်ရှင်ယောက်ျားကြီးသာ ကျန်ရှိနေလေသည်။
တိုက်ပွဲမှာ မပြီးသေး။ ဒါပေမယ့် လေးငါးရက်ကြာသောအခါ အခြေအနေ ငြိမ်သက်လာသည်။ မခင်စိန်နှင့် သူမ အိမ်သားများ၊ ကျွန်တော့် အိမ်သားများ ပြန်လာကြသည်။ ကရင်ခြံတိုက်ပွဲပြီးဆုံးပြီး မကြာ မီမှာပင် ကျွန်တော်သည် မခင်စိန်နှင့် နှစ်ဦးသဘောတူ လျည်းကူးသို့ ထွက်ပြေးခဲ့ကြပါသည်။
လှည်းကူးသို့ ရောက်ရှိသောအခါ လှည်းကူးတစ်မြို့လုံး ကျီးလန့်စာ စားဖြစ်နေကြသည်။
စာဘူး တောင်းမှ ကေအင်ဒီအိုများက လှည်းကူးသို့ စီးမည်ဟူသော သတင်းဖြစ်နေသည်။ တချို့ ရန်ကုန်သို့ ပြောင်း ရွှေ့ပြေးကြသည်။
ကျွန်တော်တို့သည် တောခေါင်းနှင့် လက်ထပ်ခဲ့သူ မြနှစ်အိမ်၌ တည်းခိုကြသည်။ မြနှစ်မှာ တောခေါင်းနှင့် ကွဲပြီး သူမဖာသာ အိမ်တစ်လုံးသားတစ်ယောက်နှင့် ကုန်သည်လုပ်ကိုင်၍ နှစ်အတော်ကြာ စားသောက်နေခဲ့သည်။ ယခု ကျွန်တော်တို့ သူမအိမ်၌ သွားရောက်တည်းခိုနေချိန်တွင် သူမသည် ကားဒရိုင်ဘာတစ်ယောက်နှင့် လက်ထပ်ပြီးစရှိသေးသည်။
ကျွန်တော်သည် လှည်းကူးမြို့သို့ ရောက်ပြီးနောက် မောင်မြကြီးညီငယ် မောင်ဟန်ထွန်းနှင့် ဆံပင်ညှပ်ဆိုင်တွင် ၀င်လုပ်သည်။ မောင်ဟန်ထွန်းသည် ကျွန်တော့်ထံမှ ဆိုင်ခ၊ ပစ္စည်း မနှုတ်သောကြောင့် ကျွန်တော်လုပ်၍ ရသမျှ ကျွန်တော့်ငွေသာ ဖြစ်နေရတော့သည်။ လှည်းကူးမြို့မှာ လှုပ်လှုပ်ရှားရှား ရှိနေ သော်လည်း ကျွန်တော်တို့ ဇနီးမောင်နှံသည် အေးအေးချမ်းချမ်းပင် ရှိနေကြပါသည်။ ရသည့်ငွေကလေးကို စိတ်အေးလက်အေး သုံးစွဲရင်း ပျော်ရွှင်နေခဲ့ရသည်။ ကျွန်တော်တို့ လှည်းကူးတွင် ထိုသို့ အေးချမ်းစွာနေ၍ ၁၀ ရက်ကျော်ခန့်ကြာသောအခါတွင် မခင်စိန်၏ မိခင် လှည်းကူးသို့ လိုက်လာသည်။ မခင်စိန်အဖေ အကြီးအကျယ် မမာနေ၍ သမီးအား တွေ့လိုသည်ဆိုသဖြင့် လာခေါ်ရကြောင်း ပြောပြသည်။
ကျွန်တော်ပါ လိုက်ရမည်လားဟု မခင်စိန်က မေးသောအခါ လိုက်ဖို့ မလိုကြောင်း၊ တစ်ရက်နှစ်ရက် နေလျှင် မခင်စိန် ပြန်လာရမည်ဖြစ်ကြောင်း ပြောပြီး ခေါ်သွား၏။
တစ်ပတ်ခန့်ကြာသော်လည်း မခင်စိန် ပြန်မရောက်လာသောကြောင့် ကျွန်တော် ရန်ကုန်သို့ လိုက် သွားသည်။ အဘွားလေးတို့သည် တဲကလေးကိုဖျက်ပြီး လမ်းတစ်ဖက်ရှိ ကွင်းကျောင်းတည်းသို့ ပြောင်းနေ ကြသည်။ မခင်စိန်၏ မိဘများသည် သူတို့သမီးနှင့် ကျွန်တော့်အား သဘောမတူသောကြောင့် အဘွားလေး တို့အားလည်း သူတို့မြေတွင် နေခွင့်မပြုဟု သိရသည်။
ကျွန်တော်မှာ အဖြစ်အပျက်အစုံကို သိရသောအခါ ရင်ထဲတွင် နင့်ကနဲ နာရလေသည်။ အမှန်စင် စစ်ကျွန်တော်သည် အိမ်ထောင်ပြုသည့်တိုင်လည်း ကျွန်တော် ရည်မှန်းထားသော အမျိုးသမီးမှာ ယခုလို သာမန်မဟုတ်။ အလွန်အထက်တန်းကျ၍ အလွန်တော်သူသာ ဖြစ်ရမည်ဟု ရည်မှန်းခဲ့သည်။ နောက်ပြီး ကျွန်တော်သည် ဤ အခြေအနေမျိုးနှင့်လည်း အိမ်ထောင်မပြုသေးဟု စိတ်ကူးမိ၏။ စိတ်ညစ်ညစ်နှင့် ဖြစ်မိ ဖြစ်ရာမှာပင် သူမမိဘများက သဘောမတူလောက်အောင် ကျွန်တော့်မှာ အဆင့်အတန်း နိမ့်ကျရသည့် အတွက်လည်း ကိုယ့်အဖြစ်ကိုယ် ရယ်ချင်နေတော့သည်။
သူတို့ သဘောမတူလည်း နေကြပေစေဟု ကျွန်တော် သဘောထားလိုက်သည်။ လောလောဆယ် အဘွားလေးနှင့် ကလေးများ ဒုက္ခရောက်ရသည့်အတွက် ၀မ်းနည်းပက်လက် ဖြစ်နေမိရသည်။
မခင်စိန်သည် ကျွန်တော့်အပေါ် မည်မျှချစ်ကြောင်း ကျွန်တော် နားလည်သည်။ ကျွန်တော်ကလည်း သူမအား ချစ်သည်။ ကျွန်တော်တို့ နှစ်ဦးမှာ အချစ်သက်သက်ဖြင့် တည်ဆောက်ခဲ့ကြ သော အချစ်စစ် အိမ်ထောင်ဖြစ်သည်။ ကျွန်တော်သည် မခင်စိန်အားတွေ့ဆုံ၍ တိတိလင်းလင်း မေးမြန်း ချင်သည်။ ဒါပေမယ့် တွေ့ခွင့်မရခဲ့။ ကျွန်တော်သည် အဘွားလေးတို့အား နှစ်သိမ့်စကား ပြောထားခဲ့ပြီး လှည်းကူး သို့ ပြန်လာခဲ့သည်။ လျည်းကူးသို့ ပြန်ရောက်ပြီး ၂ ရက်ကြာသောအခါ မခင်စိန် ကျွန်တော့်ထံ ပြန်ပြေး လာခဲ့၏။
" ခင် ဒီလှည်းကူးမှာလည်း မနေချင်တော့ဘူး မောင်။ သူတို့ သိတဲ့နေရာမှာဆိုရင် သူတို့က လိုက်ပြီး နှောက်ယှက်နေကြဦးမှာပဲ။ သူတို့မသိရတဲ့ နေရာကို ပြေးကြပါစို့"
မခင်စိန်က ဤသို့ပြောသည်နှင့် ကျွန်တော်တို့သည် ပဲခူးသို့ ထွက်ခဲ့ကြပြန်သည်။ ပဲခူးတွင် အတော် အတန် ချောင်ကြသော ကျွန်တော်၏ ညီမတော်စပ်သူများအိမ်တွင် နေခဲ့ကြသည်။ ညီမတော်နှင့် သူမ ယောက်ျားမှာ စာဖတ်ဝါသနာပါသူများဖြစ်ကြ၍ ကျွန်တော်ရေးသော စာများကိုလည်း ဖတ်ဖူးကြ သည်နှင့် ကျွန်တော်တို့အား ကြည်ကြည်ဖြူဖြူကျွေးမွေးပြုစု ထားကြပါသည်။
ရက်ရှည်လာသောအခါ ကျွန်တော်တို့သည် ထိုအိမ်၌ စားသောက်နေရသည်ကို အားနာလာသည်။ ထို့ကြောင့် ကျွန်တော်က ပဲခူးမှ ဆံပင်ညှပ်ဆိုင်တစ်ဆိုင်ဝင်၍ ထက်ဝက်စားနှင့် အလုပ်လုပ်သည်။ မခင်စိန် က ကျွန်တော့်မိတ်ဆွေ တစ်ဦး၏ ဆေးလိပ်ခုံ၌ ဆေးလိပ်ထုပ်သည်။ ဆံပင်ညှပ်ဆိုင်ကလည်း အလုပ် မကျလှ။ ဆေးလိပ်ထုပ်ရသော အလုပ်ကလည်း မှန်မှန်မလုပ်ရသောကြောင့် ကျွန်တော်တို့မှာ ၀င်ငွေ သိပ် မဟန်လှ ဘဲ ရှိပြန်ပါတော့သည်။
ကျွန်တော် စုံထောက်မဂ္ဂဇင်း ပိုင်ရှင် ဦးဆန်နီအား လုံးချင်းဝတ္ထုရေးဖို့ သွားပြောသောအခါ ဦးဆန်နီက
"ရေးပါ။ ထုတ်ပေးမည်" ဟု ပြောသည်။ ထို့ကြောင့် ကျွန်တော် ရွာသို့ ပြန်သွားကာ "ပုလဲငွေရည်ဦး" လုံးချင်းဝတ္ထု ကို ရေးခဲ့လေသည်။
ထိုဝတ္ထုမှာ ကျွန်တော့်သူငယ်ချင်း အောင်သန်း၏ တောခိုရဲဘော်ဖြူ ဘ၀ဖြစ်စဉ်ကို အခြေခံ ၍ရေး ခြင်းဖြစ်သည်။ အောင်သန်းသည် ဗိုလ်သံဒိုင်အမည်ဖြင့် ကျွန်တော်တို့ရွာတွင် အုပ်ချုပ်နေခဲ့ သည်။ နောက်ဆုံး၌ အချင်းချင်းသစ္စာမဲ့သဖြင့် လက်နက်ချအလင်းဝင်လာရခြင်းအကြောင်းကို အခြေခံကာ အချစ် အလွမ်း တို့ဖြင့် ဝေေ၀ဆာဆာ ရေးဖွဲ့ထားသည်။
"ပုလဲငွေရည်ဦး" ၀တ္ထုကို ထုတ်ဝေလိုက်သောအခါတွင် လူကြိုက်အတော်များ၍ အောင်မြင်သည်။ ကျွန်တော်မှာ စာပေလောကသို့ ပြန်ဝင်ဝင်ခြင်း အောင်မြင်မှုရသောကြောင့် ပို၍ အားတက်လာသည်။
ကျွန်တော် သည် စုံထောက်ဝတ္ထုမဂ္ဂဇင်းတိုက်သို့ နေ့စဉ်လို ရောက်ရှိခဲ့ပါသည်။ အယ်ဒီတာအဖွဲ့နှင့် လည်း တစ်နေ့ထက် တစ်နေ့ပင် ရင်းနှီးလာသည်။ ယင်းအချိန်၌ အယ်ဒီတာအဖွဲ့ဝင် တစ်ဦးဖြစ်သူ ကိုဝင်းနိုင် မှာ အစိုးရရုံး တစ်ရုံး သို့ အလုပ်ပြောင်းသွားသည်နှင့် စုံထောက်မဂ္ဂဇင်းတွင် အယ်ဒီတာချုပ် မိုးဝေ တစ်ယောက် တည်း သာ ရှိနေသည်။
"ကိုတင့်န်းကို ခင်ဗျားတို့ အယ်ဒီတာအဖွဲ့ထဲထည့်ကြပါဗျာ"
နယူးဘားမား ဘလောက်တိုက်မှ ကိုချစ်စိတ်နှင့် ယခင်က အရှေ့တိုင်း လစဉ်မဂ္ဂဇင်း ထုတ်ဝေခဲ့သူ ကိုထွန်း တို့က ပိုင်ရှင်ဦးဆန်နီနှင့် အယ်ဒီတာချုပ် မိုးဝေတို့အား ပြောကြသည်။ သို့တိုင် ဦးဆန်နီက ကျွန်တော့် အား အယ်ဒီတာအဖွဲ့၌ ထားလိုဟန်မရှိဘဲ အမှတ်မထင် နေခဲ့သည်။ အယ်ဒီတာ မိုးဝေကတော့ မဂ္ဂဇင်းတိုက် သို့ ရောက်ရှိနေသော စာမူအချို့ကိုပေး၍ ဖတ်ခိုင်းသည်။ ထင်မြင်ချက်ပေးခိုင်းသည်။ ကျွန်တော်မှာ အခြားသူ များ၏ လက်ရေးစာမူများကို ဖတ်ရှုခွင့်ရသောကြောင့် ၀မ်းသာနေရသည်။
