မိုက်ကယ့်အတွက် “ဆူရှီ” တစ်ကိုက်
၁၉၉၉ ခုနှစ် ဇန်နဝါရီ ၂၇ ရက်မှာပေါ့။
အဲဒီအချိန်က ကျွန်မ ခင်ပွန်းဟာ ကိုဘေးတက္ကသိုလ်မှာ စာသင်နေချိန် ပါ။ သူက
အမြဲလိုလို ဧည့်ပညာရှင်တွေအတွက် အလုပ် တွေများနေတတ်သူမို့ အဲဒီအချိန်မှာ
လည်း သူ့မှာ ဧည့်က ရှိနေပါတယ်။ ဧည့်တစ်ယောက်က ကျွန်တော်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ခင်ပွန်းမှာ ကင်ဆာရောဂါ ခံစားနေရတယ်လို့ ကြားရတယ်။
ခင်ဗျားတို့ သိမှာပေါ့။ သိတယ်မဟုတ်လား” လို့ ပြောလာပါတယ်။ ကျွန်မတို့က
အဲဒီသတင်းမျိုးကို မခန့်မှန်းနိုင်ခဲ့လို့ အလွန်ကို စိတ်မကောင်းဖြစ်
လိုက်ရပါတယ်။ ကျွန်မတို့လည်း ဧည့်သည် မပြန်ခင်မှာဘဲ မိုက်ကယ့်ဆီ ဖုန်းဆက်ကြ
ပါတော့တယ်။
မိုက်ကယ့် အသံက အားနည်းနေပုံပါ။ “ဟုတ်ပါတယ်။ ဆရာဝန်က ကျွန်တော့်ရောဂါက
ဆီးကျိတ် ကင်ဆာလို့ ပြောပါတယ်” တဲ့။ သူကသာ နေမကောင်းနေတာ ကျွန်မရဲ့
ကျန်းမာရေးကိုလည်း သူက စိတ်ပူနေရှာပါ သေးတယ်။ ကျွန်မရဲ့ခင်ပွန်းကို
“ကျွန်တော့်ကင်ဆာက အဆိုးဝါးကြီး မဟုတ်ပါဘူးဗျာ။ ဒါပေမယ့် ကျွန်တော် ကတော့
ဒီရောဂါကို အကြောင်းပြ ပြီး မြန်မာပြည်ဝင်ခွင့် ဗီဇာရအောင်တော့
လုပ်ဦးမယ်ဗျာ။ ဒီကိစ္စကို ချဲ့ကား ပြောသံကြားရရင် စိတ်ထဲ သိပ်လန့်မသွား
နဲ့နော်” လို့ ပြောနေသေးတာပါ။ ကျွန်မတို့လည်း ဆီးကျိတ်ကင်ဆာ ဆိုတာ
အရေးမကြီးဘူးလို့ ဆရာဝန်ပြောစကား အတိုင်း ယုံလိုက်တော့တာပေါ့။
ဒီနှစ်နွေမှာတော့ သူ့ဆီသွား လည်မယ်လို့ ဆုံးဖြတ်လိုက်ကြပါတယ်။
ကျွန်မတို့လည်း မိုက်ကယ့်ကင်ဆာကို မေ့ထားလိုက်ကြပါတယ်။ မတ် ၂၄ ရက်လည်း
ရောက်ရော ယာတာ ရိုဆန်က ကျွန်မတို့ဆီကို မိုက်ကယ့်အခြေအနေ အတော်ကြီး
ဆိုးဝါးနေပြီလို့ ဖုန်းဆက်လာပါတော့တယ်။ သူ့ကို မိုက်ကယ်ရဲ့
အမြွှာညီအစ်ကိုဖြစ်တဲ့ အန်ထော်နီက ပြောပြတာပါတဲ့။ သူက အန်ထော်နီနဲ့
ပုံနှိပ်လုပ်ငန်း ဆိုင်ရာ အဆက်အသွယ် ရှိနေတာ ကိုး။
နောက်နေ့မှာတော့ ကျွန်မတို့ လန်ဒန်သွားဖို့ လေယာဉ်လက်မှတ်
စီစဉ်လိုက်နိုင်ခဲ့ပါတယ်။ ယာတာရိုဆန် ကတော့ ပတ်စ်ပို့သက်တမ်း ကုန်နေလို့
ချက်ချင်း လိုက်လာနိုင်မှာ မဟုတ်တော့ပါဘူး။ သူက ဆီးကျိတ် ကင်ဆာကြောင့်
ဖြစ်တဲ့ ခါးနာဝေဒနာ သက်သာအောင် အပ်စိုက်လို့ရကြောင်း ပြောလိုက်ပါသေးတယ်။
သူက ကျွန်မကို အပ်စိုက်နိုင်တဲ့ နေရာတွေ ကိုပြထားတဲ့ လူ့ခန္ဓာကိုယ် ပုံစံကို
ပို့ပေးပြီး ဘယ်နေရာတွေကို လက်နဲ့ ဖြစ်စေ ထောက်ပေးရမယ်လို့ သင်ပေးလိုက်
ပါသေးတယ်။
မတ် ၂၆ ရက်မှာတော့ ကျွန်မတို့ဟာ ကန်ဆိုင်လေဆိပ်ကနေ လန်ဒန်ကို
ထွက်ခွာလာခဲ့ပါတယ်။ ကျွန်မနဲ့ အတူ ပါလာတာက အပ်စိုက်နည်း ပုံတွေရယ်၊
အိမ်နေရင်း ဝတ်စုံရယ်၊ ဆူရှီလုပ်ဖို့လိုမယ့် ပစ္စည်းတွေရယ်၊ ဒါပဲ ထည့်ယူလာ
ခဲ့တာပါ။ မိုက်ကယ့်ကို ဆူရှီ တစ်ကိုက်စာလေးပဲ ဖြစ်ဖြစ်
ကျွေးလိုက်ချင်တယ်လေ။ ကျွန်မက မိုက်ကယ် ရဲ့ နောက်ဆုံး အချိန်လေးကို
မီပါရစေလို့ ဆုတောင်းနေခဲ့ပါတယ်။ ကျွန်မရဲ့စိတ် လောကြီးနေတဲ့
ရုပ်ကိုကြည့်ပြီး ကျွန်မနားမှာ ထိုင်သူက စကားတွေ ပြောလာပါတယ်။ သူ့ကြည့်ရတာ
သက်ကြီး မိန်းမသား တစ်ဦးက တစ်ယောက်တည်း ခရီးသွားနေတာကို စိတ်ပူနေပုံပါ။
လန်ဒန်ရောက်တော့ သူက လမ်းမခွဲခင်မှာ မိုက်ကယ့် ကျန်းမာ ရေး အတွက်
ဆုတောင်းပေးကြောင်း ပြော လိုက်ပါသေးတယ်။
ညကိုးနာရီခွဲမှာတော့ ကျွန်မက ဟိုတယ်ကို ရောက်ပါပြီ။ ရောက်ရောက်ချင်း
ဆိုသလိုပဲ ကျွန်မ မိုက်ကယ့်ဆီကို သွားလိုက်ပါတယ်။ “ဘယ်သူပါလဲ”တဲ့။
မိုက်ကယ့်ထူး သံပါ။ “နိုရီကိုပါ”ဆိုတော့ “အိုး နိုရီကို၊ ဝင်လာခဲ့လေ”
ဆိုပြီး တံခါးလှမ်း ဖွင့်ပေးလေရဲ့။ ဓာတ်လှေကားကနေ ထွက်လိုက်တယ်ဆိုရင်ပဲ
မိုက်ကယ် က ခါတိုင်းလို ကြိုနေပါတယ်။ “ခင်ဗျား၊ ဂျပန်ကနေ အဝေးကြီးကနေ
လာခဲ့တယ်နော်။ ကောင်းလိုက်တာဗျာ။ ဝင်လာပါ။ ဝင်လာပါဗျာ”လို့
လှိုက်လှိုက်လှဲလှဲ ကြိုပါတယ်။ ခရီးက ရှည်လေတော့ ကျွန်မလည်း မူးတူးတူးနဲ့
အိပ်မက်များ မက်နေသလား လို့လည်း စိတ်ထဲ ဘာဖြစ်နေ မှန်းတောင် မသိတော့ပါဘူး။
မိုက်ကယ်က ကျွန်မကို ခါတိုင်းလို မီးဖို ချောင်ထဲ ခေါ်မသွားဘဲ ဧည့်ခန်းကို
ခေါ်လာခဲ့ပါတယ်။ “သူက ကျွန်တော့်ညီ အန်ထော်နီရဲ့ ဇနီးမေရီလေ” လို့ ကျွန်မကို
မိတ်ဆက်ပေးပါတော့တယ်။ မိုက်ကယ့် ကြည့်ရ တာ ကောင်းလို့ပါပဲ။
“အန်ထော်နီ၊ ရှင်ဘာတွေပြော နေတာလဲ။ ကျွန်မက ရှင့်ဇနီးလေ” လို့မေရီက
ပြောလိုက်မှပဲ ကျွန်မလည်း နဂိုသိ စိတ်တွေ ပြန်ဝင်လာမိပါတော့တယ်။
အန်ထော်နီဟာ မိုက်ကယ့် နံဘေးမှာ လွန်ခဲ့တဲ့ နှစ်ပတ်လုံးလုံး ရှိနေခဲ့ရာက
စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်ကာ ကယောင်ကတမ်း တွေ ပြောနေတာပါ။ သူ့ကိုယ်သူ လည်း
မိုက်ကယ်နဲ့ သူ့ကိုယ်တိုင်ကို မခွဲနိုင်တော့သလိုပါပဲ။ သူတို့က
ရုပ်ချင်းထပ်တူကျတဲ့ အမြွှာတွေကိုး။ ကျွန်မအတွက်တော့ ဒီအတွေ့အကြုံက သိပ်ကို
အံ့ဩစရာကောင်းတဲ့ ပထမဆုံး အတွေ့အကြုံပါပဲ။
တကယ်တော့ မိသားစုတစ်ခုထဲ မိသားစုဝင်
တစ်ယောက်ရဲ့ နောက်ဆုံးအချိန်တစ်ခုမှာ သူစိမ်း တစ်ယောက်က ဝင်ရောက်
သွားတယ်ဆိုတာ စိတ်မသက်သာစရာ အဖြစ်မျိုးပါ။ ကျွန်မလည်း သွားသင့်၊
မသွားသင့်ကို အတော်ကြီး ဆုံးဖြတ်ခဲ့ ရပါတယ်။ ဒါပေမယ့် ကျွန်မခင်ပွန်းကရော
ကျွန်မကပါ ဘယ်လိုမှ စိတ်မထိန်းနိုင် တော့တာ မို့ ကျွန်မကို
သွားလို့ပြောခဲ့သလို ကျွန်မလည်း တစ်ကိုယ်တည်းပဲ ထွက်ခဲ့ပါတယ်။ ဒါပေမယ့်
သူတို့ က ဂျပန်ကနေတောင် မိုက်ကယ့် ကို ခင်မင်တဲ့စိတ် တစ်ခုတည်းနဲ့ အရောက်
လာခဲ့တဲ့ နိုရီကို ဆိုတဲ့ ကျွန်မကို နတ်သမီးတစ်ပါးလို နွေးနွေးထွေးထွေး
ကြိုဆိုကြပါတယ်။
အလက်ဇန္ဒားလည်း အမေရိက ကနေ
ပြန်ရောက်နေပါပြီ။ သူ့ကြည့်ရတာ နေကောင်းနေပုံ ရကာ အဲဒီနှစ် မေလမှာ ကွန်ပျူ
တာသိပ္ပံရယ်၊ ဖလော်ဆော်ဖီရယ်နဲ့ ဘွဲ့ရတော့မယ် လို့ပြောပြပါတယ်။ ပါရဂူ
ဒေါက်တာဘွဲ့ ရတဲ့အထိ ဆက်သင်မယ် လို့လည်း ဆိုပါတယ်။ အခန်းထဲမှာ
မိုက်ကယ့်အမေရယ်၊ အန်ထော်နီရယ်၊ သူ့ဇနီးမေရီ ရယ်၊ မိုက်ကယ့် အချစ်ဆုံး
သူငယ်ချင်း ဗီကာရဲ့ အမေရယ် ထိုင်နေကြပါတယ်။ အလက်ဇန္ဒားက သူ့အခန်းထဲကို
အနားယူဖို့ ဝင်သွားတော့ ကျန်သူတွေ က မိုက်ကယ့် အကြောင်း ပြောကြပါတယ်။
နောက်တစ်နေ့မနက်၊ ၁၉၉၉ ခု နှစ် မတ်လ ၂၇
ရက် နံနက် ၈ နာရီလောက်မှာ ကျွန်မက ဟိုတယ် မှာ မနက်စာ စားနေ ချိန်ပေါ့။
မိုက်ကယ့်အိမ်ကနေ ဖုန်းဝင်လာပါ တယ်။ အလက်ဇန္ဒားဆက်တာပါ။ “နိုရီကိုရယ်
ကျွန်တော် စိတ်မကောင်းစရာ သတင်း ပြောရပါမယ်။ ဒယ်ဒီဟာ ဒီနေ့မနက်ကပဲ
ဆုံးသွားပါပြီ” တဲ့။ မနက်စာတောင် မစားတော့ဘဲ ကျွန်မနေတဲ့ ဟိုတယ် ကနေ
တစ်လံလောက်ပဲဝေးတဲ့ မိုက်ကယ့်အိမ်ကို ပြေးသွားခဲ့ပါတယ်။ မနက် ၆ နာရီ ခွဲမှာ
မိုက်ကယ်ဟာ အန်ထော်နီ ရဲ့ လက်ကိုကိုင်ကာ အသက်နှစ်ချက် ပြင်းပြင်း
ရှိုက်လိုက် ပြီးနောက် ကွယ်လွန်ခဲ့ပါတယ်။ မကွယ်လွန်မီ နောက်ဆုံး
ငါးမိနစ်မှာတော့ “ကင်မ်.. ကင်မ်..”လို့ ငါးခါ တိတိ ခေါ်သွား လေရဲ့။
သူတို့အားလုံးက မိုက်ကယ် ဆုံးတာကို
မိသားစုက လွဲရင် ဘယ်သူ့ကိုမှ မပြောဖို့ ဆုံးဖြတ်ခဲ့ကြပေမယ့် နေ့လယ်ပိုင်း
မှာတော့ ဘီဘီစီ က ထုတ်လွှင့်လိုက်ပါတယ်။ ဒီလိုနဲ့ သူတို့အိမ်ကို
လူတွေတဖွဲဖွဲ ရောက် လာပါတော့တယ်။ ညနေ သုံးနာရီ လောက်မှာတော့
အောက်စ်ဖို့ဒ်တက္ကသိုလ်က ကျောင်းသူတစ်ယောက် ရောက်လာကာ မိုက်ကယ့်အတွက်
တယောနဲ့ သီချင်းတစ်ပုဒ် တီးခွင့် ပေးဖို့ ခွင့်တောင်းလာပါတယ်။ သူက
တယောတီးနေစဉ်မှာ မျက်ရည်တွေလည်း ကျကာ ငိုနေပါတယ်။ လူတွေကလည်း ကြမ်းပြင်မှာ
ထိုင် ကြကာ တေးသွားကို ခံစားရင်း ကြေကွဲလို့နေခဲ့ကြပါတယ်။ အန်ထော်နီ ကလည်း
မျက်ရည်တွေ ကြားကပဲ ချားလ်စ် မင်းသားရဲ့ ပူပူနွေးနွေး ပေးပို့လာတဲ့
စာလွှာကို ဖတ်ကြားလိုက်ပါတယ်။ ဒီစာက မိုက်ကယ့်ကို ပြည်ဝင်ခွင့်ဗီဇာ
ထုတ်ပေးဖို့ မြန်မာအစိုးရကို တောင်းဆိုတဲ့စာ ဖြစ်နေပါတယ်။
No comments:
Post a Comment