Tuesday, 1 January 2013

ငှက်ပျောမြို့တော်သို့ ဒုတိယအခေါက်

ငှက်ပျောမြို့တော်သို့ ဒုတိယအခေါက်သွားဖို့အကြောင်းဖန်လာပြန်ပါပြီ။ အကြောင်းကတော့ သြစတေးလျနိုငှ်ုငံမှာရှိတဲ့ မြန်မာရဟန်းတော်များထဲမှ အငယ်ဆုံးနှစ်ပါးကို သိမ်ထပ်မင်္ဂလာပြူလုပ်မည့် အလှူပွဲသို့ သွားရောက်ရမှာပါ။ စာရေးသူဟာ သြစတေးလျနိုင်ငံမှာရှိတဲ့ မြန်မာရဟန်းတော်များထဲမှာအငယ်ဆုံးပဲ ဖြစ်ပါတယ်။ သိမ်ထပ်ဒါယိကာမကတော့သြစတေးလျနိုင်ငံ၊  ဒါဝင်မြို့မှာ နေထိုင်တဲ့ ဒေါ်ခင်လှိုင်မိသားစုပဲဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက စာရေးသူလက်ထဲကို အသွား+အပြန် လေယာဉ်လက်မှတ်   ရောက်ရှိပြီးဖြစ်ပါတယ်။ စာရေးသူတို့ ကျောင်းပိတ်ရက်ကို အချိန်ကိုက်လုပ်တဲ့သဘောပါ။ ဒါပေမယ့် သိမ်ထပ်ဒါယိကာမကြီးက ဒီကြားထဲမှာ ကျန်းမာရေးက မကောင်းပါဘူး၊ ဆေးရုံကို နှစ်ခါပြန် တက်လိုက်ရပါတယ်။ ဒါကြောင့် ၀ှီးချဲလက်ခံတဲ့ လေကြောင်းလိုင်းကို ကြိုတင်စီစဉ်ခဲ့ရပါတယ်။ ငှက်ပျောမြို့တော်သို့ ဆစ်ဒနီကနေ Quantas Airways နဲ့ သွားမှာပါ။ လေယာဉ်စီးချိန်က တစ်နာရီနဲ့ ၁၀ မိနစ်ပဲ ဖြစ်ပါတယ်။ ဒါဝင်က လာမည့်သူကတော့ လေယာဉ်စီးချိန် ၆နာရီလောက် ကြာမယ်လို့သိရပါတယ်။

 အားလပ်ရက်မှာ အားရပါးရနားချင်ပေမယ့် အမေရိကန်မှာ သီတင်းသုံးနေတဲ့ သူငယ်ချင်းဦးဇင်းတစ်ပါးက အမေရိကန်ပြည်ထောင်စု၊ အော်ရီဂွန်ပြည်နယ်၊ ပေါ့တလန်မြို့၊ သီရိမင်္ဂလာကျောင်းတိုက်မှာ ကျင်းပပြုလုပ်မယ့် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အတွက် ရတုတစ်ပုဒ်ရယ် တေးထပ်တစ်ပုဒ်ရယ် ရှစ်လုံးဖွဲ့ ကဗျာအနည်းငယ်ရယ် ရေးသားကူညီဖို့ စာမူခနှင့်တစ်ကွ တောင်းဆိုလာပါတယ်။ ဒါကြောင့် ခရီးမထွက်မီ အပြီးရေးသား သီကုံးပြီး သူငယ်ချင်းဦးဇင်းဆီကို အမြန်ပို့လိုက်ပါတယ်။

ဒါနဲ ၂၂-၁၂-၂၀၁၂ ရက်မှာ စောစောထပြီး ဆစ်ဒနီလေဆိပ်(ဒိုမတ်စတစ်)ကို ရထာစီးပြီး သွားခဲ့ပါတယ်။ သွားနေကျ စင်ထရယ်ဘူတာအထိက ပုံမှန်လက်မှတ်ခ ဖြစ်ပေမယ့် လေဆိပ်ကို ပြန်စီးရတဲ့ ရထားခကတော့ တော်တော်လေးကို ဈေးကြီးပါတယ်။ ဒါတောင် စာရေးသူက တစ်ဝက်ခမျှသာ ပေးရသူဖြစ်လို့လေ။ လေဆိပ်ရောက်တော့ လေယာဉ်ထွက်ဖို့ နှစ်နာရီတောင်လိုသေးတယ်လေ။ အတူသွားကြမယ့် ဆရာတော်ဒေါက်တာဓမ္မာစာရတို့ အဖွဲ့ကလဲ လမ်းမှာပဲရှိသေးကြောင်း သတင်းရပါတယ်။ ဒါနဲ့ ဟိုကြည့်ဒီကြည့်ပေါ့။ လေယာဉ်ထွက်ဖို့ တနာရီလောက်လိုတော့ ဆရာတော်များ အဖွဲ့ ရောက်ရှိလာကြပါတယ်။

လေယာဉ်လိုင်းက သြစတေးလျနိုင်ငံရဲ့ နာမည်အကြီးဆုံး လေကြောင်းလိုင်းဖြစ်တဲ့ ကွန်တက်အဲယားလိုင်းပါ။ ကော့ဆားဘားမြို့ကို ၅၆ မိနစ်လောက်ပဲ စီးရပါတယ်။ လေယာဉ်ကွင်းထဲကနေ ထွက်ဖို့ လှည့်ပတ်နေရတာက မိနစ် ၂၀ လောက်ကို ကြာပါတယ်။ ဒီပုံစံအတိုင်းဆိုရင် အပြန်ဆိုရင် ပိုပြီးတော့ ကြာဖို့ရှိပါတယ်။

ကော့ဆားဘားကို နံနက် ၉နာရီ ၅၆ မိနစ်မှာ ရောက်ပါတယ်။ လေဆိပ်ကိုရောက်တော့ ၀င်းမြန်မာစားသောက်ဆိုင်မှ ပိုင်၇ှင်ဖြစ်သူ ဦးမြင့်ဆွေမှ လာကြိုပြီး ဓမ္မ္မဒူတကျောင်းကို နာရီဝက်လောက်ကြာတော့ ရောက်ရှိပါတယ်။ ကျောင်းရောက်တော့ ဒါဝင်မှ ရဟန်းဒါယိကာမကြီး ဒေါ်ခင်လှိုင်နှင့် သမီးဖြစ်သူ မစုစုအောင်တို့မိသားစု၊ ဆစ်ဒနီမှ ကိုခိုင်ကို+မထိုက်စုတို့မိသားစု တွေက ကြိုတင်ရောက်ရှိနေတာ တွေ့ရပါတယ်။

ကော့ဆားဘားရောက်တော့ ဓမ္မဒူတကျောင်းရှိ ဆရာတော် ဦးစက္ကိန္ဒ ကိုလဲ သိက္ခာထပ်မည်လို့ သိရပါတယ်။ ဒါကြောင့် သုံးပါးဖြစ်သွားပါတယ်။ နေ့လည်ပိုင်းမှာ ဘရစ်စဘိန်းဆရာတော် ဒေါက်တာကစ္စာယန ကြွလာပါတယ်။  သြစတေးလျမှာ ရဟန်းတော်များများကို တစုတဝေးထဲ မြင်တွေ့ရဖို့ တော်တော်ခက်ပါတယ်။  ဒီသိက္ခာထပ်ပွဲကို တော်ရုံတန်ရုံ စေတနာနဲ့ မလုပ်နိုင်ပါဘူး။ ဆရာတော်တွေကြွရောက်မယ့် လေယာဉ်လက်မှတ်ခပင် မနည်းပါ။ မြန်မာပြည်မှာဆိုရင် အလွန်ကြီးမားတဲ့ အလှူကြီးတစ်ခုကို လုပ်နိုင်တဲ့ ငွေကြေးပင်ဖြစ်ပါတယ်။

နောက်နေ့မှာ သိက္ခာထပ်ပွဲပြုလုပ်ပြီး ရေစက်ချပါတယ်။ အလှူက မထင်မှတ်ဘဲ လူတော်တော်စီသွားပါတယ်။ ကော့ဆားဘားမှာ နှစ်ညတာအိပ်ခဲ့ပါတယ်။ ၀င်းမြန်မာစားသောက်ဆိုင်မှ ပိုင်၇ှင်ဖြစ်သူ ဦးမြင့်ဆွေ နှင့် ဒေါ်ဝင်းတို့အား အမှတ်တရလက်ဆောင်အဖြစ် စာရေးသူရေးသားထားတဲ့ စာအုပ်ကို လက်ဆောင်ပေးခဲ့ပါတယ်။ ကော့ဆားဘားရောက်စဉ် သုံးရက်အတွင်း နာမည်ကြီးလှတဲ့ ဘေးမဲ့တောများ၊ ကမ်းခြေများကို ဗဟုသုတအဖြစ်သွားခဲ့ပါသေးတယ်။


၂၄-၁၂-၂၀၁၂ ညနေ ၅နာရီမှာ ကော့ဆားဘားမှ လေယာဉ်စီးပြီး စာရေးသူနေထိုင်ရာ ဆစ်ဒနီမြို့သို့ပြန်ခဲ့ပါတယ်။ အပြန်ခရီးကျတော့ လေယာဉ်စီးချိန် ၁နာရီ ၂၀မိနစ်လောက်ကြာပါတယ်။
ကွင်းထဲကို ဆင်းဖို့ စောင့်နေရလို့ပါ။  သိမ်ထပ်ဒါယိကာမ ဒေါ်ခင်လှိုင်မိသားစုလဲ လေယာဉ်တစ်စီးထဲလိုက်ပါလာကြတာပါ။ မူလက  ဒေါ်ခင်လှိုင်တို့မိသားစုကို ဒါဝင်ပြန်မယ့် လေယာဉ်ရှိရာ အင်တာနေ၇ှင်နယ် လေဆိပ်ကို သွားရောက်ပြီး လိုက်ပို့မည်ဟု စီစဉ်ထားသော်လည်း လိုက်မပို့ဖြစ်ခဲ့ပါ။ အဘယ့်ကြောင့်ဆိုသော် ဒေါ်ခင်လှိုင်က ၀ှီးချဲအသုံးပြုရသူဖြစ်တာကြောင့် လှည်းကိုတွန်းသူက လေဆိပ်အောက်ထပ်ကနေ တွန်းပြီး အင်တာနေ၇ှင်နယ် လေဆိပ်ကို သွားခြင်းကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းနဲ့ပဲ နှုတ်ဆက်ခဲ့ပါတယ်။
ပြီးတော့ မိမိနေထိုင်ရာဆီကို ရထားစီးပြီး ပြန်လာခဲ့ပါတယ်။

ဒါကြောင့် ငှက်ပျောမြို့တော်သို့ ဒုတိယအခေါက်ခရီးစဉ်ဟာဖြင့် စာရေးသူအဖို့ မမေ့နိုင်တဲ့ ခရီးတစ်ခု ဖြစ်ခဲ့ပါကြောင်း-------------








No comments: