Tuesday, 15 January 2013

မတူတာလေးများ အပိုင်း (၆)

Copyright (သို့မဟုတ်) မူပိုင်ခွင့်

ဒီတစ်ပတ်မှာတော့ Copyright (သို့မဟုတ်) မူပိုင်ခွင့် အကြောင်းကို ရေးချင်ပါတယ်။
မြန်မာပြည်မှာတော့ Copyright (သို့မဟုတ်) မူပိုင်ခွင့် ဆိုတာ မရှိဘူးမဟုတ် ရှိပါတယ်။ ဒါပေမယ့် တော်တော်လေးကို တွင်ကျယ်မှု့ နည်းပါးလှပါတယ်။

မြန်မာပြည်မှာ နေစဉ်တုံးက British Council စာကြညိ့တိုက်မှာ အမြဲတမ်း သွားရောက်ပြီးတော့ စာဖတ်လေ့ရှိပါတယ်။ ကိုယ်ကြိုက်တဲ့ စာအုပ်ဆိုရင်တော့ ငှါးလာပြီး မိတ္တူဆိုင်မှာ တစ်အုပ်လုံး ကူးလိုက်တာပါပဲ။ စာအုပ်ရဲ့ စာမျက်နှာ တော်တော်များများမှာ Copy မကူးရဆိုပြီး တံဆိပ်တွေ ရိုက်နှိပ်ထားတာပါပဲ။ ဒါပေမယ့် စာအုပ်တစ်အုပ်လုံးကို ကူးလိုက်တော့ စာအုပ်ခမျာ တော်တော်လေးကို ဆုပ်ပဲ့သွားခဲ့ရပါတယ်။

စာရေးသူ တစ်ယောက်ထဲလားဆိုတော့ မဟုတ်ပါဘူး။ လူတိုင်းနီးပါး ကူးယူကြတာပါပဲ။ ဒါဟာ Copyright (သို့မဟုတ်) မူပိုင်ခွင့်ကို ချိုးဖောက်တာပါပဲ။ ဒီလိုချိုးဖောက်လို့လဲ ဘယ်သူမှလဲ အရေးယူခံရတာ မရှိသလောက်ပါပဲ။ တစ်ချို့ ခင်မင်ရင်းနှီးတဲ့ မိတ္တူဆိုင်များဆိုရင် တော်ရုံတန်ရုံ စာရွက် ဆယ့်လေးငါးရွက်လောက်ဆိုရင် မိတ္တူ ကူးခယူတောင်မယူရှာပါဘူး။ သူတို့ဆိုင်တွေက စာအုပ်လိုက်ကို ကူးကြတာများပါတယ်။

အသိမိတ်ဆွေတစ်စုဆိုရင် သူတို့ကိုယ်ပိုင် သုတေသနပြုထားတဲ့ စာတမ်းတစ်ခုကို အခြားသူက ပွားပြီး သူ့နာမည်တပ်ပြီးတော့ စာအုပ်ထုတ်ခြင်းကိုပင် ခံလိုက်ရပါတယ်။ အခု အဲဒီစာအုပ်က ဈေးကွက်ဝင် စာအုပ်တစ်အုပ် အဖြစ်ရောက်နေပါတယ်။ စာရေးသူတွေခမျာ Copyright (သို့မဟုတ်) မူပိုင်ခွင့်ကို မခံစာလိုက်ရပါဘူး။ (စာအုပ်နာမည် မဖေါ်ပြလိုပါ။)

ဒီသြစီမှာကတော့ ဒီလိုကူးလို့ မရပါဘူး။ ကူးမယ်ဆိုရင် Copyright (သို့မဟုတ်) မူပိုင်ခွင့် နဲ့ ငြိနေပြီသာ မှတ်ပါတော့။ စာကြည့်တိုက်မှာ ကူးမယ်ဆိုရင် ဆက်မျက်နှာ၊ ဆယ့်ငါးမျက်နှာထက် ပိုပြီးတော့ ကူးယူခွင့် မရှိပါဘူး။ ဒီမှာ ဒီCopyright (သို့မဟုတ်) မူပိုင်ခွင့်ဟာ တော်တော် ကြောက်စရာကောင်းပါတယ်။ အသိ တက္ကသိုလ်ကျူတာတစ်ယောက် ပြောပုံအရ- သူတို့တွေ ကျောင်းသားတွေကို စာသင်ဖို့ကူးယူလျှင်လည်း ကူးတဲ့စာအုပ်ပေါ်မှာ ဘယ်နေ့ကကူးကြောင်း တံဆိပ်တုံးထုရပါတယ်။ တစ်ခန်း၊ နှစ်ခန်းထက် ပိုပြီးတော့ ကူးခွင့် မပေးပါဘူး။ တစ်အုပ်လုံးကူးထားမိလို့ စစ်ဆေးတဲ့သူတွေ့သွားရင် အဲဒီကျောင်းတော့ လျှော်လို့ကို ဆုံးတော့မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ Copyright (သို့မဟုတ်) မူပိုင်ခွင့်ပါပဲ။ စာရေးသူအတွက် မူပိုင်ခွင့်ဟာ ဘယ်လောက်အရေးကြီးလဲ ဆိုတာကို သက်သေပြနေတာပါပဲ။

စာအုပ်တင်မဟုတ်ပါဘူး။ အခြားနေရာတွေမှာလဲ Copyright (သို့မဟုတ်) မူပိုင်ခွင့်ရှိပါတယ်။ ဥပမာ- လူတစ်ယောက်က အာလူးသေးသေးလေးတွေကို တစ်ဦးထဲမူပိုင် စိုက်ပျိုးရောင်းချတယ်ဆိုပါစို့။ အခြားသူက အဲဒီ အာလူးသေးသေးလေးတွေကို စိုက်ပျိုးပြီး ရောင်းချရင် Copyright (သို့မဟုတ်) မူပိုင်ခွင့်အရ တရားစွဲဆို ခံရနိုင်ပါတယ်။ နေရာတိုင်း Copyright (သို့မဟုတ်) မူပိုင်ခွင့်ဆိုတာရှိပါတယ်။

မြန်မာပြည်မှာတော့ ရုပ်ရှင်ဆိုလဲ ရုပ်ရှင်အလျောက်၊ ဗီဒီယိုဆိုလဲ ဗီဒီယိုအလျောက် Copyright (သို့မဟုတ်) မူပိုင်ခွင့်ဆိုတာရှိတာပါပဲ။ ဒါပေမယ့် ခိုးကူးကြတာပါပဲ။ ဒါကြောင့် စဉ်းစားမိပါတယ်။
မြန်မာပြည်မှာလဲ Copyright (သို့မဟုတ်) မူပိုင်ခွင့်ကို ထိထိရောက်ရောက် ကျင့်သုံးခဲ့လျှင် ဘာတွေဆက်ဖြစ်မလဲပေါ့။

မတူတာလေးတွေ ပြောပါတယ်။
နောက်တစ်ပတ်မှ တွေ့ကြတာပေါ့။

No comments: