အောက်စ်ဖို့ဒ်ကို ခွဲခွာခြင်း
ကျွန်မတို့က အောက်စ်ဖို့ဒ်ကို
မသွားခင်တိုင်းမှာ မိုက်ကယ့်ကို ကြိုတင် ဆက်သွယ်ခဲ့တာချည်းပါပဲ။ ဒါမှ
မိုက်ကယ်က ကျွန်မတို့အခန်း ကို အနွေးဓာတ်ရနေအောင် အပူပေးစက်ကို
ကြိုတင်ဖွင့်ပေး ထားတတ်ပါတယ်။ ဒါ့အပြင် မီးဖိုထဲက စားပွဲ ပေါ်မှာ
ပန်းခြင်းလေးတစ်ခြင်းနဲ့ အတူ “ခင်မင်ရတဲ့ နိုရီကိုနဲ့ ဆာဒါယိုရှီရေ၊
အောက်စ်ဖို့ဒ်က ကြိုဆိုပါတယ်”လို့ စာသားလေးလည်း ချန်ထားရစ် တတ်ပါတယ်။
ကျွန်မတို့ရဲ့ အောက်စ်ဖို့ဒ်ရဲ့ ကနဦး နေ့တိုင်းကို အကောင်းဆုံး ဖြစ်အောင်
လုပ်ပေးခဲ့တဲ့အတွက် မိုက်ကယ့်ကို ကျေးဇူးတင်ရပါတယ်။
နောက်ဆုံး မှာတော့ ကျွန်မတို့ရဲ့
အောက်စ်ဖို့ဒ်ဘဝကို ခွဲခွာရမယ့် အချိန် ကျရောက်လာပါပြီ။ ၁၉၉၈ ခုနှစ်
နွေဦးမှာတော့ ကျွန်မတို့ရဲ့ အခန်းကို ရောင်းပြီး အင်္ဂလန်ကနေ ခွာဖို့
ဆုံးဖြတ်ခဲ့ကြပါတယ်။ အကြောင်းတွေက တော့ အမျိုးမျိုးပေါ့။ အင်္ဂလန်ဆိုတာ
အဝေးကြီးမှာလေ။ ပြီးတော့ အင်္ဂလိပ်တွေ စိတ်ရှည်သလိုမျိုး ကျွန်မတို့က ဆတူ
စိတ်ရှည်ဖို့ မဖြစ်နိုင်ပေဘူးလေ။ ကျွန်မတို့ က စိတ်တိုတဲ့ ဂျပန်တွေ
မဟုတ်လား။ အင်္ဂလန်က အိမ်ဟောင်း တွေမှာ မိသားစုတွေ အများကြီး အခန်းတွေ
ကန့်ကန့်ပြီး နေကြတော့ အသံတွေက ဆူလှသကိုး။ ကျွန်မမှာ ကင်ဆာကလည်း ဖြစ်လာပြီ
ဆိုတော့ စိတ်ပင်ပန်းရင် ကင်ဆာ ပိုပျံ့မှာ စိုးတာနဲ့ပဲ လေပြောင်း၊ မြေ
ပြောင်း ပြောင်းဖို့ အောက်စ်ဖို့ဒ်က ခွာဖို့ ကြံရတာပါပဲ။ အိမ်ပြန်ကြမယ်လို့
ဆုံးဖြတ်တယ်ဆိုပါတော့။
အင်္ဂလန်က ကျန်းမာရေးစနစ် ကြောင့်လည်း
အဲဒီကနေ ခွာခဲ့ဖြစ်တယ် ဆိုရမှာပါ။ ကျွန်မရဲ့မိသားစု ဆရာဝန်က ကျွန်မမှာ
ကင်ဆာထပ် ဖြစ်လာတယ်လို့ ယူဆနေပါတယ်။ ဒါကြောင့် ချာချီလ်ဆေးရုံကို
လွှဲလိုက်ပါတယ်။ ကျွန်မက အောက်စ်ဖို့ဒ်မှာ ရှိတဲ့ ကင်ဆာဝေဒနာရှင်တွေနဲ့
မိတ်ဆွေဖြစ်နေပြီး အချင်းချင်း ဗဟုသုတ တွေ ဖလှယ်ကြနဲ့ ပျော်နေတဲ့ အချိန်ပါ။
အင်္ဂလန်က ကျန်းမာရေးစနစ် အရ အမျိုးသား ကျန်းမာရေးဌာနရဲ့ အစီအမံ
အတိုင်းဆိုရင် ကုန်ကျစရိတ်က ဘာမှမရှိပေမယ့် စောင့်ရတဲ့ အချိန်ကတော့
သိပ်ကြာတယ်။ ကိုယ်ပိုင် ဆရာဝန်နဲ့ ပြမယ်ဆိုရင် နှစ်ပတ်အတွင်း
ခွဲစိတ်ကုသတာမျိုး လုပ်နိုင်ပေမယ့် ကုန်ကျစရိတ် က တော့ ယန်းနဲ့ဆို
သန်းပေါင်းများစွာ ပါပဲ။ အဲဒီလို စနစ်မျိုးဆိုတာ သိလိုက်တော့ အင်္ဂလန်မှာ
ဆက်နေဖို့ တွန့် သွားခဲ့ရပါတယ်။ အဲဒီအချိန်မှာ ကင်မ်က သူ့သူငယ်ချင်းတွေနဲ့
ဂီတ တီးဝိုင်းအဖွဲ့လေးတစ်ခု တည်ထောင် ထားပြီး သဘာဝ သမားအဖြစ် ရပ်တည်နေပြီ
ဖြစ်သလို မိုက်ကယ်ကလည်း တိဘက်နဲ့ ဟိမဝန္တာ လေ့လာရေးဌာန တည်ထောင်ဖို့
အိပ်မက်နဲ့ ရှုပ်နေပြီလေ။ ကျွန်မလည်း သူတို့ နှစ်ယောက်ကို ကိုယ့်မျက်စိနဲ့
မြင်နေရမှ စိတ်အေးနိုင်တဲ့ စိတ်ဇော တွေကို လျှော့ချဖို့ အချိန်တန်နေပြီလေ။
ကျွန်မတို့ ဇနီးမောင်နှံ နှစ်ယောက်လုံးက
သူတို့သားအဖနဲ့ ဝေးရာမှာ နေဖို့ သိပ်ခက်ခဲပေမယ့် ဂျပန်ကို ပြန်ဖို့
ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒါနဲ့ပဲ သူ့စာသင်တန်းတွေ ဧပြီမှာ စမှာကိုမီအောင်
ကျွန်မခင်ပွန်းက အိမ်အရောင်း ကိုယ်စားလှယ် လက်ကို အပ်လိုက်ပါတယ်။
အဲဒီနောက်တော့ ကိုယ်စားလှယ်က လွှတ်လိုက်သမျှ လူပေါင်း များစွာကို ကျွန်မက
တွေ့ရတော့တာပေါ့။ အိမ်ဝယ်ချင်တဲ့လူတွေက ကျွန်မကို မေးခွန်း ပေါင်းများစွာ
မေးပါတော့တယ်။
သူတို့ကို ခဏခဏ မတွေ့နိုင်
တော့မှာလို့တွေးပြီး အဲဒီအချိန်မှာ ကျွန်မက ဆူရှီတွေကို အများကြီး
ပြင်ဆင်ထား တတ်ပါတယ်။ ကင်မ်က “နိုရီကို မရှိတော့ရင် ဘယ်သူက ကျွန်တော့်ကို
ဆူရှီလုပ်ကျွေးမှာလဲ” လို့ ပြောတတ် တာပါ။ ကျွန်မလည်း သူ့အတွက် ရာသက်ပန်
ဆူရှီ လုပ်ပေးချင်စိတ်ပဲ ပေါ်လာပါတော့တယ်။ ဒါနဲ့ပဲ သူ့ကို ဂျပန်ကိုလာပြီး
ဆူရှီလိပ်နည်း လာသင်ကာ အောက်စ်ဖို့ဒ်မှာ ဆူရှီဆိုင် ဖွင့်ပါလားလို့
အကြံပေးတဲ့အခါ “အင်း၊ ဒီအကြံကောင်းသားပဲ” လို့ ပြန်ပြောလေရဲ့။ ကင်မ်က
ချက်ပြုတ်တာလည်း ဝါသနာပါတယ်လေ။ ဒါပေမယ့် ဆူရှီလိပ်တာကို သင်ဖို့ဆိုရင်
ကင်မ့်မှာ ဇွဲရော၊ ဆုံး ဖြတ်ချက်ပါ ခိုင်ရမှာပါ။ လက်တွေ့ အလုပ် လုပ်တာကမှ
သူ့အတွက် စည်းကမ်းပိုင်းကို အကောင်းဆုံး လေ့လာရာရောက်မှာကိုး။ ကျွန်မတို့က
ဆူရှီပန်းကန်တွေ လည်ပတ် နေတဲ့ ဆိုင်မျိုးလေး လုပ်စေချင်တာလေ။ ကျွန်မတို့
အရမ်း မျှော်လင့်လွန်း နေမိသလားဟင်။
အောက်စ်ဖို့ဒ် အထက်တန်းလွှာက
ကင်မ့်သူငယ်ချင်းက ကျွန်မတို့ရဲ့ ဆူရှီကို လာစားပြီး အရမ်းသဘောကျ
သွားခဲ့ပါတယ်။ သူက သိပ်မကြာခင် ကွန်းလမ်းဆုံမှာ ဆူရှီဆိုင် ဖွင့်တော့
ကျွန်မတို့ သွားစားလိုက် ပါသေးတယ်။ ဂျပန်တွေကို အဲဒီဟာ ဆူရှီပါလို့ပြောရင်
စိတ်ပျက်ကြမှာ အမှန်ပါ။ ခြောက်ကပ်နေတဲ့ ထမင်းလိပ်အဆင့်ပဲ ရှိပါတယ်။
ဒါပေမယ့် ဈေးက သင့်တော့ အလုပ်တော့ ဖြစ်ပုံပါ။ ကင်မ်သာဆို သူ့ ထက်တော့
ပိုကောင်းအောင် လုပ်နိုင်မှာ သေချာပါတယ်။
တစ်ခါတုန်းကလည်း ကျွန်မ က ထမင်းနဲ့
ဝက်သားကြွပ်ကြော် ဖြစ်တဲ့ ကတ်ဆုဒွန်ကိုချက်ပြီး မိုက်ကယ်နဲ့ ကင်မ့်ကို
ခေါ်ကျွေးပါတယ်။ မိုက်ကယ်က အလွန့် အလွန်ကို သဘောကျပြီး “နိုရီကို ခင်ဗျား
ဒီဟာကို ဆိုင်ခန်းတစ်ခန်း ငှားပြီးဖွင့်ပါလားဗျ။ ဆိုင်ဖွင့်နိုင်အောင်
ကျွန်တော် အားလုံး ကူညီမယ်လေ”လို့ အားပေး လေရဲ့။ “ရှင်က နေ့တိုင်း
လာမှာလား”ဆိုတော့ “လာမှာပေါ့” တဲ့။ “အင်း ဒါဆိုရင် ကျွန်မတော့ သုံးရက်
အတွင်းမှာ အရင်းပြုတ်မှာ သေချာနေပြီ။ ကင်မ် ကလည်း နေ့တိုင်း လာမှာလေ။
သူ့သူငယ်ချင်း တွေလည်း ပါဦးမှာ။ ရှင်တို့ အားလုံးဆီက
ပိုက်ဆံတောင်းဖို့ကလည်း မဖြစ်နိုင်ဘူး။ ရှင်ရယ်၊ ကင်မ်နဲ့ သူ့
သူငယ်ချင်းတွေ ရယ်ပဲ ဖောက်သည် ရှိရင်လည်း ခက်ဦးမယ်”လို့ ကျွန်မ
ကအရွှန်းဖောက် ခဲ့ဖြစ်ပါသေးတယ်။
စုရေ ရှင့်မိသားစုအကြောင်း မှတ်မိသမျှတွေ
ရေးတဲ့အခါ အစားအသောက် အကြောင်းတွေချည်း များနေတာ ကိုတော့ ဆောရီးနော်။
ကျွန်မအနေနဲ့ သူတို့ကို တခြားအ ကြောင်းတွေ မေးဖို့လည်း စိုးရွံ့မိပါတယ်။
အထူးသဖြင့် ကင်မ်ပေါ့။ သူ့စိတ်ကို မှန်းရအောင် သူ့သူငယ်ချင်းတွေ အပေါ်ရယ်၊
အစားအစာ အပေါ်ရယ် သူ့ထင်မြင်ချက် ကိုပဲ မေးထားဖြစ်ခဲ့တော့ သူ့အကြောင်းကို
အဲဒီဟာတွေနဲ့ပဲ သတိရဖြစ်နေတာလေ။ တစ်ခါကတော့ ကင်မ်က ကောက်ခါငင်ခါ
“ဆယ်နှစ်ကြီး များ တောင် ရှိပြီနော်”လို့ ပြောချလိုက်ပါ တယ်။ ကျွန်မလည်း
အရမ်းကို ခံစားပေါက်ကွဲသွားမိပါတယ်။ ကင်မ်က ဘာကိုမဆို ထူးမခြားနား လို
တုံ့ပြန်နေထိုင် နေတာဟာ သူ့ရင်ထဲက ခံစားချက်တွေကို မဖော်ပြချင်လို့
သိုဝှက်ထားရအောင် နေနေတာ လို့ ကျွန်မက နားလည်ထားတာ ကိုး။ ကျွန်မတို့လိုပဲ
ကင်မ့်ကို သိ နားလည်ကြတဲ့ မိတ်ဆွေတွေက တော့ သူ့ကို ဝိုင်းပြီး ချစ်ကြပါ
တယ်။ စိတ္တဗေဒပညာ သင်တုန်းက တော့ အချစ်ငတ်နေတဲ့ကလေးတွေ က အစားပိုစားတယ်လို့
သင်ခဲ့ရ ဖူးတယ်လေ။ စုရေ ရှင့်မိသားစုဝင် အမျိုးသားအားလုံးက ရှင့်ကို လွမ်း
နေခဲ့တာပါ။ မိုက်ကယ့်အတွက် နောက်ဆုံးထွက်သက်အထိ ရှင့်ကို ချစ်နေအောင်
ပံ့ပိုးပေးခဲ့တာက တစ် နေ့နေ့မှာတော့ သူရယ်၊ အလက် ဇန္ဒားရယ်၊ ကင်မ်ရယ်
သုံးယောက်သား ရှင့်ကို လူကိုယ်တိုင်ပွေ့ဖက် ထားနိုင်တဲ့အခွင့်အရေး
ရမှာပဲဆို တဲ့ မျှော်လင့်ချက်ပါပဲ။
ခုတော့ ကျွန်မတို့အခန်းလေး ကို
ခွဲရပါတော့မယ်။ ရှင်တို့အခန်း က လခကတော့ အလက်ဇန္ဒားနဲ့ ကင်မ်ပဲ
မျှယူမှာပေါ့။ ရှင့်စာအုပ်တွေ၊ အဝတ်အစားတွေ၊ အပ်ချုပ် စက်ဟောင်းလေး၊
အဲဒီပစ္စည်းတွေ က ခေါင်မိုးထပ်မှာ ရှိနေသေးတယ်လေ။ မိုက်ကယ် ဆုံးသွားတဲ့
နောက်မှာတော့ နော်ဟမ်ဥယျာဉ်အိမ်က ရှင်တို့ အခန်းလေး လည်း ရောင်းရဖို့
ဖြစ်လာခဲ့ပါတယ်။ အလက်ဇန္ဒား ကတော့ အဲဒီအခန်းကို မိုက်ကယ့် ကိုယ်စား
မရောင်းချင်ခဲ့ပုံပါ။
မသီတာ(စမ်းချောင်း) http://www.myanmarij.com/?p=8592
No comments:
Post a Comment