ကျွန်တော်သည် စာမူ ၅ ခုကို အိမ်သို့ယူသွားပြီး သေသေချာချာဖတ်၍ ရွေးသင့် ပယ်သင့် မှတ်ချက် များဖြင့် မိုးဝေထံသို့ ပြန်ပို့သည်။ မိုးဝေသည် စာမူများကို ပြန်ဖတ်ပြီးနောက် ကျွန်တော့် အဆုံးအဖြတ် ကို ကျေနပ်လက်ခံလေသည်။ ပြီး နောက်ထပ် စာမူများကိုပေး၍ ပန်းချီရေးဆွဲ ညွှန်ကား အကြံပေးချက်များကိုပါ ထည့်ရေးပေးရန် ပြောလိုက်ပြန်ပါသည်။
စုံထောက်မဂ္ဂဇင်းမှ စာမူအချို့မှာ ကျွန်တော်၏ အဆုံးအဖြတ်ဖြင့် ရွေးခြင်း၊ ပယ်ခြင်း ဖြစ်လာ သည်။ ပန်းချီလက်ရာ များမှာလည်း ကျွန်တော်၏ ညွှန်ကြားအကြံပေးချက်အတိုင်း ဖြစ်လာသည်။ သို့တိုင် လည်း ကျွန်တော်မှာ စုံထောက်မဂ္ဂဇင်း၏ အယ်ဒီတာအဖွဲ့ဝင် မဖြစ်သေးပါ။
ကျွန်တော် သည် တစ်လကျော် နှစ်လနီးပါးမျှ မထင်ရှားသော စာတည်းအဖြစ်နှင့် စုံထောက်မဂ္ဂဇင်း တွင် ကူညီ လုပ်ကိုင်ပေးနေသည်။
ယင်းသို့ နေခဲ့ရာမှ ဦးဆန်နီထံက ရရန်ရှိသော ပုလဲငွေရည်ဦး စာမူခ လည်း တစ်တိတိနှင့်ကုန်၍ သွားလေပြီ။ ထို့ကြောင့် မိုးဝေအား ကျွန်တော်က ပြောပြ၏။
"ကိုမိုးဝေ၊ ကျွန်တော်တော့ ခင်ဗျားကို ဆက်လက်ကူညီနိုင်တော့မယ်မထင်ဘူးဗျာ။ ဦးဆန်နီဆီက စာမူခ လည်း တစ်တိတစ်တိ ယူသုံးလို့ကုန်ပြီ။ နေရေးစားရေးအတွက် အလုပ်လုပ်ရတော့မယ်"
"ဒီလိုဆိုရင် ခင်ဗျားကို ကျွန်တ်ာတို့ အယ်ဒီတာအဖွဲ့ထဲ ၀င်လုပ်ဖို့ ဦးဆန်နီကို ကျွန်တော် ပြောပေး မယ်လေ။ လုပ်မလား"
" ဟာ လုပ်တာပေါ့ဗျာ။ ကိုယ်ဝါသနာပါတဲ့အလုပ် လုပ်ရရင် ပိုကောင်းတာပေါ့"
ကျွန်တော်က အားရ၀မ်းသာ ပြန်၍ပြောလိုက်ပါသည်။
" ကဲ ဒါဖြင့် ခဏစောင့်ဗျာ။ ဦးဆန်နီလာတော့ ကျွန်တော် ပြောမယ်"
ခဏအကြာတွင် ဦးဆန်နီ အပြင်သွားရာမှ ပြန်ရောက်လာသည်။ မိုးဝေက ကျွန်တော့်အား အယ်ဒီတာ အဖွဲ့တွင် အလုပ်ခန့်ဖို့ပြော၏။
" အလုပ်ခန့်ဖို့က အရေးမကြီးပါဘူး။ ဒါပေမယ့် ကျွန်တော့် အနေန့ လခများများ မပေးနိုင်တော့ ကိုတင့်ဆန်း ကို အားနာတယ်"
ဦးဆန်နီက ကျွန်တော့်ကို အားနာဟန် မျက်လုံးများဖြင့် ကြည့်ရင်း ပြောပါသည်။
"ဘယ်လောက်ပေးနိုင်မှာလဲ"
မိုးဝေက ဦးဆန်နီအား မေးလိုက်သည်။
" ပြောရမှာတောင် အားနာပါတယ်ဗျာ။ ခင်ဗျားကိုလည်း တစ်နေ့ ငါးကျပ်ပေးနေရတော့ ကိုတင့်ဆန်းကို တစ်နေ့ တစ်ကျပ်ပဲ ကျွန်တော် ပေးနိုင်မယ်။ တစ်ခုရှိတာကတော့ ကိုတင့်ဆန်းအနေနဲ့ လုံးချင်းရေးပေါ့ဗျာ။ ကျွန်တော် ထုတ်ပေးပါ့မယ်"
"ဘယ့်နှယ်လဲ။ ခင်ဗျား တစ်နေ့တစ်ကျပ်နဲ့ လုပ်နိုင်ပါ့မလား"
မိုးဝေက ကျွန်တော်ဘက်သို့ လှည့်မေးလိုက်သည်။
"အယ်ဒီတာချုပ်မှ ငါးကျပ်ရတယ်ဆိုတော့ ကျွန်တော့်အနေနဲ့ တစ်ကျပ်ဆို မလုပ်နိုင်စရာ မရှိပါဘူး ဗျာ။ ပြီး လုံးချင်းရေးဖို့ အခွင့်အရေးကလည်း ရှိနေသေးတာပဲ"
"အေးဗျာ လုံးချင်း ဖိရေးပေါ့။ ကျုပ်လည်း အယ်ဒီတာခကို အဓိကမထားဘဲ လုံးချင်းဖိရေးနေတာပဲဗျ။ ဒါမှပဲ တစ်လ သုံးရာကျော်လောက် ၀င်ငွေရှိတာ"
နောက်နေ့မှစ၍ ကျွန်တော်သည် စုံထောက်မဂ္ဂဇင်းတွင် တစ်နေ့တစ်ကျပ်စား အယ်ဒီတာဖြစ်၍ လာပါတော့သည်။ ထိုစဉ်က ကုန်ဈေးနှုန်းမှာ သိပ်ပြီး မတက်သေးသည်က တစ်ကြောင်း၊ ပြီးနောက် ကျွန်တော်တို့တွင် သားသမီးမရှိဘဲ ဇနီးမောင်နှံ ၂ ယောက်တည်းသာရှိသဖြင့် တမတ်ကို ခရီးစရိတ်၊ ဆေး လိပ်ဖိုးအဖြစ် သုံး၍ သုံးမတ်ကို အိမ်စရိတ်အဖြစ်နှင့် လောက်ငှအောင် ခြစ်ချုတ်သုံးစွဲခဲ့ကြရလေသည်။
ကျွန်တော်သည် အယ်ဒီတာလုပ်ရင်း နှစ်ကျပ်တန်လုံးချင်း စာအုပ်များရေးမည်ဟု စိတ်ကူးထားသော်လည်း မရေးဖြစ်ခဲ့ပါ။ စုံထောက်အယ်ဒီတာအဖွဲ့မှာ မိုးဝေနှင့် ကျွန်တော် နှစ်ယောက် တည်းသာရှိသည်။ မိုးဝေမှာ အသုံး အစွဲကြီးသူ ဖြစ်သောကြောင့် ပိုက်ဆံများများရနိုင်ရန် လုံးချင်းများကိုသာ ဖိရေးနေသည်။ မဂ္ဂဇင်းနှင့် ပတ်သက်၍ စီမံအုပ်ချုပ်ရုံ လောက်သာလုပ်၏။ ထို့ကြောင့် ကျွန်တော်က မဂ္ဂဇင်းကို ဖိလုပ်နေရသည်။ ဤသို့ ဖိလုပ်ရခြင်းကိုလည်း ကျွန်တော်က အထူးပင် ၀မ်းသာကျေနပ်နေပါ၏။ အဘယ်ကြောင့်ဆိုသော် ယင်းသို့ လုပ်မှသာလျှင် ကျွန်တော်သည် မဂ္ဂဇင်းလုပ်ငန်းနှင့် ပတ်သက်သော ပညာရပ်များကို တတ်မြောက် ကျွမ်းကျင် လာမည် မဟုတ်ပါလား။
တစ်နေ့ ၁ ကျပ်သော အသပြာဖြင့် ကျွန်တော်မှာ ရောင့်ရဲလျက် ကိုယ်ဝါသနာပါသော မဂ္ဂဇင်း အလုပ် ကိုသာ ဖိလုပ်နေသည်။ ကျွန်တော်သည် ထိုအလုပ်၌ ပျော်ပိုက်လှ၏။ စုံထောက်မဂ္ဂဇင်းတွင် ကျွန်တော် လုပ်နေ၍ တစ်နှစ်နီးပါးကြာလေပြီ။ တစ်နေ့တွင် ကိုဝင်းနိုင် ရောက်လာ၏။
" ကိုတင့်ဆန်း မြ၀တီမှာ ရေးပါလားဗျ"
"ကျွန်တော်ရေးလို့ မြ၀တီက လက်ခံပါ့မလားဗျာ"
ကျွန်တော်က မရဲတရဲနှင့် ပြန်၍မေးမိပါသည်။
" ကောင်းရင် လက်ခံမှာပေါ့ဗျာ။ ကျွန်တော်တော့ မြ၀တီကို ကဗျာနဲ့ စပြီးဝင်မြယ်လို့ စိတ်ကူး ထားတယ်"
ကိုဝင်းနိုင်သည်ဤသို့ပြောပြီး ပြန်သွားလေသည်။ သူပြန်သွားပြီးနောက် ကျွန်တော် သည် မြ၀တီ ၌ ရေးချင်စိတ် ပြင်းပြစွာပေါ်ပေါက်နေမိလေသည်။ အလုပ်ချိန် ကုန်ဆုံး၍ ညနေဘက် နေအိမ် သို့ ပြန်ရောက် လေရာ ကျွန်တော်သည် ညစာထမင်းကို ကပြာကယာ စားပြီးနောက် "မြင်းညိုရှင်" အမည်နှင့် ကဗျာဝတ္ထု တစ်ပုဒ် ကို ထိုင်၍ ရေးသည်။ ထိုကဗျာဝတ္ထုမှာ နံနက် ၁၀ နာရီကျော်မှ စိတ်တိုင်းကျ အပြီးသတ် ခဲ့လေသည်။
နောက်နေ့အလုပ်ဆင်းရင်း မြ၀တီမဂ္ဂဇင်းတိုက်သို့ ၀င်မည်ပြုစဉ် တိုက်ဝ၌ ပန်းချီလှစိုးနှင့်တွေ့သည်။ လှစိုးအား လက်ဖက်ရည်ဆိုင်သို့ခေါ်ကာ ကျွန်တော် ရေးလာသော ကဗျာ ၀တ္ထုကိုပြသည်။
"အတော်ကောင်းတယ်ဗျို့။ ဒါ ခင်ဗျား ဘယ်အတွက်ရေးတာလဲ"
လှစိုးက ကျွန်တော်၏ ကဗျာဝတ္ထုကိုဖတ်ပြီး မေးလေသည်။
"မြ၀တီ ပေးမလို့ဗျ။ အဲဒီက အယ်ဒီတာတွေနဲ့လည်း ကျွန်တော် မသိဘူး။ စွံမှစွံပါ့မလား"
"အို စွံပါတယ်ဗျာ။ ကျွန်တော် ပေးပေးမယ်"
လှစိုးသည် ပြောပြောဆိုဆို ကျွန်တော့်အား မြ၀တီမဂ္ဂဇင်းတိုက်သို့ ခေါ်သွားပြီး အယ်ဒီတာချုပ် ဗိုလ်ကြီးဘသောင်း (မောင်သုတ)နှင့် မိတ်ဆက်ပေး၍ ကျွန်တော်၏ ကဗျာဝတ္ထုကို ပေးပေးသည်။ ဗိုလ်ကြီး ဘသောင်း က သဘက်ခါတွင် အကြောင်းပြန်ပါမည်ဟု ကျွန်တော့်အား ကတိပေးလိုက်ပါသည်။
မြ၀တီမဂ္ဂဇင်းတိုက်တည်းမှ ထွက်လာသည့်တိုင် ကျွန်တော်မှာ ကဗျာဝတ္ထုကို ကြိုက်မှကြိုက်ပါ မည်လား၊ ရွေးမှ ရွေးပါမည်လားဟု ရင်တထိတ်ထိတ်နှင့် ရှိနေရသည်။
ကျွန်တော်သည် ရှုမ၀တွင်လည်းကောင်း၊ စုံထောက်မဂ္ဂဇင်းတွင်လည်းကောင်း၊ ပုလဲငွေရည်ဦး လုံးချင်းဝတ္ထု ကိုလည်းကောင်း၊ ရေးသားခဲ့သည့်တိုင် အားနည်းစိုးရွံ့ချက်တစ်ခုက ရင်၌ အမြဲတွယ်ကပ် လျက် ရှိနေပါသည်။ ယင်းစိုးရွံ့ချက်မှာ အင်္ဂလိပ်စာမတတ်သဖြင့် အယ်ဒီတာများ၊ ထုတ်ဝေ သူများက ကျွန်တော့် အပေါ် အထင်သေးကာ စာမူကိုပါ အထင်သေး၍ ပယ်လိုက်မည်လားဟူသော စိုးရွံ့ ချက်ပင်ဖြစ်ပါသည်။ ထို့ကြောင့် အရှိန်အ၀ါကြီးမားသော မဂ္ဂဇင်းကြီးများနှင့် ဆက်ဆံရာ၌ အလိုလို အားငယ်နေမိခြင်းဖြစ်ရပါတော့သည်။
အင်္ဂလိပ်စာမတတ်ခြင်းမှာ ကျွန်တော့်အတွက် ကြီးမားသော အဟန့်အတားကြီး ဖြစ်နေပါသည်။
ဟုတ်ပါ၏။ ကျွန်တော်မှာ စုံထောက်မဂ္ဂဇင်း အယ်ဒီတာ ဖြစ်နေသည့်တိုင် နာမည်ကျော် စာရေးဆရာကြီး များ နှင့် ရင်းနှီးစွာ မရောနှောမဆက်ဆံဝံ့ပါ။ စာရေးဆရာ အသိုင်းအ၀ိုင်းကို တတ်နိုင်သ၍ ရှောင်ခဲ့ပါသည်။ ယင်းသို့ ရှောင်ရှားရခြ်းမှာ သူတို့ အသိုင်းအ၀ိုင်းသို့ ရောက်ရှိသောအခါတွင် ကျွန်တော် မဖတ် တတ်သော ဂေါ်ကီ၊ တောလ်စထရွိုင်း၊ ပါးလဘတ်၊ ရှိတ်စပီးယား၊ အိုမာခယမ်၊ ဆာအာသာကို နင်ဒိုင်း၊ ရိုက်ဒါဟက်ဂတ် စသော ကမ္ဘာကျော် စာရေးဆရာကြီးများ၏ စာပေများကိုသာ ပြောဆိုဆွေးနွေးနေကြသံကို ကြားရသဖြင့် ထိုစာပေများကို ဘာမျှနားမလည်သော ကျွန်တော်မှာ အလိုလို နေရင်း စိတ်အားငယ်နေရသောကြောင့် ဖြစ်ပါတော့သည်။
မြို့တော် ရန်ကုန်မှာ ငွေရှင်ကြေးရှင်တို့စံရာ။ ပညာတတ်တို့ စုဝေးနေထိုင်ရာ
ဒေသဖြစ်သော ကြောင့် လူမှု ဆက်ဆံရေးတွင် ချမ်းသာကြွယ်ဝသူနှင့်
ပညာတတ်များကိုသာ အဓိက ဦးစားပေး၍ ဆက်ဆံ တတ်ကြလေသည်။ ယင်းသို့သော
လူနေမှုစနစ်ထဲသို့ ကျွန်တ်ာကဲ့သို့ ပစ္စည်းမဲ့ခေတ်ပညာမဲ့ တစ်ယောက် အနေနှင့်
ပညာရှင်အသိုင်းအ၀ိုင်းသို့ တိုးဝင်ရသည်မှာ မလွယ်ကူလှပါ။
ဟုတ်ပါ၏။ အချို့သော အယ်ဒီတာများ၊ ထုတ်ဝေသူများမှာ အစက ကျွန်တော်ရေးသော စာပေ
အပေါ်တွင် အထင်ကြီးခဲ့သော်လည်း ကျွန်တော် ခေတ်ပညာ အင်္ဂလိပ်စာမတတ်မှန်း
သိသောအခါတွင် ပြန်၍ အထင်သေး သွားကြသည်ကို တွေ့ရပါသည်။ အချို့
စာရေးဆရာချင်းပင် အင်္ဂလိပ်စာမတတ်သော ကျွန်တော့် အား အထင်သေးကြသည်။
ထိုအထင်သေးသော စာရေးဆရာသည် မဂ္ဂဇင်းတစ်စောင်၌ အယ်ဒီတာ ဖြစ်လာအံ့။ ကျွန်တော့်
စာမူကို ယခင် အယ်ဒီတာဟောင်း လက်ထက်က ပေးသောဈေးပေး မ၀ယ်ဘဲ ဈေးလျော့၍
ဝယ်ယူသည်ကို ခံရပါတော့သည်။ စာရေးဆရာနှင့် ပတ်သက်သော အဖွဲ့အစည်း တစ်ခုခု
တွင် ကျွန်တော့်အား စာရေးဆရာအများစုက တင်မြှောက်၍ အမှုဆောင်နေရာရအံ့။
ထိုအထင်သေး တတ်သော စာရေးဆရာများက မကျေနပ်ကြတော့ချေ။ သူတို့၏
အကြောင်းပြချက်ကတော့ ကျွန်တော်မှာ "အင်္ဂလိပ်စာ မတတ်သောကြောင့်" ဟူသတည်း။
အထက်ပါတို့မှာ အင်္ဂလိပ်စာမတတ်ခြင်းအတွက် ယနေ့ထက်တိုင် ကျွန်တော် တွေ့ကြုံခံစားနေရ ချက်များပင် ဖြစ်ပါတော့သည်။
မြ၀တီနှင့် ဆက်သွယ်ပုံကို ပြန်၍ စပါမည်။ ကျွန်တော်သည် ရင်တထိတ်ထိတ်နှင့်ပင် သဘက်ခါ သို့ ရောက်ရှိသောအခါတွင် မြ၀တီတိုက်သို့ ရောက်ခဲ့သည်။
" ခင်ဗျားကဗျာဝတ္ထုလေး ကောင်းပါတယ်။ ရှေ့လထုတ် မဂ္ဂဇင်းမှာပါဖို့ စီစဉ်ပြီးပါပြီ။ စာမူခ ထုတ် သွားပါ"
ဗိုလ်ကြီးဘသောင်း စားပွဲရှေ့ရှိ ကုလားထိုင်တွင် မရဲတရဲဝင်၍ ထိုင်လိုက်သည်တွင် အယ်ဒီတာချုပ် ဗိုလ်ကြီးဘသောင်း က ဤသို့ ပောလေရာ ကျွန်တော်မှာ ၀မ်းသာမဆုံး ရှိရပါတော့သည်။
မြင်းညိုရှင် ကဗျာဝတ္ထု မြ၀တီမဂ္ဂဇင်းတွင်ပါလာပြီး နောက် ကျွန်တော်သည် အတော် ရဲတင်းလာ၏။ နောက်ထပ် "ငေါင်ဆူလူမသိ" အမည်နှင့် မြ၀တီတွင် ၀တ္ထုတိုတစ်ပုဒ် ထပ်ရေးပြန်ရာ အယ်ဒီတာ အဖွဲ့မှ ရွေးချယ်လိုက်ပြန်သည်။ ကျွန်တော်သည် ပို၍ အားတက်လာကာ မြ၀တီသို့ ၀တ္ထုတိုများ ဆက်လက်ရေးပေး ပြန်ပါတော့သည်။

စုံထောက်မဂ္ဂဇင်းတွင် တစ်နှစ်ခွဲခန့် အယ်ဒီတာအဖြစ် လုပ်မိသောအခါတွင်
ကျွန်တော်၏ နေ့စားခ မှာ နှစ်ကျပ် တက်၍ လာလေသည်။ တစ်နေ့လျှင် ၃ ကျပ်ဖြစ်၏။
မြ၀တီတွင်လည်းကောင်း၊ အခြားစာစောင် ကလေးများ တွင်လည်းကောင်း၊
ဝတ္ထုတိုများရေးသဖြင့် အပြင်က ၀င်ငွေလည်း ရသည်။ သို့သော် ကျွန်တော် ၏
စီးပွားရေး အခြေအနေမှာ ယခင် တစ်နေ့ ၁ ကျပ်ရစဉ်ကထက် များစွာပို၍
ထူးခြားလာခြင်း မရှိလှ။ ကုန်ဈေးနှုန်းကလည်း ယခင်ကထက်ပို၍ တက်လာသည်။
ပြီးနောက် ကျွန်တော်တို့တွင် ဇနီးမောင်နှံ ၂ ယောက်တည်း မဟုတ်တော့ဘဲ
သမီးကလေးတစ်ယောက် မွေးဖွားနေရုံသာမက ကျွန်တော့်ဇနီးနှင့် သမီးကလေးကောင်းစွာ
မသင့်မြတ်၍ ၀ှိုက်တဟောရပ်ကွက် မြောင်းကြီးဘေးတွင် တစ်လ ၃၀ ဖြင့် အိမ်
တစ်ခန်းကို ငှားရမ်းနေထိုင်ခြင်းကြောင့် ဖြစ်ပါသည်။
ထိုအိမ်၌ ကျွန်တော်တို့ နေထိုင်ကြစဉ် "၀မ်းတထွာတိုက်ပွဲ" အမည်နှင့် မဂ္ဂဇင်း ၀တ္ထုရှည် တစ်ပုဒ် ရေးပါသည်။ ထိုဝတ္ထုမှာ ကျွန်တော် ရန်ကုန်သို့ ရောက်စက အတွေ့အကြုံများ၊ ကျွန်တော်တို့ရွာမှ သူဌေးသား တစ်ယောက်၏ အဖြစ်အပျက်တို့ပါရှိလေသည်။ ပြီးနောက် ရန်ကုန်၌ အလုပ်ရှာ မရနိုင်သော ကြောင့် တလည်လည်ဖြစ်ကာ ထမင်းငတ်ရသော ကိုပန်းမွှေးကို ဖန်တီးရေးသားပါသည်။
လူတွေ အလွန်ပေါများလှသော မြို့တော်ရန်ကုန်၌ အလုပ်မရှိသဖြင့် ထမင်းငတ်နေရသော ဇာတ် ကောင် ကိုပန်းမွှေးကို ဖန်တီးရာ၌ ကျွန်တော်၏ ကိုယ်တွေ့များစွာ ပါလေသည်။
ကျွန်တော်သည် မခင်စိန် နှင့် သူမ၏ မိဘများ သဘောမတူဘဲ လက်ထပ်ပေါင်းသင်းနေထိုင်ကြရသဖြင့် သူမ မိဘအိမ်သို့လည်း မကပ်နိုင်။ သူမမိဘများထ့ အပ်နှံထားသော ရွှေဆွဲကြိုးကိုလည်း တောင်းမရ။ အလုပ်အကိုင်လည်းမရှိနှင့် ယောင်လည် လည်ရှိနေစဉ် မခင်စိန်မှာ ကိုယ်ဝန်ရှိလကာ မကျန်းမမာ ဖြစ်သည်နှင့် သူမမိဘများက မခင်စိန် တစ်ယောက်တည်းကိုသာ သူတို့နေအိမ် ၌ ခေါ်ယူ ထားစဉ် သူမမိဘများအိမ်နှင့် မဝေးလှသော အိမ် တစ်အိမ်တွင် ကျွန်တော် နေပါသည်။ ထိုအိမ်ရှင်များ သည် တောသို့သွားရောက် အလုပ်လုပ်ကိုင်နေသဖြင့် အိမ်ကလေးမှာ လူမရှိဘဲ လွတ်နေ သည်။ ကျွန်တော်သည် ထိုအိမ်ကလေးတွင် အလုပ်လက်မဲ့ဘ၀ဖြင့် တစ်ယောက်တည်း နေထိုင်ရင်း မြို့တော် ရန်ကုန်၌ ခြေလျင်လျှောက်၍ အလုပ်ရှာခဲ့ရပါသည်။

စောစောပိုင်းကတေ့ မခင်စိန်သည် ကျွန်တော် ထမင်းချက်စားရန် ဆန်ကလေးနှင့် ဘယာကြော်၊ ပဲလှော် စသည်တို့ ၀ယ်စားနိုင်ဖို့ ပိုက်ဆံတမူးတပဲ လာရောက်ပေးနိုင်သော်လည်း နောက်ပိုင်းတွင် သူမမှာ အိပ်ရာ၌ ဘုံးဘုံးလဲသဖြင့် လ၍မပေးနိုင်တော့ချေ။
ကျွန်တော်မှာ အိမ်၌ ဆန်ချက်စရာလည်းမရှိ၊ ပိုက်ဆံဆိုလို့ ဆေးလိပ်ဖိုးမျှ မရှိသောအခါတွင် အလုံ မှနေ၍ ကပ္ပလီ ကွက်သစ်ရှိ ဘကြီးရှမ်းနှင့် ကြီးတော်တို့ အိမ်သို့ သွားကာ ဧည့်သည်လုပ်၍ ထမင်းကပ်စား ရသည်။ ဆေးလိပ် ကပ်သောက်ရသည်။ နံနက်စာရော ညစာပါ စား၍ မသင့်တော်သဖြင့် နံနက်စာ စားသော နေ့တွင် ညစာကို အငတ်ခံ၍ ညစာ စားသောနေ့တွင် နံနက်စာကို အငတ်ခံရသည်။ သို့တိုင်လည်း ကြာတော့ ကိုယ့်လိပ်ပြာ ကိုယ်ရှက်ပြီး တစ်နေ့လုံးမစားဘဲ တစ်ရက်ကျော်မှ မနေနိုင်၍ သွားရောက် ကပ်စား ရသည့်အဖြစ် များလည်း ကြုံရပါတော့သည်။ ယင်းကြောင့်လည်း ကျွန်တော်သည် မြို့တော် ရန်ကုန်၌ အလုပ် ရှာရင်း ထမင်းငတ်နေရသော ကိုပန်းမွှေးကို သဘာဝကျကျ ဖန်တီးနိုင်ခဲ့ခြင်းဖြစ်သည်ဟု ထင်ပါသည်။
လက်စနှင့် ထိုစဉ်က အကြောင်းကို အနည်းငယ် ဆက်လက်၍ ရေးသာပါဦးမည်။
ကျွန်တော်သည် ထိုသို့ ဘကြီးရှမ်းတို့ အိမ်တွင် နပ်ကျော်၊ ရက်ကျော် ဧည့်သည်လုပ်၍ ကပ်စားနေရသည်ကို စိတ်ပျက်လာ သည်နှင့် တစ်နေ့တွင် ဘကြီးရှမ်းထံမှ ငွေတစ်ကျပ်တောင်းကာ လှည်းကူးသို့ ထွက်လာခဲ့ ပါတော့သည်။ ထိုစဉ်က လှည်းကူးနှင့် မဝေးကွာလှသော စာဘူးတောင်းရွာတွင် ကေအင်ဒီအိုနှင့် အစိုးရတို့ တိုက်ပွဲ ပြင်း ထန်စွာ ဖြစ်နေကြသည်။
ကျွန်တော်မှာ မကျန်းမမာ ဖြစ်နေသော ဇနီးသည်အတွက်လည်း စိတ်မကောင်း၊ ကိုယ့်ဘ၀ကိုယ် လည်း မကျေမနပ်ရှိနေကာ စိတ်လေလေနှင့် ကိုယ့်ကိုယ်ကိုယ်လည်း တန်ဖိုးမထားတော့ဘဲ ပစ်ခတ် တိုက်ခိုက် လျက်ရှိနေသော ထိုတိုက်ပွဲကို စိတ်ပြေလက်ပျောက် လိုက်၍ ကြည့်ပါသည်။
လှည်းကူးတွင် ၁၅ ရက်ခန့်ကြာခဲ့၏။ ရန်ကုန်သို့ ပြန်လာသောအခါတွင် ဇနီးသည်မှာ ဒပ်ဖရင် ဆေးရုံမှ ဆင်းလာလေပြီ။ သားယောက်ျား ကလေးမွေးဖွားရာ အဖတ်မတင်ဟုဆိုသည်။ ပြီးနောက် သူမ ကိုယ်တိုင်လည်း သွေးအားနည်း၍ သွေး ၂ ပုလင်းသွင်းပြီး ကုခဲ့ရသည်ဟု ကြားသိရ၏။
မခင်စိန်၏ မိဘများသည် မကျန်းမာစဉ်၌ပင် ပစ်ထားရကောင်းလားဟု ကျွန်တော့်ကို ပို၍ ဒေါပွကြ ပါသည်။ ကျွန်တော့်အား ပြတ်စဲရန် သူတို့ သမီးကိုလည်း ပြောကြ၏။ သို့သော် မခင်စိန်က သိပါသည်။ ကျွန်တော့်အား မစိမ်းရက်ပါ။ ကျွန်တော်နှင့်အတူပင် ပဲခူးသို့ ထွက်ခဲ့ကြပါသည်။
"၀မ်းတထွာတိုက်ပွဲ" ရေးပြီးနောက် မြ၀တီသို့ သွားပေးရာ အယ်ဒီတာအဖွဲ့မှ အထူးပင် နှစ်သက် သဘောကျပါသည်။
ကျွန်တော်သည် ထိုဝတ္ထုရှည်အတွက် စာမူခများရခဲ့သည်နှင့် သမီးငယ်အား နားထွင်း ကင်ပွန်း တပ် ပြုလုပ်ရသည်။
သမီးငယ်ကို နားထွင်းကင်ပွန်းတပ် ပြုလုပ်ပြီးနောက် မခင်စိန်နှင့် သူမမိဘများ ပြန်လည်သင့်မြတ် ကြသဖြင့် ကျွန်တော်တို့ ကွင်းကျောင်းလမ်းအိမ်သို့ ပြန်ပြောင်းလာခဲ့သည်။ ထိုစဉ်၌ ကျွန်တော်တို့ အိမ်ထောင်စုတွင် လူပိုတစ်ယောက် ပါလာသည်။ ထိုလူပိုမှာ စာရေးဆရာ နတ်နွယ်ပင်ဖြစ်၏။
နတ်နွယ်သည် မန္တလေးမှ ရန်ကုန်တက္ကသိုလ်တွင် ကျောင်းလာနေသူဖြစ်သည်။ သူသည် မန္တလေး တွင် နေစဉ်ကပင် စုံထောက်မဂ္ဂဇင်း၌ ၀တ္ထုရေးသဖြင့် ကျွန်တော်တို့နှင့် စာချင်းဆက်သွယ်ပြီး သိခဲ့သည်။ သူ ရန်ကုန် သို့ လာ၍ ကျောင်းနေသောအခါတွင် ကျွန်တော့်အိမ်၌ ထမင်းလခ ပေးစား ရင်း နေလေ သည်။ နောက်တော့ နတ်နွယ်သည် ကျွန်တော်တို့ အယ်ဒီတာ အဖွဲ့ထဲသို့ ရောက်ရှိ လာပါတော့သည်။
ကျွန်တော်သည် စုံထောက်မဂ္ဂဇင်းတွင် အယ်ဒီတာအဖြစ်နှင့် ၃ နှစ်ခန့်မျှ လုပ်မိသောအခါတွင် စာပေလောကအကြောင်းကို ကောင်းကောင်းသိလာသည်။ စာရေးဆရာအပေါင်းအသင်းတွေ များလာ သည်။ အင်္ဂလိပ်စာ မတတ်သဖြင့် သိမ်ငယ်နေစိတ်သည်လည်း တဖြည်းဖြည်း ပျောက်ပြယ်လာသည်။
ဆက်ရန်Ref: ရွှေစင်ဦး
ငမိုးရိပ်မှ ငမိုးရိပ်သို့, အပိုင်း (၉) / တင့်ဆန်း
အစန်း မင်းဟာ အတော် ကျေးဇူးကန်းတဲ့ မိန်းမတစ်ယောက်ပဲ။ ညီမလေးဟာ မင်းကိုရော၊
ကလေးတွေ ကို ရော ဘယ်လောက် ဂရုစိုက်တယ်ဆိုတာ မင်းအသိပဲမို့လား။
"ဒါက ရှင့်မျက်နှာနဲ့ ဂရုစိုက်တာပါ။ ကျွန်မချည့်ဆိုရင် ခြေနဲ့တောင်တို့မှာ မဟုတ်ပါဘူး"
"ကဲ တော်တော့။ မင်းနဲ့ငါ့ စကားပြော အဆင်မပြေပါဘူး"
ကျွန်တော်သည် ဤမျှသာ ပြောပြီး ညီမငယ်ဆီသို့ ထလာခဲ့သည်။ ခင်စန်းကြည်သည် နောက်တွင် နှုတ်မှ ပွစိပွစိပြောရင်း ကျန်ခဲ့လေ၏။ ကျွန်တော်သည် သူမ ဘာပြောပြော၊ ဘာထင်ထင် ဂရုမစိုက်နိုင်တော့။ ညီမငယ်ကိုသာ နေ့ရောညပါ ပြုစုနေရသည်။ တစ်ညတွင် ခင်စန်းကြည်

သည် လေနာသည် ဟုဆိုကာ အော်ညည်းလူးလှိမ့်၏။
ကျွန်တော်က လျက်ဆား တစ်ခွက်သာတိုက်ပြီး လက်ဖျားနှင့်ပင်မတို့ဘဲ ပစ်ထား
လိုက်လေသည်။ သူမ ၏ လေနာခြင်းမှာလည်း ညီမငယ်ခေါင်းကိုက်သည်ဆို၍
ကျွန်တော်နှိပ်ပေးသည်ကို မနာလို၍ နာခြင်းဖြစ်ကြောင်း ကျွန်တော်က
အတတ်သိပါသည်။
ခင်စန်းကြည်သည် ကျွန်တော်က သူမအား ဂရုမစိုကိရကောင်းလားဟု ဒေါပွကာ နံနက်လင်းလျှင် လင်းခြင်း ကလေးများကို ခေါ်၍ ထွက်သွားတော့သည်။
ကျွန်တော်မှာ ခင်စန်းကြည်အပေါ်၌ ပို၍ ပို၍ စိတ်ပြတ်စဲ လာလေသည်။ ထို့ကြောင့် သွားလိုရာ သွားစေတော့ ဟုပင် ပစ်ထားပြီး သတင်းမှ မမေးဘဲ နေခဲ့သည်။
ခင်စန်းကြည်သည် ကျွန်တော်နှင့် ညိမငယ်တို့ ညားနေကြကြောင်း ညီမငယ်နှင့် ကျွန်တော် ညားနေ၍ သူမအား နှင်ထုတ်လိုက်ကြောင်း သတင်းဆိုးများကို လွှင့်လေရာ ကျွန်တော်မှာ လူဆိုးကြီးတစ်ယောက်၊ သစ္စာမဲ့သူ တစ်ယောက်အဖြစ် အများ၏ ထင်မြင်ယူဆချက်ကို ခံယူရပါသည်။
ညီမငယ်အား အစ်မကြီးက လာရောက် ခေါ်ယူသွားသည်။ ကျွန်တော်က သတင်းဖြစ်သည့်အတိုင်း မဟုတ် မမှန်ကြောင်း ရှင်းလင်းပြရာ အစ်မကြီးက ယုံသည်။
"ဒါပေမယ့် မောင်လေးရယ် မင်းတို့ချင်း အတူနေကြလို့ မသင့်တော်ဘူးမို့လား။ အစ်မကြီးသဘောကတော့ မင်းတို့ချင်း တကယ်ဖြစ်တေင် မကန့်ကွက်ပါဘူး။ ဒါပေမယ့် မင်းမှာကလဲ လွတ်လွတ်လပ်လပ် မဟုတ်။ ညီမကလဲ သိပ်ငယ်သေးတော့ ခုလောလောဆယ် ဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စ ဖြစ်နေတယ်။ မင်းကလဲ လွတ်လွတ် လပ်လပ်နဲ့ သုံးလေးနှစ်ကြာနေလို့ ညီမကလဲ ကြီးလာရင် အစ်မသဘောတူပါတယ်ကွယ်" ဟု ပြောသွားလေသည်။
ကျွန်တော်က ခင်စန်းကြည်နှင့် ကွာရှင်းပြတ်စဲဖို့ကို ကြိုးစားတော့သည်။ ကျွန်တော်သည် အစ်မကြီးပြော စကား ကို နှစ်သက်သဘောကျ၍ မဟုတ်။ ကျွန်တော့်ဘ၀တစ်လျှောက်လုံး စိတ်နှလုံး ပူကျွမ်းအောင် နှိပ်စက်နေ ခဲ့သူနှင့် ရှေ့ဘ၀ခရီးတွင် ဆက်၍ မသွားလိုတော့သောကြောင့်ပင် ဖြစ်ပါသည်။
ခင်စန်းကြည် သည် ကျွန်တော်က တကယ်ကွာရှင်းတော့မည်ဆိုသောအခါ ပေကပ်နေသည်။ သူမ အမှား များကို ၀န်ခံလာသည်။ ဒါပေမယ့် ကျွန်တော်သည် ဆုံးဖြတ် လုပ်တတ်သူ ဖြစ်၏။ သူမကျွန်တော့်အပေါ် စိတ်နာ လာအောင် ပြောသည်။ ညီမငယ်နှင့် လက်ထပ်တော့မည်ဟုလည်း ပြောသည်။ ထိုအခါတွင် သူမ သည် ကျွန်တော့် အား စိတ်နာပြီး ပြတ်စဲသွားလေသည်။
သူမနှင့် ကျွန်တော် ပြတ်စဲကြရာ၌ သားနှစ်ယောက်ကို ကျွန်တော်က ခေါ်ထား၍ သမီးအား သူက ခေါ်သွား သည်။ သမီး အတွက် ကျွန်တော်က တစ်လလျှင် ငွေအစိတ် ထောက်ပံ့ရ၏။
ကျွန်တော်သည် အဘွားလေးတို့နှင့် စုပေါင်းနေသည်။ အဘွားလေးမှာ စစ်ဒဏ်ကြောင့် စီးပွားရေးပျက်ပြား ကာ အုန်းမောင် မှာလည်း အလုပ်အကိုင်မရှိ ဖြစ်နေသည်။ အားလုံးတာဝန်ကို ကျွန်တော်က ယူ၍ လုပ်ကျွေး ရသည်။ ကျွန်တော်သည် မယားငယ် လိုချင်၍ မယားကြီးအား ပစ်သည်ဟု သတင်းပြေးနေသည်။ ကျွန်တော် က မဖြေရှင်း လို၊ ခင်စန်းကြည်၏ အပြစ်များကို မထုတ်ဖော်လို။ ကျသမျှ အပြစ်ဒဏ် ကျွန်တော်သာ ခံမည်ဟု ဆုံးဖြတ်ထားလေသည်။ အပေါင်းအသင်းများက မေးလျှင်လည်း ဟုတ်မှန်ကြောင်းကို ပြန်ပြောသည်။ ဒါပေမယ့် ညီမလေးကို ကျွန်တော်က တစ်ဖက်သတ် ချစ်နေကြောင်း၊ ညီမလေးဆန္ဒကို မသိရသေးကြောင်း သာ အဖြေပေးထားခဲ့၏။
လှည်းကူးမြို့သည် ငမိုးရိပ်ချောင်းကို ခွ၍ တည်ထားသည်။ ကျွန်တော်သည် လှည်းကူး၌လည်း နေချင်စိတ် မရှိ။ ငမိုးရိပ်နှင့် ဝေးရိာသု့ ပြေးချင်သည်။ ထိုစဉ်၌ မောင်မြကြီးသည် ထောက်ကြံ့တွင် ဆံပင်ညှပ်ဆိုင်တစ်ခု ခွဲ၍ တည်ထောင်ထားသေးသည်။ တစ်နေ့ ကျွန်တော် ညီမငယ်ထံသို့ အလည်သွားရာ ညီမငယ်သည် ရိုင်းစိုင်းစော်ကားသော စာတစ်စောင်ကို လာပေးပြီး အိမ်ခန်းထဲသို့ ၀င်ပြေးသွားသည်။
ကျွန်တော်က စာကို ဖတ်ကြည့်ပြီး အံ့အားသင့်နေမိသည်။
စာ၏ သဘောမှာ ကျွန်တော့်တွင် သားကြီး မယားကြီး ရှိလျက်နှင့် သူမ အား ခွေးကျင့်ခွေးကြံ စိတ်ထားရကောင်းလားဟု ရန်တွေ့ထားပြီး ကျွန်တော့် အား နောက်တွင် သူမအိမ်သို့ မလာဖို့ ဖြစ်လေသည်။
စာဖတ်ပြီးသော် ကျွန်တော့်မှာ ခေါင်းထဲ၌ မိုက်ကနဲ ဖြစ်၍သွားသည်။ ညီမငယ်သည် ဘယ်သဘောနှင့် ထိုစာမျိုးရေးသည်ဟုလည်း နားမလည်နိုင်အောင် ဖြစ်ခဲ့ရသည်။ အမှန်စင်စစ် ကျွန်တော်သည် တစ်ကြိမ် တစ်ခါမျှ မတော်မတရားလည်း မလုပ်ခဲ့။ ချစ်စကားလည်း မဆိုခဲ့ပါဘဲနှင့် ဤစာမျိုးရေးခြင်းမှာ ထူးခြား ဆန်းကြယ် ၍ နေရလေတော့သည်။
ကျွန်တော်သည် စာရွက်အားလုံးကို ချေပစ်လိုက်ပြီးနောက် မောင်မြကြီးအား
ထောက်ကြံ့ဆိုင်သို့ သွားရောက်ခါ အလုပ်လုပ်လိုကြောင်း ပြောပြရာ မောင်မြကြီးက
ခွင့်ပြုလေသည်။ မောင်အောင်သန်းမှာ ကျွန်တော်နှင့် နေရာချင်းလဲရသောကြောင့်
ဝမ်းသာနေသည်။ သူသည် အစ်ကိုဖြစ်သူ၏ စီစဉ်ချက်ကြောင့် ထောက်ကြံ့၌ နေရသော်လည်း
ပျော်ပိုက်ခြင်း မရှိခဲ့ချေ။
သူက လှည်းကူး၌ ပျော်ပိုက်သူ။ ကျွန်တော်က လှည်းကူးတွင် မနေလိုသူ။ နေရာချင်းလဲလိုက်သောကြောင့် ၂ယောက်စလုံး စိတ်တိုင်းကျသွားရသည်။
ထောက်ကြံ့တွင် လှည်းကူးထက်ဝင်ငွေပိုကောင်း၏။ ဂေါ်ရာစစ်သားများခေါင်းမှာ ဆံပင်နုလှသဖြင့် ၅မိနစ် နှင့်တစ်ခေါင်း အပြီးညှပ်နိုင်ခဲ့သည်။ ထိုစဉ်က မောင်မြကြီးသည် ကျွန်တော်အား သုံးပုံနှစ်ပုံစား ပေးထားသည်။ သူသည် မိတ်ဆွေကောင်းတစ်ယောက်ပေတည်း။
ကျွန်တော့်ဝင်ငွေမှာ တစ်နေ့လျှင် ၁၈နှင့် ၂၈ကျပ် ကြားရှိပေသည်။ ထိုကြားထဲ၌ စီးကရက်ဗူးများ အရောင်းအ၀ယ် လုပ်ခြင်းကြောင့်လည်း ၀င်ငွေလမ်းတစ်ဖက် ရှိနေသေးသည်။ ကျွန်တော်မှာ ထိုစဉ်က ငွေကြေးစုဆောင်းလိုစိတ် မရှိ။ အဘွားလေးနှင့် ကလေးများအတွက် ပေးပြီးလျှင် ကျန်ငွေကို အကုန် သုံးဖြုန်းပစ်လိုက်သည်။

ကျွန်တော်နှင့်အတူ အလုပ်လုပ်သူမှာ မောင်မြကြီး၏ အစ်ကို တ၀မ်းကွဲတော်စပ်သူ ချစ်ဆွေ ဖြစ်သည်။ ချစ်ဆွေမှာ ကျွန်တော်နှင့် ရွယ်တူဖြစ်၍ သူ့တွင်လည်း ဇနီး ရှိသည်။ သူ့ဇနီးမှာ သူ့ထက်အသက်ကြီးသူ ဖြစ်၍လားမသိ ဇနီးအားသူက စွန့်ပစ်ထားလေသည်။ ကျွန်တော်တို့နှစ်ယောက်မှာ အတွဲညီလှ၏။ ဆိုင်တွင် ဆီ၊ ဆား၊ ဆန်၊ ငရုတ်၊ ကြက်သွန်မှအစ အပြည့်အ၀ယ်ထားသည်။ စီးကရက်ဗူး များ၊ ဆေးပေါ့လိပ်တစ်ရာ စည်းများ အပြည့်အစုံ ရှိသည်။
ကျွန်တော်တို့ ရွာမှ စစ်ပြေးလာကြသူများသည် ထောက်ကြံ့အနီး
မှော်ဘီလေယာဉ်ကွင်းသို့ လာရောက် နေ့စားကူလီ လုပ်ကြသည်။ ထိုအထဲမှ
ကျွန်တော်တို့နှင့် ဆွေရိပ်မျိုးရိပ် မကင်းသူများသည် ကျွန်တော် တို့ ဆိုင်၌
ထမင်းစားကြသည်။ ဆေးလိပ်များကို သဘောရှိသောက်ရုံမက ယူ၍ သွားကြသည်။
ကျွန်တော်တို့ က ကျေနပ်ပါ၏။ သူတို့သည် စစ်ပြေး ဒုက္ခသည်တွေ မဟုတ်ပါလား။
ကျွန်တော်မှာ ဆံပင်ညှပ်အလုပ်ကို လုပ်ရင်းနှင့် လူအမျိုးမျိုး လူတန်းစား အသီးသီးတို့၏ ဓလေ့၊ စရိုက်၊ သဘာဝ၊ စိတ်နေစိတ်ထားများကို လေ့လာခဲ့သည်။ မှတ်သားခဲ့သည်။
တစ်ခါတစ်ခါ၌ ၀တ္ထုရေးချင်စိတ် အပြင်းအထန် ဖြစ်ပေါ်လာသည်။ ထောက်ကြံ၌နေစဉ်ကပင် ကျွန်တော် သည် ၀တ္ထုများကို စမ်းရေးကြည့်သည်။ ချစ်ဆွေမှာ ခေတ်ပညာ ရှစ်တန်းအထိ သင်ဘူးပြီး စာဖတ်ဝါသနာပါ သူဖြစ်သောကြောင့် ကျွန်တော့်ဝတ္ထုများကို ဖတ်ကြည့်ပြီ;
"မင်းရေးတာ သိပ်တော့ မဆိုးဘူးကွ။ ဒါပေမယ့် လိုတော့ လိုသေးတယ်။ ဘာလိုတယ်ရယ်လို့ ငါလဲ မပြော တတ်ဘူး" ဟု မှတ်ချက်ချသည်။
ကျွန်တော် သည် ထိုစဉ်က ရေးချင်စိတ်ပေါက်၍သာ ရေးခြင်း ဖြစ်ပြီး ဘယ်မဂ္ဂဇင်း၊ ဂျာနယ်တိုက်သို့မှ ပို့ရန် လည်း မရည်ရွယ်၊ ပို့လည်း မပို့ခဲ့ပါချေ။ ထောက်ကြံ့တွင် ၅လ ခန့် နေခဲ့ပြီး ဂေါ်ရာ စစ်တပ် ပြောင်းရွှေ့ သွား သောကြောင့် အလုပ်ပါးသဖြင့် လှည်းကူးသို့ ပြန်လာခဲ့သည်။
ကျွန်တော် ထောက်ကြံ့ရောက်၍ မကြာမီမှပင် လက်ဖက်ရည်ဆိုင်မှ အစ်မကြီး သေဆုံးသည်ဟု သတင်း ကြားခဲ့သည်။ ကျွန်တော် လှည်းကူး ပြန်ရောက်ပြီးနောက် ညီမငယ်တို့မှာ အတော်အခြေအနေဆိုးနေသည် ဟု သတင်းကြားသည်။ ကျွန်တော်သည် ညီမငယ်နှင့် သွားရောက်တွေ့ဆုံရန် စိတ်ကူးသေး၏။ သို့သော် ထိုကိစ္စကို ဤမျှနှင့်ပင် ဖြတ်လိုက်ခြင်းက ကောင်းမည်ဟု ယူဆမိကာ မသွားဘဲ နေလိုက်သည်။
တစ်နေ့ ဈေးထဲ၌ အမေကြီးအား တွေ့၏။ အမေကြီးက အိမ်လာလည်ဖို့ ပြောသည်။ ကျွန်တော်က ငြင်း၏။
"သမီးငယ်က မင်းကို မကြာခဏ သတိရပါတယ်ကွယ်။ ဟိုတုန်းကစာဟာလဲ သူရေးတာ မဟုတ်ပါဘူး။ သူ့အစ်မက မင်းအ၀င်အထွက်များရင် လူကဲ့ရဲကမှစိုးလို့ ရေးတာပါ။ သူက ဒီစာကို မပေးပါရစေလို့ ငိုပြီး တောင်းပန်တယ်။ အစ်မက ရိုက်မောင်း ပုတ်မောင်းလုပ်ပြီး ပေးခိုင်းလို့ ပေးရရှာတာပါ"
အမေကြီးက ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြသည်။
"ကျွန်တော် မလာချင်တာကို ဒီစာကိစ္စကြောင့် မဟုတ်ပါဘူး အမေကြီးရယ်။ ကျွန်တော် ၀င်ထွက် သွားလာ နေရင် လူတွေက ညီမလေးနဲ့ တစ်မျိုးတစ်မည် ပြောကြဆိုကြဦးမယ်။ ဒါကြောင့်ပါ"
"အို ဘယ်သူ ဘာပြောပြော ကိုယ်က မူမှန်ရင် ပြီးတာပဲ သားရယ်။ ပြောကြပေစေပေါ့"
အမေကြီး ဇွတ်ပြောနေပြန်သောကြောင့် ကျွန်တော်သည် အားလပ်သည့်တစ်နေ့၌ လာခဲ့ပါမည်ဟု ကတိပေးလိုက်ရသည်။
ကျွန်တော်သည် ထိုအိမ်သို့ သွားသင့်မသွားသင့် စဉ်းစားသည်။ ထိုအိမ်သို့ သွားဖန်များလျှင်လည်း ညီမငယ်နှင့် ငြိတွယ်မိမည် စိုးရိမ်သည်။ အမှန်ဆိုရသော် ညီမငယ်အား ကျွန်တော် ချစ်ပါသည်။ အိမ်ထောင်ဘက် အနေနှင့်လည်း သဘောကျပါသည်။ ဒါပေမယ့် ကျွန်တော်သည် ထို ကလေးမငယ်နှင့် ဖြစ်သောကြောင့် မယားကြီးအား ကွာရှင်းပြတ်စဲခဲ့သည်ဆိုသော အဖြစ်မျိုးသို့ မရောက်ချင်။ ထိုသို့ မဟုတ် ကြောင်းကို အထင်သေး အပြစ်ဆိုနေသူများအား လက်တွေ့ပြသချင်ပါသည်။ ထို့ကြောင့် ထိုအိမ်သို့ သွား ချင်လျက်နှင့် ကျွန်တော် မသွားဘဲ နေခဲ့ရပါတော့သည်။
ကျွန်တော် လှည်းကူးသို့ ပြန်ရောက်ပြီး ၂ လ ခန့်အကြာတွင် သမီးငယ်သည် ၀က်သက်ဝမ်းဖြစ်၍ သေဆုံးသွားသည်ဟု သတင်းကြားရပါသည်။ ကျွန်တော်မှာ ရင်သွေးသေဆုံးခြင်း၏ ပရိဒေ၀ ကို ပထမဆုံးအကြိမ် ခံစားရခြင်းဖြစ်၍ မီးတောက်ခဲ့ရသည်။ ဒါပေမယ့် ကျွန်တော်သည် ကလေးအလောင်း အားလည်း သွားမကြည့်။ သင်္ဂြိုလ်စရိတ်သာ လူကြုံနှင့် ပေးလိုက်ပြီး ရင်မှအပူကို ကျိတ်မှိတ်ခံစားနေလိုက် သည်။
အများက ကျွန်တော့်အား စိမ်းကားသော ဖခင်အဖြစ် ထင်မြင်ယူဆကြသည်။ ကျွန်တော်သည် ဘယ်သူက ဘာ ထင်ထင် ဂရုမစိုက်။ ထိုကလေး သေဆုံးခြင်းနှင့်ပတ်သက်၍ ခင်စန်းကြည်နှင့် ကျွန်တော် ပြန်လည် တွေ့ဆုံခြင်းမဖြစ်လိုခြင်းသည်သာ ကျွန်တော့်အတွက် အဓိကဖြစ်လေသည်။
ကျွန်တော် မှာ စိတ်ကပိုင်းဖြတ်ပြီးလျှင် တကယ်လုပ်သူဖြစ်ပါသည်။ ခင်စန်းကြည်ကိုလည်း ပြတ်၏။
ညီမငယ်နှင့် လည်း ရှောင်လွှဲနေခဲ့သည်။ ယင်းသို့သာမက ကျွန်တော်သည် နောက်ထပ်၍ အိမ်ထောင်ပြုလို စိတ်ပင် မရှိဖြစ်ခဲ့ရလေတော့သည်။
ကျွန်တော်သည် အချိန်ရသမျှ စာအုပ်တွေကိုသာ နင်းကန်ဖတ်နေခဲ့သည်။ ထိုစဉ်၌ ကျွန်တော်တို့ ခင်မင်ရာ လူတစ်စုသည် '' လူထုအလင်းရောင်'' ' အမည်ဖြင့် စာကြည့်သင်းတစ်ခုကို တည်ထောင်လိုက်ကြ သည်။စာကြည့်သင်းမှာ တက်တက်ကြွကြွ ရှိလှသည်နှင့် မြို့မှ စာပေ၀ါသနာရှင်များက အားပေးကြသည်။ စာအုပ်စာတမ်းများ လှူဒါန်းကျသည်။ အသင်းရံပုံငွေကလည်း အတော်တောင့်တင်းသည်နှင့် ထွက်လာသမျှသော စာအုပ်စာတမ်းများကို ၀ယ်ယူဖတ်ရှုနိုင်ပေသည်။
ကျွန်တော်သည် စာကြည့်တိုက်၌ ရှိသမျှ နိုင်ငံရေး၊ စီးပွားရေး၊ ၀တ္ထု၊ ဆောင်းပါး၊ မဂ္ဂဇင်း၊ ဂျာနယ် အားလုံးကို ထုတ်ဖတ်သည်။ စာကြည့်တိုက်မှူးလုပ်သူမှာ ကျွန်တော့်ကို အံ့အားသင့်ရလေသည်။
တစ်နေ့တွင် အာရှလူငယ် အစည်းအရုံးမှ လက်ရေးစာစောင်ထုတ်မည်ဟု ကြေညာကာ ၀ါသနာပါသူတိုင်း ၀တ္ထု၊ ကဗျာ၊ ဆောင်းပါးများ ၀င်ရောက်ရေးသားနိုင်သည်ဟုလည်းဆိုသည်။ ၀တ္ထုများကို ပထမ၊ ဒုတိယ၊ တတိယ စသည်ဖြင့် ၃ မျိုးထား၍ ရွေးချယ်ကာ ဆုများပေးမည်ဟုဆိုလေသည်။ ကျွန်တော် မှာ ၀တ္ထုရေး လိုစိတ် ပြင်းထန်နေချိန်ဖြစ်၍ ''ဂေါ်သာဂေါ်''ဆိုသော ခေါင်းစည်းနှင့် ၀တ္ထုတိုကလေးတစ်ပုဒ် ရေးသည်။ ပြီးနောက် ကလောင်အမည်ကိုလည်း ''တင့်ဆန်း'' ဟု တပ်လိုက်သည်။
ကျွန်တော့်ဝတ္ထု မှာ ဒုတိယရရှိ၍ မောင်မြကြီး ၀တ္ထုက ပထမရကာ တတိယမှာ မည်သူရရှိသည်ဟု မမှတ်မိတော့ပါ။
''ခင်ဗျား အရေးအသားတော့ တကယ်ကောင်းတယ်။ ဒါပေမယ့် ဇာတ်လမ်းက သိပ်မကောင်းဘူး။ လက်ရေးကလဲဆိုး၊ သတ်ပုံကလဲ သိပ်မှားတယ်''ဟု ထိုလက်ရေးစာစောင် အယ်ဒီတာလုပ်သူ ကိုစောမောင်က ဝေဖန်လေသည်။
ကျွန်တော်သည် ထိုလက်ရေးစာစောင်၌ ၀တ္ထုတစ်ပုဒ်ရေးပြီး နောက်ထပ် ၀တ္ထုများကိုလည်း ရေးစမ်း မကြည့်တော့ပါ။ စာအုပ်တွေကိုသာဖတ်၍ နေခဲ့ပါသည်။ တစ်ညနေ ကျွန်တော် မြို့ပြင်သို့ ထွက်၍ ငေးနေရာမှ နေ၀င်စအချိန် ဇရက်များ ဆူဆူညံညံ အိပ်တန်းတက်ကြသည်ကိုကြည့်ပြီးကာ ကဗျာ စပ်ချင်စိတ် ပေါက်လာသည်နှင့် အိမ်သို့ ပြန်လာပြီး ''ရီပြာပြာ''အမည်နှင့် ကဗျာတစ်ပုဒ် စပ်လိုက်သည်။ ပြီးနောက် ကလောင်အမည်ကို ''တင့်ဆန်း(လှည်းကူး)ဟု ရေးထိုး၍ နောက်နေ့တွင် ဒီးဒုတ် ဂျာနယ်သို့ ပို့လိုက်၏။ ဂျာနယ်ထွက်လာသောအခါတွင် ကျွန်တော်၏ ကဗျာကလေး ပါ၍လာလေသည်။
ကျွန်တော်သည် အားရ၀မ်းသာ ဖြစ်မိ၏။
အမှန်စင်စစ် ကျွန်တော်မှာ ကဗျာစပ်နည်း စပ်ထုံးများကို သင်အံလေ့ကျက်ထားသူမဟုတ်။ အခြားကလောင်ရှင်များ ရေးထားသော ကဗျာတို့ကိုသာ ပေါ့ပေါ့ဆဆ ဖတ်ထားပြီး ယခု ''ရီပြာပြာ'' ကဗျာ မှလည်း စပ်ချင်စိတ်နှင့်သာ ရေးစပ်လိုက်သော်လည်း စပ်နည်းစပ်ထုံးနှင့် စပ်မိသည်ဟူ၍ပင် ကိုယ့်ဟာကိုယ် နားမလည်ခဲ့ပါချေ။
ကျွန်တော်မှာ ကဗျာတစ်ပုဒ် ဂျာနယ်၌ ပါပြီးမှပင် ကဗျာစပ်နည်းစပ်ထုံးများကို ရှာဖွေ ဖတ်ရှုပြီး လေ့ကျင့်ရလေသည်။ ပြီးနောက် ဒီးဒုတ်ဂျာနယ်တွင် ကဗျာများ ဆက်ကာ ရေးပို့ လေတော့ သည်။ ၁၀ ပုဒ်ပို့ လျှင် ၈ ပုဒ်ခန့်ပါ၍ ပုဒ်လောက်သာ အပယ်ခံရသည်။
ကျွန်တော်သည် အားတက်လာ၏။ ကဗျာများသာမက ပြုပြင်ရေးဆောင်းပါးများလည်းရေးသည်။ ဒီးဒုတ်ဂျာနယ် က ဆောင်းပါးများကို ထည့်ပေးရုံသာမက ဂျာနယ်များလည်း အပတ်စဉ် ကျွန်တော့်ထံသို့ ပို့ပေးခဲ့သည်။
ကျွန်တော်က စာပေ၌ စွဲလမ်းနေစဉ် ညီမငယ်သည် ဂျပန်တော်လှန်ရေး ရဲဘော်တစ်ယောက်နှင့် လက်ထပ် သွားသည်။ ကျွန်တော်မှာ စိတ်ထဲတွင် အတော် ထိထိခိုက်ခိုက် ခံစားလိုက် ရ၏။ နှမြောတသခြင်း ဖြစ်မိ၏။ ထို့ကြောင့် ''တောနှင့်မတန်'' အမည်ဖြင့် ၀တ္ထုတိုတစ်ပုဒ်ရေး၍ ဒီးဒုတ်သို့ ပို့လိုက်ရာ ပါ၍လာပြန် သည်။ ကျွန်တော့် ၀တ္ထုပါသော ဂျာနယ်လိပ်တည်း၌ စာတစ်စောင်လည်း ပါလာသည်။ စာမှာ ယခုလို သူတို့ ဂာနယ်သို့ စာမူများ ရေးသားချီးမြှင့်သည့်အတွက် ကျေးဇူးတင်ကြောင်း အယ်ဒီတာက ရေးသားပေးပို့လိုက် သောစာဖြစ်လေသည်။
ကျွန်တော် ရေးပို့လိုက်သော ''တောနှင့်မတန်'' ဇာတ်လမ်းမှာ ကျွန်တော့်ကိုယ်ကို တောထား၍ ညီမငယ်ကဲ့သို့ ဖြူစင်မွန်မြတ်သူသည် ကျွန်တော်ကဲ့သို့ တောမျိုးနှင့်မတန်။ ဖြူစင်သန့်ရှင်းသူချင်းသာ ထိုက် တန်သည်ဟူသော အဓိပ္ပာယ်ပင် ဖြစ်လေသည်။
ကျွန်တော်သည် ဒီးဒုတ်ဂျာနယ်သို့ ၀တ္ထုတိုများရေး၍ ပို့ပြန်သည်။ ကျွန်တော် ရေးသမျှတည်းမှ မှတ် မှတ်ရရ ၂ ပုဒ်သာ အပယ်ခံရပြီး အားလုံးဂျာနယ်၌ ပါသည်ချည်းသာ။
ကျွန်တော်မှာ စာဖတ်လိုက်ရေးလိုက်နှင့်သာ ပျော်ပိုက်နေခဲ့သည်။ စာရေးဆရာတစ်ယောက်အဖြစ်နှင့် ထင်ပေါ် ကျော်ကြားဖို့ကိုလည်း မရည်ရွယ်။ စာရေးခြင်းနှင့် အသက်မွေး၍ ရသည်ဟုလည်း မသိ။ ဘာသာပြန်သော၊ မှီးသော ၀တ္ထုများကိုဖတ်ပြီး ထိုသို့မလုပ်နိုင်က စာရေးဆရာဖြစ်လိမ့်မည်ဟုလည်း မထင်မှတ်ခဲ့ပါချေ။ ကိုယ်ဝါသနာရှိ၍ ရေးချင်စိတ်နှင့်ရေးသော စာတွေကို ထည့်ပေးနေခြင်းအတွက် ဒီးဒုတ်ဂျာနယ်ကို ကျေးဇူးတင်မဆုံး ရှိခဲ့ပါတော့သည်။
နိုင်ငံရေး အခြေအနေမှာ လှုပ်ရှားလာခဲ့၏။ ဗိုလ်ချုပ်အောင်ဆန်းအမှူးရှိသော ခေါင်းဆောင်များ သည် မြန်မာ့လွတ်လပ်ရေးကို ခပ်တင်းတင်း တောင်းဆိုလာကြသည်။ ကျွန်တော်မှာ စာပေသက်သက်ကို သာမဟုတ်။ နိုင်ငံရေးကိုလည်း တစ်ဖက်က စိတ်ဝင်စားသေးသဖြင့် ကမန်တော့်ဝတ္ထုများက နိုင်ငံရေးဆန် လာသည်။ အမျိုးသားစိတ် လှုံ့ဆော်မှုကလေးများ ပါရှိတတ်သည်။ ထိုအခါ၌ မိတ်ဆွေသူငယ်ချင်းများက ကျွန်တော့်ဝတ္ထုတွေ ကောင်းလာပြီဟု ချီးကျူးကြသည်။

ဗိုလ်ချုပ်အောင်ဆန်းတို့ ဘိလပ်သို့ လွတ်လပ်ရေးအတွက် သွားရောက် အရေး ဆိုကြသောအခါ မြန်မာတစ်ပြည်လုံး ဆန္ဒပြပွဲများ လုပ်ကြသည်။ ကျွန်တော်တို့ လှည်းကူးမြို့၌လည်း စည်ကားစွာ ဆန္ဒပြပွဲ လုပ်သည်။ ထိုဆန္ဒပြစည်းဝေးပွဲ၌ ကျွန်တော် ကိုယ်တိုင် ရှမ်း၊ ချင်း၊ ကရင်၊ ကချင်စသော လူမျိုးစုများအား သွေးမခဲဖို့ အဆိုတစ်ရပ်ကို တင်သွင်းခဲ့သည်။
စည်းဝေးပွဲ လုပ်ပြီး နောက်တစ်နေ့၌ သတင်းထောက် ကိုဘသိန်းက သူခရီးသွားစရာရှိ၍ အစည်း အဝေးပွဲ လူထုဓာတ်ပုံများ ဟံသာဝတီသတင်းစာတိုက်သို့ ပို့ပေးပါရန် ကျွန်တော့်အား ခိုင်းစေလေသည်။ ကျွန်တော်သည် ဓာတ်ပုံနှင့်အတူ ကဗျာတစ်ပုဒ်ပါ သတင်းစာတိုက်သို့ ပို့လိုက်သည်။ နောက် ၂ ရက်ကြာ၍ ဟံသာဝတီ သတင်းစာ ထွက်လာသောအခါ ''ဆန္ဒပြပွဲဆင်နွှဲသည့် တင့်ဆန်း လှည်းကူး'' ဟုမျက်နှာဖုံးတွင် ၆ လိုင်း စာလုံးကြီးနှင့် ခေါင်းစဉ်တပ်သော ကျွန်တော့်ကဗျာရော၊ ကိုဘသိန်း၏ လူထုဓာတ်ပုံပါ ပါရှိလာလေရာ ၀မ်းသာမဆုံးနိုင်အောင် ရှိရပြန်တော့သည်။
ကျွန်တော်သည် စာဖတ်ဖို့နှင့် ရေးဖို့သာ စိတ်စွဲနေ၏။
စာပဒေသမဂ္ဂဇင်း ထွက်ပေါ်လာသောအခါ တွင် အဖွဲ့ဝင် ဖိတ်ခေါ်ချက် ပါလာသည်။ ကျွန်တော်သည် စာပဒေသာ အဖွဲ့ဝင်လိုက်၏။ ပြီးနောက် ''လယ်ကူလီ'' အမည်နှင့် ၀တ္ထုတစ်ပုဒ်ရေးကာ စာပဒေသာသို့ ပို့လိုက်သည်။
လယ်ကူလီ ၀တ္ထုမှာ ကျွန်တော် တွေ့ကြုံဆက်ဆံခဲ့ရသော လယ်အလုပ်သမား ကူလီများ၏ အကြောင်းပင် ဖြစ်လေသည်။ ထိုစာမူပို့ပြီး ဆယ်ရက်ခန့်အကြာတွင် စာပဒေသာမှ ကျွန်တော့်ထံသို့ စာတစ် စောင်ရောက်ရှိလာသည်။ ထိုစာမှာ ကျွန်တော်၏ ၀တ္ထုက ရှည်လွန်းနေ၍ စာပဒေသာ၌ စာမျက်နှာ မပေး နိုင်သောကြောင့် ရှုမ၀မဂ္ဂဇင်းသို့ ပေးထားပါကြောင်းများ ဖြစ်လေသည်။
ကျွန်တော်မှာ ၀မ်းသာမဆုံး ရှိနေပြန်သည်။ အမှန်စင်စစ် ကျွန်တော်သည် ကိုယ့်ကိုယ်ကိုယ် အထင် ကြီးတတ်သူမဟုတ်။ ဤကဲ့သို့ မဂ္ဂဇင်းများ၌ ပါဝင်နိုင်မည့် ၀တ္ထုမျိုး ရေးသားနိုင်လိမ့်မည်ဟုလည်း မထင် မှတ်ခဲ့။ သို့သော် ရေးချင်သောစိတ်ကို တားမရ၍သာ ရေးသားပေးပို့ခဲ့ခြင်းများ ဖြစ်လေရာ ယခုလို ပြန်စာ မျိုးရရှိလာသောအခါ၌ ဘယ်သို့လျှင် မပျော်နိုင်ဘဲ ရှိပါအံ့နည်း။
ကျွန်တော် ဒီးဒုတ်ဂျာနယ်၌ ရေးသော ၀တ္ထု၊ ဆောင်းပါး၊ ကဗျာများတွင် ''တင့်ဆန်း'' (လှည်းကူး) ဟု ကလောင်အမည် တပ်လေ့ရှိသည်။
လယ်ကူလီ ၀တ္ထု၌လည်း ထိုအတိုင်းပင် တပ်လိုက်ပါသည်။ စာပဒေသာမှ ပြန်စာရပြီး ၁၅ ရက်ခန့်အကြာ တွင် ရှုမ၀တံဆိပ်ပါသော စာအိတ်နှင့် စာတစ်စောင် ကျွန်တော့်ဆီသို့ ရောက်ရှိလာသည်။ စာအိတ် ကို ဖောက်လိုက်သောအခါ ဦးကြီးမောင် (ငွေဥဒေါင်း)၏ လက်မှတ်နှင့်စာကို တွေ့ရသည်။ ၎င်းစာတွင် လယ်ကူလီဝတ္ထုအား ရှုမ၀စာတည်းအဖွဲ့မှ ရွေးချယ်လိုက်ပြီ ဖြစ်ကြောင်း၊ ဤကဲ့သို့ တကယ့် လယ်ကူညီတွေ၏ ဘ၀သရုပ်ကို ဖော်ပြရေးသားသော ၀တ္ထုမျိုး မြန်မာပြည် တွင် မရှိသေးကြောင်း၊ အလွန်ကောင်း ပါကြောင်းနှင့် တင့်ဆန်း (လှည်းကူး)ကို လှည်းကူးဖြုတ်ပစ်၍ ကလောင်အမည် ''တင့်ဆန်း''သာ ထားမည်ဖြစ်ကြောင်းများ ပါရှိလေသည်။
ကျွန်တော်သည် နှစ်သိမ့်ကြည်နူးမှုများကို အပြည့်အ၀ခံစား၍ နေခဲ့ရသော်လည်း စာရေးခြင်းနှင့် အသက်မွေးနိုင်လောက်သော စာရေးဆရာတစ်ယောက် ဖြစ်လာရလိမ့်မည်ဟု ကိုယ့်ကိုယ်ကိုယ် မယုံကြည် ခဲ့။ မျှော်လည်း မမျှော်မှန်းခဲ့ပါချေ။ ယခုလိုပဲ စိတ်ကူးရသည့်အခါ ကောက်ရေးလိုက်၊ စိတ်ကူး မရနေလိုက်ပင် ဖြစ်ပေမည်ဟု ရည်ရွယ်ခဲ့ပေသည်။
ကျွန်တော် လယ်ကူလီရေးပြီးနောက် မဂ္ဂဇင်းဝတ္ထုများရေးဖို့ စိတ်မကူးခဲ့။ ဒီးဒုတ်ဂျာနယ်၌သာ ၀တ္ထုကဗျာများ ရေးခဲ့ပါသည်။ ရွှေအစာပြောင်ပေါ်၍ လာပြန်သောအခါ ''၀တ်ထရိန်း''ဟု ခေါင်းစဉ်တပ်၍ သရော်စာ တစ်ပုဒ်ရေးပို့ရာ စာစောင်၌ပါ၍ လာပြန်တော့၏။ စာစောင်ကိုလည်း ကျွန်တော့်ထံ လစဉ်မှန်မှန် ပို့ပေးခဲ့၏။ ထိုစာစောင်သို့ နောက်ဟာသ၀တ္ထုတစ်ခုပို့သေး၏။ ခေါင်းစည်းမမှတ်မိတော့။ ထိုစာပုဒ်လည်း ပါခဲ့သည်။
ထိုစဉ်က ကျွန်တော်မှာ အပျော်တမ်း စာရေးသူ ဖြစ်သောကြောင့် သိပ်ပြီးရေးချင်စိတ်က တိုက်တွန်း လာမှ ရေးသည်။ ရေးသမျှမှာလည်း အပယ်ခံရခဲလျ၏။ ပါသည်ချည်းသာများလေသည်။
ကျွန်တော်တို့ဆိုင်၏ ၀င်ငွေမှာ ယခင်ကထက် လျော့နည်းလာသည်။ အပြိုင်အဆိုင် များလည်း ပေါများလာသည်။ ဆံပင်ညှပ်ခ ဈေးနှုန်းမှာလည်း တစ်ကျပ်မှ သုံးမတ်သို့ ကျဆင်းလာသည်။ အခြားကုန် ဈေးနှုန်းများက မကျလှသေးဘဲ ကျွန်တော်တို့ ဆံပင်ညှပ်ဈေးနှုန်းသာ ကျဆင်းလာသောကြောင့် ကျွန်တော်တို့ စီးပွားရေး ကျပ်တည်း၍လာခဲ့ရသည်။ ကျွန်တော်သည် ထိုဆံပင်ညှပ်အလုပ်ကို စိတ်ပျက်လာ တော့သည်။ ဒါပေမယ့် စာရေးဆရာ လုပ်ဖို့ကိုလည်း စိတ်ကူးပင် မထည့်ခဲ့မိ။
''လက်ရှိအလုပ်ပဲ လုပ်ဦးပေါ့ကွယ်။ တခြားမှာ အလုပ်အတည်တကျ မရှိသေးဘဲနဲ့ ဒီအလုပ်စွန့်လွှတ်လိုက်ရင် အားလုံးဒုက္ခရောက်ကုန်ကြလိမ့်မယ်''
ကျွန်တော်က ဆံပင်ညှပ်အလုပ်ကို စိတ်ပျက်ကြောင်း အခြားအလုပ်တစ်ခုသို့ ကူးပြောင်းချင်ကြောင်း ပြောလေရာ အဘွားလေးက စိုးရိမ်စွာ ပြောသည်။
''ဒီအလုပ်နဲ့က ကြီးပွားဖို့ နေနေသာသာ နောက် တစ်ခေါင်းငါးမူးများဖြစ်သွားရင် ထမင်းစားဖို့တောင် ခက်မှာ အဘွားလေးရဲ့။ ဒါ့ကြောင့် ခုကတည်းက တခြား အလုပ်တစ်ခုကို စမ်းသပ် ကူး ပြောင်းထားမှဖြစ်မယ်။ ကျွန်တော် လော်လီတစ်စီးလောက် ကန်ထရိုက်နဲ့ယူပြီး ဟိုမြို့ ဒီမြို့ကုန်ဆွဲမယ် စိတ်ကူးတယ်။ နောက် ဟန်ပုံပေါ်ရင်လည်း ငွေရှာပြီး လော်လီတစ်စီးဝယ်တာပေါ့''
'' ကိုယ်ကိုယ်တိုင် နားမလည်ရင် ကားအလုပ်က ခက်သားပဲကွယ်''
အဘွားလေးက သဘောမတူသော်လည်း ကျွန်တော်က မနေပါ။ လောလီတစ်စီးကို ကန်ထရိုက်နှင့် ငှား၍ ကျွန်တော့် အစ်ကို ကိုသန်းမောင်နှင့် ပြည်လမ်းသို့ ထွက်ခဲ့သည်။ ကိုသန်းမောင်က ကားမောင်း၍ စပယ်ယာ ကလေးတစ်ယောက် ငှားသည်။ ကျွန်တော့်မှာ ကားပေါ်၌ လူပိုတစ်ယောက်ဖြစ်နေခဲ့၏။
ပြည်လမ်း၌ လော်လီကားကြီးနှင့် သွားလာကုန်ဆွဲနေခဲ့ရာ ထိုပြည်လမ်းရှိ မြို့ရွာ အတော်များများ သို့ ရောက်ခဲ့ရသည်။ လူတန်းစားအမျိုးမျိုးနှင့် ကြုံတွေ့ရသည်။ လုပ်ငန်းအမျိုးမျိုးကို လေ့လာရသည်။ အထူး သဖြင့် ကားသမား တို့၏ စရိုက်ကို သိခဲ့ရပေသည်။
ကျွန်တော်က ကားတစ်စီးငှား၍ ထွက်စမ်းသောအခါ မောင်မြကြီးလည်း ကားတစ်စီးငှား၍ ထွက်စမ်း ကြည့်သည်။ သူ့ကားကို ချစ်ဆွေက မောင်းသည်။ ချစ်တွေမှာ ဆံပင်ညှပ်အလုပ်ကို စွန့်လွတ်ပြီး ကားဒရိုက်ဘာ လုပ်နေသည်မှာ ကြာခဲ့ပေပြီ။
ကျွန်တော်တို့ ကားမှာ မကြာခဏ ပျက်သောကြောင့် ခေါက်ရေသိပ်မရဘဲ ရှုံးလေသည်။
ကားငှားခ ကိုပင် ကျွန်တော့်ပတ္တမြား လက်စွပ်ရောင်း၍ ဖြည့်ပေးလိုက်ရလေသည်။ ကျွန်တော်ရလိုက်သော အမြတ်မှာ ဒေသန္တရဗဟုသုတနှင့် နောက်တွင် ရှုမ၀၌ ရေးသားခဲ့သော ''ဒီသောင်မြေ'' ၀တ္ထုသွေးသောက် တွင် ရေးခဲ့ သော ''ပုပ်ကုန်'' ၀တ္ထုတို့သာ ဖြစ်သည်။
ကျွန်တော်မှာ ထိုအလုပ်ရှုံးသည်ကို စိတ်ပျက်သည်ထက် ထိုအလုပ်၏ ဂျပိုးဆန်မှုကို စိတ်ပျက်သွား သည်။ မောင်မြကြီးသည် အလုပ်လည်းမရှုံး၊ ကားပိုင်ရှင် ဖြစ်အောင်လည်း ကြိုးစားသောကြောင့် နောင်အခါတွင် ကားသုံးလေးစီး၏ ပိုင်ရှင်ဖြစ်နေလေပြီ။
ကျွန်တော်မှာ စိတ်မပါလှဘဲနှင့် ဆံပင်ညှပ်ဆိုင်သို့ ပြန်၍ အလုပ်ဆင်းရပြန်သည်။ အဘွားလေး သည် သူ့၌ ရှိထားသော ငွေသားဒင်္ဂါးအချို့ကိုရောင်းကာ ဆေးပေါ့လိပ်ခုံ ထောင်သည်။ ထိုအလုပ်မှာ ကြီးပွား နိုင်သော အလုပ်ဖြစ်သောကြောင့် ကျွန်တော်က အားပေးသည်။ ဆိုင်များသို့ ကိုယ်တိုင်လျှောက်သွင်းသည်။ အလုပ်က အကျိုးပေးရန် အလားအလာ ရှိသော်လည်း အဘွားလေးနှင့် ဆေးလိပ်သမများ ဆက်ဆံရေး အဆင်မပြေသောကြောင့် ၅ လလောက်လုပ်ပြီး ဆေးလိပ်ခုံ ပိတ်ပစ်လိုက်ရသည်။
ဆံပင်ညှပ်ဆိုင်မှာ ၀င်ငွေကလည်း ပို၍လျော့နည်းလာသည်။ တစ်နေ့လုပ်စာမှာ တစ်နေ့ဟင်းချက် စရာဖိုးလောက်သာရ၏။ အိမ်လခ ၃၀ ကျပ်နှင့် ဆန်ဖိုး၊ ဆီဖိုးများလိုလာသည်။ ကျွန်တော်နှင့် အဘွားလေး တို့တိုင်ပင်ကြကာ အဘွားလေး၌ ကျန်ရှိသော ငွေဒင်္ဂါးများကို ရောင်းပြန်ပြီး ၀ါးကုန်ကူးသည်။
ရွာ၌ရှိသော အဘိုးလေး၏ တူတော်တစ်ယောက်နှင့် ကျွန်တော်စပ်တူလုပ်သည်။
စပ်တူလုပ်သည် ဆိုသော်လည်း ကျွန်တော်ကသာ ငွေစိုက်ရသည်။ သူက ကျွန်တော့် ထံမှ ငွေများနှင့် တောတွင် ၀ါးဝယ်ကာ လှည်းကူးသို့ ရောက်ရှိလာသော ၀ါးဖောင်များကို ကျွန်တော် က ရောင်းချ ရမည်။ အမြတ်တစ်ယောက်တစ် ၀က်ဖြစ်၏။
ထိုသူသည် ကျွန်တော့်ထံမှ ငွေများယူသွားပြီး အနီထောင် ထိုးပစ်လေရာ ရှုံး၍ကုန်သည်။ ၀ါးတစ် ဖောင်သာ ပို့ပေးနိုင်ခဲ့၍ ကျန်ငွေများကို ပြန်တောင်းသောအခါ ထိုသူက မပေးဘဲနေသည်။ အဘွားလေး သည်ငိုယိုလျက် ရန်ကုန် စမ်းချောင်းရပ်ကွက်တွင်ရှိသော အဘိုးလေးညီအား သွားတိုင်သည်။ အဖိုးလေးညီ လိုက်လာပြီး တောင်းပေးသော်လည်း အနည်းအပါးသာရ၍ အကြေအလည် မရတော့ပါချေ။
အဘိုးလေးညီသည် အဘွားလေးနှင့် ကျွန်တော်တို့အား ရန်ကုန်သို့ ပြောင်းရွှေ့ခဲ့ရန်ခေါ်သည်။ ရန်ကုန်၌ အလုပ်တစ်ခုခု စီစဉ်ပေးမည်ဟုပြော၏။ အဘွားလေးကလည်း လိုက်လိုသည်။ ကျွန်တော်ကလည်း သဘောကျ၏။ ကျွန်တော်မှာ ငမိုးရိပ်မှ ခွာချင်နေခဲ့သူ မဟုတ်ပါလား။
ထိုအချိန်၌ အဘွားလေးသမီးမှာ အုန်းမောင်နှင့် ကွဲကွာနေသည်။ သူမတွင် သမီးငယ်တစ်ယောက် ရှိ၏။ ကျွန်တော့် သားအကြီးမှာ ကျောင်းနေ၍ သားအငယ်မှာလည်း ကျောင်းထားရသူနီးနေပြီ။
ကျွန်တော်တို့သည် မဆိုင်းမတွပင် ရန်ကုန်သို့ ရွှေ့ပြောင်းခဲ့ကြသည်။ စမ်းချောင်းရှိ အဘိုးလေးညီ အိမ်ကိုပင် ရွှေ့ပြောင်းခဲ့ပါ၏။ အဘိုးလေးညီမှာ မြင်းလှည်း ၂ စီးထောင်ထားကာ မြင်းလှည်းအသင်း၌ အတွင်းရေးမှူး လုပ်နေသည်။ ကျွန်တော်တို့အားလည်း မြင်းလှည်းတစ်စီးထောင်ရန် တိုက်တွန်း၏။ ကျွန်တော်မှာ အသက်ရှိသော သတ္တ၀ါတစ်ကောင်၏ လုပ်စာကိုင်စာကို စားလိုစိတ်မရှိ။ ထို့ကြောင့် အဘိုးလေးညီ၏ အကြံပေးချက်ကို သဘောမတူ။ ဒါပေမယ့် တစ်နေ့ လေးငါးကျပ်မှန်မှန်ဝင်မည် ဆိုသဖြင့် အဘွားလေးက သဘောတူကာ သူ့သမီး၏ ရွှေဆွဲကြိုးကို ရောင်းပြီး မြင်းလှည်းထောင်လေသည်။ ကျွန်တော်မှာ မြင်းလှည်းအလုပ် ကိုလည်း စိတ်မပါ။ ကိုယ်စိတ်ပါသော စာရေးခြင်း အလုပ်ကလည်း ပြောင် ပြောင်မြောက်မြောက် မဖြစ်သေး၍ မလုပ်ရဲ။ အထူးသဖြင့် ကျွန်တော်မှာ အင်္ဂလိပ်စာ မတတ်သောကြောင့် စာရေးဆရာ အလုပ်လုပ်ဖို့ရန် လုံးဝ စိတ်မကူးခဲ့ခြင်းပင်ဖြစ်ပါသည်။
ကျွန်တော်မှာ အလုပ်လက်မဲ့ လူတစ်ယောက် ဖြစ်နေခဲ့ရသည်။ ရန်ကုန်၌ ဘာအလုပ်မှလည်း မလုပ်တတ်။ ငွေရင်းလည်း မရှိ။ ယောင်ချာချာနေခဲ့ရာမှ လှည်းကူးသို့ပြန်ပြီး မောင်မြကြီးကားနှင့် ဟိုမြို့ ဒီမြို့များကို လိုက်သည်။ ရန်ကုန်သို့ ပြန်လာပြီး လည်ကာပတ်ကာ နေသည်။ တစ်နေ့တွင် အဘိုးလေးညီ၏ ဇနီးက ပြောပါသည်။
"မင်းဒီလိုနေလို့ ဘယ်ဖြစ်မလဲ။ မြင်းလှည်းထောင်တယ်ဆိုတာ ကိုယ်တိုင် လုပ်နိုင်မှ ကိုက်တာ။ လူငှားသမားနဲ့ ပစ်ထားရင် ကိုယ်မစားရဘူး။ သူတို့ခိုးတာနဲ့ ကိုယ့်တွက် ဘာမှမကျန်ဘူး"
"ကျွန်တော်က မြင်းလှည်းမှ မမောင်းတတ်ဘဲ အဒေါ်ရယ်" ကျွန်တော်က စိတ်ပျက်စွာ ပြန်ပြော လိုက်သည်။
"မမောင်းတတ်လဲ လှည်းပေါ်ထိုင်လိုက်ပြီး ငွေသိမ်းပေါ့ကွဲ့"ခုလို ပစ်ထားလို့တော့ ဘယ်လိုမှ မရဘူး" ဟု ဆိုပြန်သောကြောင့် ကျွန်တော်မှာ မတတ်နိုင်တော့ဘဲ မြင်းလှည်းပေါ်တွင် ငုတ်တုတ်ထိုင်လိုက် ၍ ငွေသိမ်းသော အလုပ်ကို လုပ်ရပြန်ပါတော့၏။ မြင်းလှည်းနှင့် လိုက်နေရသောကြောင့် ရန်ကုန်ကို အနှံ့အပြား ရောက်ခဲ့ရသည်။ ကျွန်တော်မှာ မြင်းလှည်းသမားများ၏ စရိုက်ကို စိတ်အပျက်ဆုံး ဖြစ်သည်။ ကျွန်တော်မှာ စိတ်ပျက်သော်လည်း ဘ၀၏ ရပ်တည်မှု အလုပ်တစ်ခုဖြစ်သောကြောင့် ကျိတ် မှိတ်သည်းခံနေရပြန်တော့၏။
မြင်းလှည်းထောင်သည့် အလုပ်မှာလည်း မကိုက်ပါချေ။ ဟုတ်ပါ၏။ မြင်းစားဖိုး၊ လူငှားခနှုတ်လိုက် လျှင် တစ်နေ့ ၄ ကျပ်မျှပင် ကျန်ဖို့ခဲယဉ်းနေသည်။ ထိုကြားထဲ မြင်းမကျန်းမမာဖြစ်၍ ဆေးကုရလျှင် အိတ် ထဲက စိုက်ရတော့၏။
ကျွန်တော်က အဘွားလေးအား မြင်းလှည်းပြန်ရောင်းပစ်ဖို့ ပြောသည်။ အဘွားလေး က မြင်းလှည်း ရောင်းပြီး ဘာလုပ်မလဲ ပြန်မေး၏။ ကျွန်တော်က အဖြေမပေးနိုင်ခဲ့ချေ။
မြင်းလှည်းပေါ် စိတ်ပျက်ပျက်နှင့် ထိုင်လိုက်နေစဉ် တစ်နေ့ ဦးဝိစာရလမ်း၌ ရွာတွင် နေစဉ်က ကျွန်တော်တို့ တီးဝိုင်း၌ တယောတီးသူကိုချစ်တင်နှင့် သွားတွေ့သည်။ ကိုချစ်တင်က ကျွန်တော့်အား တွေ့ ရ၍ အားရ၀မ်းသာ ဖြစ်နေသည်။ ကပ္ပလီကွက်သစ်ရှိ သူ့အိမ်သို့ ခေါ်သွား၏။ သူသည် တပည့်နှစ်ယောက် နှင့် နို့ဆီဗူးခွက်ကို ဖျက်၍ လုပ်သောဘုရားမီးထွန်းသည့် မီးအိမ်ကလေးများ လုပ်နေသည်။
"ဘယ့်နှယ်၊ ခင်ဗျားလုပ်ငန်း ဟန်ကျရဲ့လား"
ကျွန်တော်က သူ့လုပ်ငန်းအကြောင်းကို မေးကြည့်သည်။
"တစ်နေ့ ကိုယ့်တွက် တစ်ဆယ်၊ ဆယ့်နှစ်ကျပ်တော့ ကျန်သားဗျ"
ကိုချစ်တင်က အားရ၀မ်းသာပြောသည်။
"ကျွန်တော်လဲ ဒီမြင်းလှည်းကြီးနဲ့ လုပ်နေရတာ စိတ်ပျက်လွန်းလို့ဗျာ"
ကျွန်တော်က ခပ်ညည်းညည်းပြောလိုက်သည်။
"ခင်ဗှားကို ပြောရမှာ အားတော့အားနာပါတယ်ဗျာ။ ကျွန်တော်တို့ အလုပ်က အမြင်နုပ်ပေမယ့် ငွေဝင်တော့ မဆိုးလှပါဘူး။ ခင်ဗျား ကျွန်တော်တို့နဲ့ လာလုပ်နိုင်ရင် လုပ်ပေါ့။ ခက်လဲ မခက်ပါဘူး။ ဟိုဟာ ဒီ ဟာဝိုင်းဝန်းလုပ်ပေါ့။ ခင်ဗျားကို ကျွန်တော် တစ်ပုံပေးမယ်။ ခု ဟိုလူ နှစ်ယောက်လည်း ကိုယ့်ဝေစုနဲ့ကိုယ် ငွေကို ခွဲယူတာပဲ။ ဒါပေမယ့် ကျွန်တော် သူတို့ဆီက လက်နက်ကိရိယာခ ပြန်နှုတ်တယ်။ ခင်ဗျားကိုတော့ မနှုန်ဘူး။ အသားတင်ပေးမယ်"
ကိုချစ်တင်က ဤသို့ ပြောလေရာ ကျွန်တော်အတော် ၀မ်းသာသွားသည်။ ဘာပဲဖြစ်ဖြစ် ရရာ အလုပ်ကိုလုပ်ပြီး ကြီးပွားအောင်ကြံမည်ဟုလည်း စဉ်းစားထားသည်။ ညတွင် အဘွားလေးအား အကျိုး အကြောင်းပြောပြီး နောက်နေ့နံနက် အစောကြီး ကျွန်တော် အလုပ်ဆင်းခဲ့သည်။ ထိုနေ့ ကျွန်တော်မှာ သံပြားညှပ်ရုံ၊ ဆေးသုတ်ရုံနှင့်ပင် ညနေကျ၍ ပစ္စည်းများ ဆိုင်သွားသွင်းပြီးနောက် ငွေရင်းရှာ ကျွန်တော့် အတွက် ၆ ကျပ်ကျော်ကျော် ရခဲ့သည်။
ဆက်ရန်
Ref: ရွှေစင်ဦး
Subscribe to:
Posts (Atom)