Thursday, 17 January 2013

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၃၂)

“အကယ်၍ ဒေါက်တာ မိုက်ကယ်အဲရစ်အား ပြည်ဝင်ခွင့်ဗီဇာ ပေးရန် မြန်မာအစိုးရက ဆက်လက် ငြင်းဆန်မည် ဆိုလျှင် လူသားချင်း စာနာမှုအရ ခွင့်မပြုနိုင်သော လုပ်ရပ် ဖြစ်ပါမည်။ ဗြိတိသျှ တော်ဝင်မိသားစု အနေဖြင့် မြန်မာ အစိုးရက ဗီဇာ ထုတ်ပေးနိုင်ရန် ပူးတွဲဆောင်ရွက် သွားမည် ဖြစ်ပါသည်” လို့ ချားလ်စ် မင်းသားရဲ့ စာမှာ ဖော်ပြထားတာပါ။ ကျွန်မတို့လည်း ဒီစာဟာ ဒီ့ထက် စောပြီးများ ရောက်လာခဲ့ရင်လို့ တွေး မိကြပါတယ်။

မိုက်ကယ်ဟာ သူ့အတွက် အချိန် များများစားစား မကျန်တော့ဘူး လို့ သဘောပေါက်ချိန်မှာ မြန်မာ ပြည်ကို သွားနိုင်တုန်း၊ လမ်းလျှောက်နိုင်တုန်း သွားကာ စုအနားမှာ အချိန် နည်းနည်းလေးဖြစ်ဖြစ် နေခွင့်ရအောင် ကြိုးစားခဲ့ပါတယ်။ မြန်မာ့ စစ်အစိုးရကတော့ မိုက်ကယ့်ကို ဗီဇာမပေးရုံမကဘဲ စုရဲ့ တယ်လီဖုန်း ကိုတောင် ဖြတ်တောက် ပစ်လိုက်ပါတော့တယ်။  ဒီတော့ မိုက်ကယ့်မှာ စုရဲ့ အသံကလေး ကိုတောင်မှ မကြားနိုင်ခဲ့တာ နှစ်ကာလများစွာ ပါပဲ။

မိုက်ကယ်က စုကို အင်္ဂလန်က အိမ်ကို ပြန်လာဖို့ မပြောခဲ့ပါဘူး။ စုအနေနဲ့ အင်္ဂလန်ကို လာခဲ့ရင် မြန်မာပြည် ကို ပြန်လာလို့ ရမှာမဟုတ်ဘူးလို့ မိုက်ကယ်က သဘောပေါက် ခဲ့ပါတယ်။ အဲဒီလိုသာဖြစ်ခဲ့ရင် စုက သူ့နိုင်ငံ အတွက် လုပ်ခဲ့တာတွေ အားလုံး အလဟဿဖြစ်သွားမှာ ပဲလေ။ မိုက်ကယ့်အနေနဲ့ အဲဒီလို မဖြစ်ရအောင် ဘယ်လို ကိစ္စမျိုးကိုမဆို ရင်ဆိုင်သွားခဲ့ ပါတယ်။ စုရဲ့ ခံစားရတဲ့ အခက်အခဲတွေနဲ့ ယှဉ်ရင် သူခံရတာတွေက ဘာမှမဟုတ်ဘူး လို့ မိုက်ကယ်က ခံယူပါတယ်။ သူ့ ရဲ့ တစ်ခုတည်းသော ဆန္ဒက သူ့ရဲ့ နောက်ဆုံးအချိန်မှာ စုကို တွေ့သွား ချင်တာပါ။ ဒီဆန္ဒပြည့်မယ် လို့လည်း မျှော်လင့် ခဲ့ရှာပါတယ်။ သူက မြန်မာ စစ်အစိုးရကို ဒုက္ခပေး လိုစိတ် မရှိခဲ့ပါဘူး။  သူ့ကို ချာချီလ်ဆေးရုံ က ဆရာဝန် နှစ်ယောက်က အကူလိုက် ပေးမယ်လို့ ကမ်းလှမ်းခဲ့ပေမယ့် မြန်မာ စစ်အစိုးရကတော့ ရက်စက် ခဲ့ပါတယ်။

မိုက်ကယ် ဆုံးတာကို လက်ခံ လို့ မရခဲ့သူကတော့ ကင်မ်ပါပဲ။ သူ့ကိုယ်သူလည်း မထိမ်းနိုင်ဖြစ် သွားခဲ့ပါတယ်။ ဘာကိုမှ လက်ခံလို့ မရတော့တဲ့ပုံစံမျိုးပေါ့။ သူ့ဒေါသ တွေက အန်ထော်နီ့အပေါ် ပုံကျသွား လေရဲ့။ အန်ထော်နီရဲ့ ကြည့်ပုံနဲ့ အသံတွေက မိုက်ကယ်ရဲ့ အကြည့်တွေ၊ အသံတွေနဲ့ ချွတ်စွပ်တူလေတော့ အန်ထော်နီက ဒီမှာရှိနေရက်နဲ့ ဒယ်ဒီက ဘာလို့ မရှိရတော့တာလဲ ဆိုပြီးခံစားနေရပါတယ်။ သူ့မှာ အန်ထော်နီ က လွဲပြီး စိတ်ဆိုးရမယ့်လူ လည်း မရှိတော့ဘူးလေ။ တကယ် တော့ အဲဒီခံစားမှုတွေဟာ အန်ထော် နီ့မှာလည်း ရှိနေတာမို့ သူက ကင်မ် ရဲ့ ဒေါသတွေကို တိတ်တဆိတ်ပဲ လက်ခံနေပါတယ်။ ကျွန်မလည်း ကင်မ့်ကို အတတ်နိုင်ဆုံး ချော့မော့ နှစ်သိမ့်ဖြစ်ခဲ့ပါတယ်။

ကင်မ်က တည်ငြိမ်စပြုတဲ့ အချိန်မှာ ချက်ချင်းဆိုသလို “နိုရီကို၊ ကျွန်တော် ဝယ်ခဲ့ပေးတဲ့ ဗုဒ္ဓရုပ်ပွားတော်လေး ရှိနေသေး ရဲ့လား”လို့ မေး လိုက်ပါတယ်။ “ရှိတာပေါ့။ အဲဒါ အန်တီ့အတွက် ရတနာပဲလေ” လို့ ဖြေလိုက် ပါတယ်။ တကယ်တော့ ဆယ်နှစ်သားမှာ ကတည်းက မိခင်ရဲ့ ဂရုစိုက်မှုကို မရခဲ့တာမို့ သူက အခုလို ဝမ်းနည်းမှုတွေ ကြီးမားနေ ရတာပါ။

တကယ်တော့ ၁၉၉၉ ခုနှစ်၊ မတ် ၂၇ ရက်ဟာ မိုက်ကယ်နဲ့ အန်ထော်နီ အမြွှာညီအစ်ကိုရဲ့ ၅၃ နှစ် ပြည့် မွေးနေ့ လည်း ဖြစ် ပါတယ်။ ဘယ်လိုများ အကျီစားသန်တဲ့ ကံကြမ္မာ ပါလိမ့်။ သူတို့မိသားစုက နဂိုမူလ အစီအစဉ်အတိုင်း မွေးနေ့ အထိမ်း အမှတ်ကိုလည်း ဆက်လုပ်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ကိတ်နဲ့ စားသောက် စရာ တွေကိုလည်း မှာထားပြီး သား ဖြစ်နေပြီလေ။ တကယ်တော့ စားစရာတွေက လောက်တောင် မလောက်ချင်ပါဘူး။ ကျွန်မ ခင်ပွန်းကလည်း ကျွန်မကို မိုက်ကယ့် နောက်ဆုံး အချိန်အတွက် တစ်ခုခု လုပ်ပေးဖို့ ငွေကိုမနှမြောကြစတမ်း လို့ပြောလာပါတယ်။ ဒီလိုနဲ့ ကျွန်မ လည်း တတ်နိုင်သလောက် တစ်ခုခု လုပ်ပေးမယ် လို့ ဆုံးဖြတ်လိုက်တယ်။

ကင်မ့်သူငယ်ချင်းတွေက ကျွန်မကို ဈေးကူဝယ်ပေးကြပါတယ်။ ကျွန်မက ဆူရှီ အလိပ်တစ်ရာစာမက ဈေးဝယ်လိုက်ပါ တယ်။ အန်ထော်နီ့ မွေးနေ့ပွဲနဲ့ မိုက်ကယ့်ဝိညာဉ်အတွက် ကျင်းပတဲ့ပွဲ ဆိုပါတော့။ မိုက်ကယ့် မိသားစု နဲ့ ဆွေမျိုးတွေက စားပွဲမှာ ဝိုင်းထိုင်လိုက်ကြပါတယ်။ ပါတီကို အလက်ဇန္ဒားက မဟုတ်ဘဲ ကင်မ် က ဦးဆောင် တာပါ။ “ဒီနေရာမှာ ကျွန်တော်တို့အားလုံးဟာ မိသားစု ဝင်တွေပါ။ နိုရီကိုတစ်ယောက်ပဲ သွေးသား မတော်စပ် ပေမယ့် သူက ကျွန်တော်တို့နဲ့ နက်နက်ရှိုင်းရှိုင်း ပတ်သက်နေတဲ့ မိသားစုဝင်တစ်ယောက် ပါပဲ”လို့ ကင်မ်က ပြောလိုက်ပါတယ်။ စိတ်ထဲမှာတော့ကျွန်မက ကျွန်မဟာ စုနဲ့မိုက်ကယ်တို့ရဲ့ ကံကြမ္မာအတိုင်း တော်စပ်ရတဲ့ မိသားစုတွေပါပဲ လို့ တွေးပြောပြောနေ မိတာပေါ့။

ဘယ်သူကမှ စကားမပြောတမ်း ဆူရှီကို အားပေးကြပါတယ်။ သနားစရာကောင်းတာက သူတို့အားလုံးဟာ မိုက်ကယ် ဆေးရုံ စတက်ရတဲ့ လွန်ခဲ့တဲ့ နှစ်လလုံးလုံး ညစာရယ်လို့ ပီပီပြင်ပြင် မစားခဲ့ကြရရှာပါဘူး။ စိတ်လှုပ်ရှားမှုတွေ နဲ့ ပြည့်နှက်နေတဲ့ ပတ်ဝန်းကျင်လေးဟာ ခု တော့တည်ငြိမ်စလည်း ပြုလာပါပြီ။

မိုက်ကယ့်ခယ်မက ကျွန်မကို “မိုက်ကယ့်ကို ကျွန်မက ရှင်ဘာစားချင်လဲလို့မေးခဲ့ဖူးပါတယ်။ ပထမတော့ သူက အသားညှပ်ပေါင်မုန့်လို့ ပြောပြီး နောက် မဟုတ်ဘူး၊ ဆူရှီ စားချင်တာလို့ ဖြေခဲ့တာပါ”လို့ ပြော ပြပါတယ်။

မိုက်ကယ်ရယ် ရှင့်ကို ကျွန်မ လက်ရာ ဆူရှီလေးတစ်ကိုက်ဖြစ်ဖြစ် ကျွေးချင်နေခဲ့တာပါရှင်။

ဂွဒ်ဘိုင်မိုက်ကယ်

မိုက်ကယ်က ၂၇ ရက်မှာ ဆုံးပြီး ၂၈ ရက်မှာတော့ သူ့အလောင်းကို ချာချီလ်ဆေးရုံကို သယ်သွားခဲ့ ကြပါတယ်။ ၂၉-၃၀ မှာတော့ ကျန်ရစ်သူများလို့ အမည်ပေး ထားတဲ့ ကျောင်းထဲမှာ ပြင်ဆင် ထားရှိခဲ့ပါတယ်။ သူ့ကို ဂွဒ်ဘိုင်လို့ နှုတ်ဆက် ချင်သူတွေ နှုတ်ဆက်နိုင်အောင်ပေါ့။ ကျွန်မက ကျန်ရစ်သူများ ကျောင်း ဆိုတာ ဘုရားရှိခိုးကျောင်း လို့ ထင်ပေမယ့် အဲဒါက ရေခဲတိုက်ပါ။ ဝင်္ကပါလို အခန်းလေးတွေ အများကြီးရှိနေကာ မိုက်ကယ့်ကိုတော့  ဟိုးအနောက်က အခန်းလေး ထဲမှာ ထားပေးထားပါတယ်။ သူက အိပ်ပျော်နေသလိုမျိုး လဲလျောင်းနေတာမို့ သူ့မျက်နှာကိုကြည့်ရင်း မိုက်ကယ် ဟာ ရုပ်ဖြောင့်သူပဲလို့ ဖျတ်ခနဲ တွေး လိုက်မိပါတယ်။

မတ် ၃၁ ရက်မှာတော့ မိုက်ကယ့် အသုဘ အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ အဲဒီနေ့က အောက်စ်ဖို့ဒ် ရဲ့ ကောင်းကင်ကြီးက ပြာပြီး ကြည်လင်နေလေရဲ့။ ပါးကို တို့ထိ လာတဲ့ လေကလည်း နွေးနေသလိုပါပဲ။ စုနဲ့ မိုက်ကယ် ရဲ့ မွေးစားသမီးလို ဖြစ်နေတဲ့ ဂါနာသူ ရှေ့နေ အမျိုးသမီး တစ်ယောက်ရယ်၊ မိုက်ကယ့်ကို ပြုစုပေး ခဲ့ဖူးတဲ့ မြန်မာ အမျိုးသမီး တစ်ယောက်ရယ်၊ အန်ထော်နီ့ ဇနီးရယ်နဲ့ ကျွန်မတို့က အင်္ဂလန်ထုံးစံအရ အသုဘ ရှုလာမယ့် ပရိသတ်ကို မနက်စာကျွေးဖို့ မနက် ၈နာရီခွဲကတည်းက စပြင်ဆင်ကြပါတယ်။ သူတို့သုံးယောက် သားက အသားညှပ်ပေါင်မုန့် ကို ပြင်ဆင်ကာ ကျွန်မကတော့ ဂျပန်စာ ဆန်မုန့် အိုနီဂီရီကို ပြင်ဆင်ပါတယ်။ အင်္ဂလန်မှာ အဲဒီလိုမနက်စာ အတွက် မှာလို့ မလွယ်ဘူးလေ။

နေ့လယ် ၃ နာရီမှာတော့ ရေခဲ တိုက်က အသုဘယာဉ်က မိုက်ကယ့် အခေါင်းကို တင်ဆောင်ကာ အိမ်ကို ရောက်လာ ပါတယ်။ မိုက်ကယ့်ကိုတော့ အိမ်ထဲကို မခေါ်လာခဲ့ပါ ဘူး။ မိုက်ကယ့် တပည့်ဖြစ်တဲ့ ဘူတန်သား ကာမဖွန်ဆိုက အခေါင်းထိပ်မှာ ဘူတန်ရိုးရာဝတ်စုံ ဝတ်ပြီး ထိုင်နေပါတယ်။ အသုဘယာဉ်ရဲ့ နောက်မှာတော့ မိသားစုနဲ့ ဆွေမျိုးတွေ လိုက်ပါတဲ့ ကားနက်နှစ်စီးက လိုက်ပါလာပါတယ်။ အဲဒီနောက်က  မြန်မာမလေး မောင်းတဲ့ ကားပေါ်မှာ တော့ ကျွန်မနဲ့ ဂါနာရှေ့နေ အမျိုးသမီးတို့ လိုက်ပါတယ်။ ကျွန်မတို့ ကားနောက်မှာ တော့ နောက်ထပ် ကားတွေ တသီတတန်းကြီး ပါပဲ။ ရှေ့က ကားက တဖြည်းဖြည်းသွားနေကာ မထင်မှတ်ဘဲ ပါ့ခ်တောင်းအိမ် အဝိုင်းကို တစ်ပတ်ပြီးတစ်ပတ် ပတ် ပေးပါတယ်။ စု၊ မိုက်ကယ်နဲ့ ကလေးတွေအတွက် အမှတ်တရအိမ် နေရာလေးမို့လို့ပေါ့။ အသုဘယာဉ် က အိမ်နေရာ တည့်တည့်လည်း ရောက်ရော အသံရှည် ဟွန်းကို အကျယ်ကြီးကို တီးလိုက်ပါတယ်။

မသီတာ-စမ်းချောင်း                     http://www.myanmarij.com/%e1%80%b1%e1%80%92%e1%81%9a%e1%80%b1%e1%80%a1%e1%80%ac%e1%80%84%e1%80%b9%e1%80%86%e1%80%94%e1%80%b9%e1%80%b8%e1%80%85%e1%80%af%e1%81%be%e1%80%80%e1%80%8a%e1%80%b9-%e1%81%83%e1%81%82/ 





No comments: