မေ့ကျန်ပစ္စည်း
သြစီမှာ နေကြသူ အများစုဟာ စားစရာသောက်စရာကို တစ်ပတ်တစ်ခါ (သို့) နှစ်ပတ်တစ်ခါ ၀ယ်လေ့ရှိကြပါတယ်။ ပြီးရင် ရေခဲသေတ္တာထည့်ပြီး အချိန်တန်တော့ ထုတ်ပြီး ချက်စားလိုက်ကြတာပါပဲ။
စာရေးသူလဲ သြစီနေသူတစ်ဖြစ်နေတာကြောင့် နှစ်ပတ်ကို တစ်ခါဝယ်လေ့ရှိပါတယ်။ ပြီးတော့ ထုံးစံအတိုင်း ရေခဲသေတ္တာထဲထည့်ပေါ့။ တစ်ချို့သြစီ စစ်စစ် အဖြူတွေကတော့ တစ်ပတ်မှာ ငါးရက်လုပ်ပြီး ရလာတဲ့ငွေကို စနေ၊ တနင်္ဂနွေ နှစ်ရက်မှာ ကုန်အောင် သုံးလိုက်ကြတာပါပဲ။
များသောအားဖြင့် တစ်နေရာထဲမှာ ကိုယ်လိုချင်တာရနိုင်တဲ့ Woolworths, Cole, Big W တို့လို စူပါမားကတ်တွေမှာပဲ ၀ယ်ယူလေ့ရှိပါတယ်။ လှည်းတစ်စီးတွန်းပြီး ကိုယ်ကြိုက်တာ ထည့်၊ ပြီးရင် ငွေရှင်းပြီး ပြန်ထွက်လာရုံပါပဲ။ ဟိုတစ်လောတုန်းက စူပါမားကတ်တစ်ခုမှာ ကိုယ်ဝယ်ထားတဲ့ ပစ္စည်းတစ်ထုပ် ကျန်နေခဲ့ပါတယ်။ မိမိနေထိုင်ရာ ရောက်ပြီး စုံလားဆိုတာတောင် စစ်မနေပါဘူး။ နောက်နေ့ နံနက်စာစားခါနီးမှ ၀ယ်လာတဲ့ပစ္စည်း ကျန်နေခဲ့မှန်းကိုသိတော့တယ်။ ဒါတောင် ကားပေါ်မှာ ကျန်ခဲ့လေသလားလို့ ကားထဲမှာ သွားရှာပါသေးတယ်။ မတွေ့ပါ။ သေချာပါပြီ။ ၀ယ်ထားပြီး မေ့ကျန်ခဲ့ပါပြီ။
နောက်တစ်ပတ်လောက် ကြာတော့ အဲဒီစူပါမားကတ်ကို သွားပြီး နောက်ထပ်လိုချင်တာတွေ သွားဝယ်ပါတယ်။ ငွေရှင်းတဲ့အခါမှာ ကောင်တာက အမျိုးသမီးငယ်ကို ပါးစပ်ဆော့ပြီး အရင်အပတ်က ပစ္စည်းတစ်ထုပ်မေ့ကျန်ခဲ့တဲ့အကြောင်း ပြောမိပါတယ်။ အဲဒီအခါမှာ မေ့ကျန်ခဲ့တဲ့ ပစ္စည်းစာရင်းပါတဲ့ ဘောက်ချာပါရင် ပြန်ပေးမယ်လို့ ပြောပါတယ်။ နောက်နေ့မှ ထပ်လာပြီး ဘောက်ချာပြတော့ ကျန်နေတဲ့ ပစ္စည်းအားလုံးပြန်ရပါတယ်။ သူတို့ကလဲ ကျန်တဲ့ပစ္စည်းများကို စာရင်းနှင့်တကွ သိမ်းထားကြပါတယ်။ တော်တော်လေးကို အံ့သြသွားပါတယ်။ ငါတို့နိုင်ငံမှာဆိုရင်ရော---ဟုတွေးမိပါတယ်။ ငယ်ငယ်တုံးက ဈေးဝယ်ရင်း ဆိုင်မှာ ကျန်နေတဲ့ပစ္စည်းများ တစ်ခါမျှပြန်မရဘူးပါ။
နောက်ဖြစ်ရပ်တစ်ခုရှိပါသေးတယ်။ ကြာတော့ကြပါပြီ။ ကျောင်းတက်ပြီးပြန်လာရင်းဖြစ်တာပါ။ တက္ကသိုလ်က ဆစ်ဒနီမြို့ထဲမှာ ရှိပါတယ်။ ဆစ်ဒနီကနေ မိမိနေထိုင်ရာ မြို့ငယ်လေးကို ရထားစီးရင် မိနစ် ၅၀ ခန့်ကြာပါတယ်။ တစ်နေ့ကျောင်းက ပြန်အလာ သူငယ်ချင်းတွေ စကားတွေပြောပြီး ဘူတာရောက်တော့ ပီရူးသူကျောင်းသူတစ်ယောက်ဟာ စာကြည့်တိုက်က စာအုပ်တွေထည့်ထားတဲ့ အိပ်တစ်လုံး ရထားပေါ်မှာ မေ့ကျန်ခဲ့ပါလေရော။ မေ့ကျန်ခဲ့မှန်းကို စာကြည့်တိုက်ရောက်မှ သိတယ်။ ဒါနဲ့ ရထားဘူတာကို ပြန်ပြီး ရုံစောင့်ကို အကြောင်းကြားပါတယ်။ နောက်ထပ် ၁၅မိနစ်လောက်ကြာတော့ နောက်ရထားတစ်စီးနဲ့ ကျန်နေတဲ့ စာအုပ်ထုပ်ကို ပြန်ထည့်ပေးလိုက်ပါတယ်။ မည်သူတစ်ဦးတစ်ယောက်မျှ အဲဒီအထုပ်ကို ယူမသွားကြပါဘူး၊ ပီရူးသူလဲ သူ့အထုပ်ပြန်ရတော့ စာကြည့်တိုက်ကို ပြန်လျှော်ပေးဖို့မလိုတော့ဘူးပေါ့။
ငယ်ငယ်တုံးက ဘက်စ်ကားစီးစဉ် ကားပေါ်မှာ ရေးထားတဲ့ စာလေးတစ်ကြောင်းကို သွားပြီးအမှတ်ရလိုက်ပါတယ်။ အဲဒီစာလေးကတော့--- ကျန်ရှိပစ္စည်းတာဝန်မယူတဲ့-
မတူတာလေးတွေကိုပြောပါတယ်။ နောက်တစ်ပတ်မှ ဆုံကြတာပေါ့။
No comments:
Post a Comment