mgnaychi banner
- မူလစာမျက်နှာ
- လှည်းကူးမှု့ခင်း
- လှည်းကူးဘာသာရေး
- လှည်းကူးပညာရေး
- လှည်းကူးလူမှု့ရေး
- လှည်းကူးကျန်းမာရေး
- လှည်းကူးနိုင်ငံရေး
- ကဗျာ
- ကရုဏာရှင်အသင်း
- ဓမ္မပူဇာမင်္ဂလာအသင်း
- လှည်းကူးသမိုင်းအဖွဲ့
- လှည်းကူးစီးပွားရေး
- လှည်းကူးအရေးပေါ်ဖုန်းနံပါတ်များ
- လှည်းကူးကြေငြာချက်များ
- ပြည်တွင်းမှတ်စု
- ပြည်ပမှတ်စု
- ဆက်သွယ်ရန်
- ကိုယ်တိုင်ရေးမှတ်စု
- စာအုပ်စာပေ
- ခံစားနားဆင်ကြမယ်
Thursday, 31 January 2013
ရင်ခုန်သံနိဒါန်း မောင်စံ (သီတဂူ)
“ဆွမ်းတော်…ဗျို့”
“ဟောတော် ဆွမ်းခံတောင် ရောက်လာ ပြီ၊ ဒုက္ခပါပဲ”
ဆွမ်းတော်သံ ကြားလိုက်ရ သည်နှင့် ညိုထွေးစိတ်ထဲ ဗလောင်ဆူ သွားသည်။ ရင်တွေလည်း တဒိတ်ဒိတ် ခုန်နေသည်။ ကိုရင် သာချိုတောင် ကြွ လာနေပြီ၊ ဒီကသနပ်ခါး လိမ်းလို့မပြီး သေး။ ပါးကွက်တဖက်ကွက်ရန် ကျန်သေးသည်။ အင်္ကျီလည်းမဝတ်ရသေး၊ ထမီရင်ရှားနှင့် မှန်တင်ခုံရှေ့တွင် အလှပြင်နေဆဲ။
ညိုထွေး နေ့စဉ် နံက်တိုင်း ကိုရင်သာချို ကြွမလာခင် အားလုံးပြင်ဆင်ပြီးနေကျ၊ ဒီနေ့မှ ဘာကြောင့် အစောကြီးကြွလာရတာပါလိမ့်၊ ခက်တာပဲ ဘာလုပ်လို့ ဘာကိုင်ရမည် မသိတော့။ ဘီးကလေး ကောက်ကိုင် ပြီး ဆံတောက်လေးကိုပဲ ဖြီးရတော့မလား၊ သွားပွတ်တံလေးနဲ့ ပါးကွက်ကလေးကိုပဲ ဆွဲခြစ်ရတော့မလား၊
“ဟာ … မဟုတ်သေးပါဘူး ကြာနေရင် ကိုရင်သာချိုကို မတွေ့လိုက်ရတော့ပဲ နေလိမ့်မယ်”
ကမန်းကတန်း အင်္ကျီအပြာနု လက်စကလေးကို ကောက်ဝတ်၊ တဘက်လေးပုခုံးတင်၊ ဆွမ်းအုပ်လေးပိုက်ပြီး ခပ်သွက် သွက်လေး ထွက်လာခဲ့သည်။ အိမ်ရှေ့ရောက်တော့
“ဟာ မိုက်တယ်ကွာ၊ ညိုထွေးတို့များ လန်းချက်ကတော့ လက်ကုန်ပဲ”
“ဟင်! ကိုရင်သာချိုလည်း မဟုတ်ဘူး”
တောင်ပိုင်းက တာတီးတို့အုပ်စု၊ ခြံရှေ့ သစ်ပင်အောက်ကနေပြီး ညိုထွေးထွက်လာအောင် ဆွမ်းတော် သံပေးပြီး မျှားခေါ်လိုက်ခြင်းဖြစ်သည်။ တာတီးသည် ညိုထွေးကို အသည်းအသန် ပိုးပန်းနေသူ၊ မိဘများက ဥယျာဉ်ခြံလည်းစိုက်၊ အိမ်မှာ ဟာလာစက်လည်းရှိသဖြင့် တောသူဌေးစာရင်းတွင် ပါဝင်သည့်မိသားစု၊ ဆိုင်ကယ်တကားကားနှင့် မြို့တွင်သွားပြီး ကျောင်းတက်နိုင်သူဖြစ်ရာ ရွာမှာတော့စတားဟု ခေါ်ဆိုရလောက်သူ၊ သို့သော် ညိုထွေးက လုံးဝစိတ်မဝင်စား။
တာတီးတွင် တစ်ခုကောင်းသည်မှာ သူငယ်ချင်းများနှင့်ပျော်ပျော်ပါးပါး ထန်းရည်သောက်တတ်သော် လည်း ဟော့ဟော့ရမ်းရမ်း ဆိုးသွမ်းတာမရှိ၊ မည်သူ့ကိုမဆို ကိုယ်တတ်နိုင်သည့်ဘက်မှ ကူညီရန်အသင့်ရှိ နေသူ၊ ရပ်ရွာကိစ္စများတွင်လည်း တာတီးခေါင်းဆောင်သောအဖွဲ့က မခိုမကပ် အားတက်သရော ပါဝင်ကူညီ လုပ်ဆောင်လေ့ရှိကြသဖြင့် အများ၏ချစ်ခင်အားထားမှုကိုခံရသူ။ ရွာလယ်ပိုင်းက မိတုတ်တို့ အေးတင်တို့ အပျိုမအုပ်စုက တာတီးဆိုလျှင် အသေရရ အရှင်ရရ၊ သို့သော် တာတီးကတော့ ညိုထွေးမှ ညိုထွေးပင်။
————–
“ခွီး..ခွီး…ခွီး”
“ဟိတ်ကောင်တွေ ရှူး…”
ညိုထွေးကိုကြည့်ပြီး တာတီးသူငယ်ချင်းများက တခွီးခွီးရယ်ကြသည်။ တာတီးက သူ့လူတွေကို တံတောင်ဖြင့်တွက်ပြီး မရယ်ကြဘို့ ဟန့်တားသည်။ သို့သော်လည်း အရယ်မရပ်ကြ၊ တချို့ကဆို လက်ညှိုး ထိုးပြီး ခွက်ထိုးခွက်လန်ဖြစ်အောင်တောင် ရယ်ကြသည်။
“တော်တော် သိက္ခာမရှိတဲ့ အကောင်တွေ၊ ဟွန်း”
ညိုထွေး ရှက်ကိုးရှက်ကန်းဖြင့် မျက်နှာလေးအုပ်ပြီး အိမ်ထဲပြန်ပြေးဝင်လာခဲ့သည်။ အဖွားမြင်တော့-
“ဟဲ့ ဟဲ့ ဒီကလေးမ၊ ဘယ်လိုဖြစ်လာတာတုန်း”
“ဘယ်လိုဖြစ်ရမလဲ အဖွားရဲ့၊ ဟိုငမူးတွေပေါ့ ညိုထွေးကိုကြည့်ပြီး အခြောက်တိုက် ဝိုင်းရီနေကြတယ် လေ”
“အခြောက်တိုက် ဝိုင်းရီနေတာမဟုတ်ဘူး မယ်မင်းကြီးမရေ၊ ကိုယ့်ကိုကိုယ်လည်း မှန်ထဲပြန်ကြည့်ဦး၊ ပါးတစ်ဘက်က ပါးကွက်ပြောင်၊ နားနှစ်ဘက်က ပါးဟက်ထောင်သလိုပဲ၊ ပန်ထားတာက ပန်းအစစ်လည်း မဟုတ်ဘူး တို့ဖတ်ကြီး”
“ဟော တော်”!
ဒီတော့မှ ညိုထွေး မှန်ရှေ့ပြေးပြီး ကြည့်လိုက်သည်၊ ဟုတ်ပါ့။
“အဟီး… ရှက်လိုက်တာ”
လက်နှစ်ဘက်ဖြင့် မျက်နှာလေးကိုအုပ်ပြီး တစ်ယောက်တည်း ရှက်လို့မဆုံးတော့။
“ဒီကိစ္စ ဘာမှမဟုတ်ဘူး၊ ကိုရင်သာချိုကြောင့်ဖြစ်ရတာ၊ သူ့ကို မမီမှာစိုးလို့ ကမန်းကတန်းလုပ်ရင်း ဖြစ်သွားတာ၊ မုန်းဘို့ကောင်းလိုက်တာနော်… ဟွန်း”
ညိုထွေးတစိမ့်စိမ့်တွေးရင်း မှန်တင်ခုံရှေ့တွင် အကျထိုင်လိုက်သည်။ ဒီတခါတော့ ဘာမှအမှားအယွင်း မရှိရအောင် စိတ်တိုင်းကျ ဖြီးလိမ်းပြင်ဆင်ပြီး မှန်ရှေ့တွင် စောင်းလိုက် ငဲ့လိုက် ပြုံးကြည့်လိုက်ဖြင့် တစ်ယောက် တည်းအလုပ်ရှုပ်နေသည်။
ညိုထွေးက အပျိုဖျန်းလေးဖြစ်လာပြီ၊ စင်ယော်တောင်ပံ မျက်ခုံးကွေးကွေး နှစ်တန်းအောက်မှ မျက်နက်ဝန်းလေးများက ကြည်လင်ဝိုင်းစက်ပြီး တောက်ပနေသည်။ ပါးကွက်လေးတင်ထားသည့် ပါးပြင်လေး တွေကလည်း မို့မို့မောက်မောက်၊ နှင်းဆီနုရောင် နှုတ်ခမ်းလေးကလည်း ဖူးဖူးရွရွ၊ ပြုံးလိုက်သည့်အခါ ခွက်ဝင်သွားသည့် ပါးချိုင့်လေးတွေက ကာလသားများ၏စိတ်ကို ကစဉ့်ကရဲဖြစ်သွားစေနိုင်သည်။ ငယ်ငယ် တုန်းကလိုမဟုတ်တော့၊ ခါး ရင် တင် အလှတို့ကလည်း အချိုးတကျ ဖြစ်လာသည်။
ငယ်ငယ်တုန်းကတော့ ဒါတွေကိုဂရုမစိုက်၊ အလှပြင်ရကောင်းမှန်းလည်းမသိ၊ သူငယ်ချင်းများနှင့် ဆော့ကစားနေရလျှင်ပြီးသည်။ သူငယ်ချင်းဆိုပေမယ့် ညိုထွေးအရင်းနှီးဆုံးပေါင်းသည်ကား သာချို တစ် ယောက်သာ။ သာချိုက အိမ်နီးနားချင်း သူငယ်ချင်း၊ အပေါင်းအသင်းလည်း များများမထား။ သို့သော် ညိုထွေး ကိုတော့ခင်သည်။ ကျောင်းသွားတော့လည်း အတူတူ၊ ဘာပဲစားစား စားတော့လည်း နှစ်ယောက်အတူတူ ဝေမျှ စားကြသည်။
မိုးလင်းသည်နှင့် သာချိုက ညိုထွေးအိမ်ကိုရောက်ရင်ရောက်၊ မရောက်ရင် ညိုထွေးက သာချို့အိမ်ကို ရောက်လာလေ့ရှိသည်။ ပြီးလျှင် ဟိုအသီးခူး ဒီအရွက်ခူး ခူးပြီး အိုးပုတ်များဖြင့် ထွေလီကာလီ ကစားကြသည်။ တခါတရံ အိမ်ပြူတင်းပေါက် (ဒူးပိတ်) တွင် အဖေ့ပုဆိုးကို ကန့်လန့်ကာအဖြစ်အသုံးပြုကာ ဇာတ်ပွဲ အငြိမ့်ပွဲ လုပ်တမ်းကစားကြသည်။ နှစ်ယောက်သား ပါးစပ်ဆိုင်းတီးပြီး ကရင်း ရွှံ့ရုပ်ဓာတ်စက်တွေ ခဏခဏကျ ကွဲသည်။ တခါတရံ ကျွန်းသေတ္တာကြီးပေါ်တက်ကာ သာချိုက ခေါင်းပေါင်းပေါင်းပြီး ရှေ့က နွားလှည်းမောင်းရင် ညိုထွေးက နောက်နားမှာကပ်ထိုင်ပြီး ငြိမ့်တောင့်ငြိမ့်တောင့်နှင့် လိုက်ပါလာတတ်သည်။ ဤသို့ ရှေ့သွား နောက်လိုက်ညီသော အတွဲဖြစ်သည်။
——————
မှတ်မိသေးသည် သူငယ်တန်းကျောင်းသားဘဝက တစ်နေ့တွင် အစ်ကိုအစ်မများနှင့်အတူ ကျောင်း သွားရင်း မိုးမိကြသည်။ ကျောင်းရှေ့ ဗွက် ထဲတွင် ညိုထွေးချော်လဲသဖြင့် အစ်ကိုအစ်မတွေက ရေနဲ့ဆေးပေးပြီး အတန်းထဲလိုက်ပို့ကာ ဆိုင်ရာဆိုင်ရာ သူတို့အတန်းများဆီ ထွက်သွားကြသည်။
ညိုထွေး ရေစိုကြီးဖြင့် ကျောင်းမတက်ချင်၊ အိမ်ပြန်ချင်သည် ဆိုသဖြင့် သာချိုလည်း ကျောင်းမတက် တော့ဘဲ ညိုထွေးနှင့်အတူ အိမ်ပြန်လိုက်လာခဲ့သည်။ မိုးက တဖွဲဖွဲ၊ အိမ်ကို လယ်ကွင်းဘက်မှဖြတ်ပြန်ကြရာ ထိုးပြီးခါစ ထယ်ခဲများအပေါ် နင်းဖြတ်ကျော်လွှားရသဖြင့် ချော်ချွတ်ပြီး ယိမ်းထိုးနေကြသည်။ မလဲအောင် တစ်ယောက်လက် တစ်ယောက်ချိတ်ကာ ဖေးမမှီတွဲလာရင်းက လေတစ်ချက်ဆောင့် အတိုက်လိုက်မှာ ဆောင်း ထားတဲ့မိုးကာ လွင့်ပါသွားလို့ လိုက်ဖမ်းရင်း နှစ်ယောက်စလုံး ထယ်ဖတ်ကြားထဲ ချော်လဲလုံးထွေး ကျသွားခဲ့ သေးသည်။
တတွဲတွဲရှိလွန်းသည့် သာချိုနဲ့ညိုထွေးကို အဖေ အမေ အစ်ကို အစ်မတွေက ချစ်စနိုးဖြင့်စကြသည်။ ပေးစားကြသည်။ ပေးစားဖန်များလာ သည့်အခါ သာချိုက ရှက်တတ်သဖြင့် ညိုထွေးကိုစကားမပြောတော့ဘဲ ရှောင်လာသည်။ သာချို ရှောင်တော့ ညိုထွေးကလည်း ရှောင်ရသည်ပေါ့။ သို့သော် တစ်ယောက်အပေါ် တစ် ယောက် ခင်မင်မှုသံယောဇဉ် ရှိနေသေးသည်ဆိုတာတော့ သူ့နည်းနှင့်သူ နားလည်နေကြသည်။
———————
တစ်န့ အစ်ကိုအစ်မတို့အပါအဝင် အိမ်နီးနားချင်းကလေးများ စုပေါင်းပြီးတူတူပုန်းတမ်းကစားကြ သည်။ ထိုအထဲတွင် သာချိုနှင့်ညိုထွေးက အငယ်ဆုံးဖြစ်သည်။ အကြီးများကဲ့သို့ မလျှင်မြန်သည့်အတွက် သာချိုမှာ ခွေးရူးဘဝက မလွတ်ဘဲဖြစ်နေလေသည်။
တူတူပုန်းတမ်းကစားနည်းကို ခွေးရူးလုပ်တမ်းကစားနည်းဟုလည်းခေါ်သည်။ ပါဝင်ကစားကြမည့်သူ များအားလုံး တစ်ယောက်ပြီးတစ်ယောက် ကျားဗိုလ်ဆွဲရသည်။
ကျားဗိုလ်ဆွဲရာတွင် နောက်ဆုံးကျန်သည့်သူက ခွေးရူးလုပ်ရသည်။ ခွေးရူးလုပ်ရသူက တစ်လံသာသာစည်းဝိုင်းအတွင်း ခွက်တစ်လုံးနှင့် ဒုတ်တစ်ချောင်းကိုင်၍ မျက်စိမှိတ်ကာ တစ် နှစ် သုံး လေး ဂဏန်းစဉ် ၅၀/၁၀၀ ထိ ရွတ်ဆိုနေရသည်။ ထိုအချိန်အတွင်း ပုန်းသူများက အပြီးပုန်းရသည်။
ခွေးရူးလုပ်သူက ဂဏန်းစဉ်ရေပြီးသည့်အခါ မျက်စိမဖွင့်ခင် “တူပြီလား…”ဟု အော်မေးရသည်။ ထိုအခါ ပုန်းနေသူတစ်ယောက်ယောက်က “တူ…” ဟုပြန်အော်လိုက်လျှင် မျက်စိဖွင့်ကာ “တူပြီဆိုလို့ ဒို့လာပြီ၊ ငါမခေါ်ခင် ခွက်အရင်ကန်တဲ့သူ ခွေးရူး” ဟုအော်ပြောပြီး ပုန်းနေသူတွေကို လိုက်ရှာရသည်။ တွေ့လျှင် စည်းဝိုင်းအတွင်းသို့ပြန်လာကာ ပထမဆုံးတွေ့ရှိသူ၏ နာမည်ကိုခေါ်၍ “တစ် နှစ် သုံး” ဟုဆိုကာ ခွက်ကို ခေါက်ရသည်။
နောက်လူများကိုလည်း ထိုနည်းတူ ခေါ်၍ခေါက်ရသည်။ အားလုံးကို ဖေါ်ထုတ်နိုင်လျှင် ခွေးရူးဘဝက လွတ်မြောက်မည်ဖြစ်ပြီး ပထမဆုံးအမိခံရသူက ခွေးရူးဝင်လုပ်ရသည်။ သို့သော် တစ်ယောက်ယောက်က သူ့ နာမည်အခေါ်မခံရခင် စည်းဝိုင်းအတွင်းရှိခွက်ကို ပြေးပြီးကန်ထုတ်နိုင်လျှင် ခွေးရူးသည်နောက်တစ်ကြိမ်တွင် လည်း ခွေးရူးပင်ပြန်လုပ်ရသည်။ သာချိုသည် ထိုနည်းဖြင့် ခွေးရူးဘဝက မလွတ်မြောက်နိုင်ဘဲ ဖြစ်နေသည်။
ငိုမဲ့မဲ့ဖြစ်နေသော သာချိုကိုကြည့်ကာ ညိုထွေးသနားလာသည်။ သို့သော် မခေါ်သည့်အတွက် အားပေးစကားလည်း သွားမပြောနိုင်။
“အဲ ဟုတ်ပြီ၊ အကြံရပြီ၊ ဒီတကြိမ်ပြန်ပုန်းကြရင် ညိုထွေး ပထမဦးဆုံး အမိခံလိုက်မည်၊ ပြီးလျှင် လာ ကယ်သူတွေ ခွက်ကိုမကန်နိုင်ခင် သာချိုမြင်အောင် သတိပေးမည်။ ဒါဆို သူ ခွေးရူးဘဝကလွတ်နိုင်မည်၊ သူ့နေရာကိုဝင်၍ ခွေးရူးလုပ်ရမည်၊ လုပ်ရပလေ့စေ” ညိုထွေး ကိုယ့်စိတ်ကူးနှင့်ကိုယ် ကျေနပ်နေသည်။
နောက်တစ်ကြိမ်ပြန်ပုန်းကြသည်။ ညိုထွေးသည် သာချိုအလွယ်တကူ မြင်နိုင်လောက်မည့် နေရာတွင် ပုန်းနေသည်။ သာချို ငိုမဲ့မဲ့ဖြင့် လိုက်ရှာသည်။ ဟော… တွေ့ပြီ၊ ညိုထွေးကိုတွေ့သဖြင့် သာချိုစည်းဝိုင်းအတွင်း သို့ပြေးကာ “ဟော့ဒီမှာ ညို……” ဟုတဝက်တပျက်ခေါ်ပြီး ရပ်သွားသည်။
ခွက်ကိုခေါက်ဘို့ ရွယ်ထားသော လက်သည်လည်း လေထဲတွင်ရပ်တန့်နေသည်။
ညိုထွေး သာချို့ကိုကြည့်နေသည်၊ သာချိုကလည်း ညိုထွေးကိုကြည့်ပြီး “အင်း… သူလည်း ငါ့လိုပဲ ခွေးရူးဘဝက မလွတ်ပဲ ဖြစ်နေပါလိမ့်မယ်လေ” ဟုတွေးကာ ခွက်ကိုမခေါက်ဖြစ်တော့ပေ။
ထိုအချိန် တာတီးသည် သာချို့နောက်မှ တိတ်တဆိတ်ပြေးလာကာ စည်းဝိုင်းအတွင်းမှခွက်ကို ကန်ထုတ်လိုက်သည်။ တာတီးသည် ညိုထွေးကို မိထားပြီထင်၍ လာကယ်ခြင်းဖြစ်သည်။ သို့သော် နာမည် မခေါ်ရသေးမီး ခွက်ကိုကန်မိသည့်အတွက် တာတီးခွေးရူးဖြစ်သွားသည်။ တာတီးသည် သာချိုနှင့် ညိုထွေးကို မကျေမချမ်းဖြင့်ကြည့်ကာ ခွေးရူးဝင်လုပ်ရတော့သည်။ သာချိုကတော့ ဘယ်လိုနေမည်မသိ၊ ညိုထွေးကတော့ သာချိုခွေးရူးဘဝက လွတ်မြောက်သွားသည့်အတွက် အရမ်းဝမ်းသာနေသည်။
——————
“အဲဒီကတည်းက နင့်ကို ချစ်နေမိတာ ကောင်စုတ်ရဲ့၊ အဟီးဟီး”
“ဟဲ့ ညိုထွေး၊ မှန်ရှေ့မှာတစ်ယောက်တည်း ပြုံးလိုက် မဲ့လိုက် စကားတွေပြောလိုက်နဲ့ ဘယ်လိုဖြစ် နေတာလဲ၊ အိမ်ရှေ့မှာ ဆွမ်းခံကြွလာပြီ၊ ဆွမ်းသွားလောင်းလိုက်ဦးလေ”
“ဟောတော်! ဟုတ် ဟုတ်ကဲ့ အဖွား”
မှန်တင်ခုန်ရှေ့ တစ်ယောက်တည်း စိတ်ကူးတွေယဉ်လာလိုက်တာ ဘယ်လောက်ကြာသွားသည်မသိ၊ ကိုရင်သာချိုတောင် ဆွမ်းခံကြွလာပြီတဲ့၊ အဟီး ဟင်းခိုးစားတာ လူမိသွားသလိုပဲ ရှက်လိုက်တာ။ ညိုထွေး ပါးကွက်လေးအပေါ် တို့ဖတ်လေးနဲ့ တစ်ချက်နှစ်ချက်ပုတ်၊ ဖွေးဖွေးလေးပေါ်နေတဲ့ခါးကို ဖုံးမိအောင် အင်္ကျီစ ကိုဆွဲချ၊ ပုဝါပါးပါးလေး ပုခုံးပေါ်တင်ပြီး ဆွမ်းအုပ်လေးပိုက်ကာ လှလှပပလေး ထွက်လာခဲ့သည်။
ဒီနေ့ ညိုထွေးရင်တွေ ပိုပြီးခုန်နေသည်၊ လျှောက်နေရသည့် ခြေလှမ်းတွေကလည်း မမှန်ချင်၊ ကိုင်ထား သည့်ဆွမ်းအုပ်တောင် လက်ထဲကပြုတ်ကျတော့မတတ်၊ ဒီနေ့ ဘယ်လိုဖြစ်နေသည်ကိုမသိ၊ ဆွမ်းလောင်း တော့လည်း လက်ကလေးများပင် တဆတ်ဆတ်တုန်နေသည်။
ကိုရင်သာချို သူ့ကိုများကြည့်နေမလား၊ ကြည့်ပါ ကြည့်ပါ ခုလိုလှနေအောင် ပြင်ထားတာကလည်း ကိုရင်သာချိုကြည့်ဘို့အတွက်ပဲလေ။ သိပါတယ် ညိုထွေးကို ခိုးကြည့်နေမယ်ဆိုတာ၊ အမယ် “ရှူး…” တဲ့ အသံ ကြားလိုက်တယ်၊ ဒါ ညိုထွေးရဲ့ပါးပေါ်က ရွှေဘိုသနပ်ခါးနံ့လေးကို လှမ်းရှူလိုက်တဲ့သဘောပေါ့၊ ဘယ့်နှယ်လဲ လှတယ်မဟုတ်လား၊ ညိုထွေး ဆွမ်းလောင်းရင်း မသိမသာ မျက်လုံးလေး ပင့်ကြည့်လိုက်သည်။ ဟင် ကိုရင်သာချို သူ့ကိုလည်း မကြည့်ပါလား၊ မျက်လုံးကြီး စုံမှိတ်ပြီး တောင့်တောင့်ကြီးရပ်နေသည်။
“ဟွန်း ဣနြေ္ဒကြီးတခွဲသားနဲ့၊ သူ့ကိုယ်သူ ဝါတော်လေးငါးဆယ်ရ ပုဂ္ဂိုလ်ကြီးများ မှတ်နေလားမသိဘူး၊ အူယားလိုက်တာနော်၊ စိတ်ရှိလက်ရှိ မျက်နှာကြီးဆွဲလှည့်ပြီး ညိုထွေးအလှကို ပြလိုက်ရရင် ဒီကိုယ်တော် ဈာန်လျှောတော့မယ်”
ဆွမ်းလောင်းပြီး ညိုထွေး ဆွမ်းအုပ်လေး ဘေးချကာ ထိုင်ဦးချနေစဉ်အတွင်း ကိုယ်တော်ချောက မျက်လွှာချပြီး ကြွတော်မူသွားပြီ၊ ညိုထွေးကို တစက်လေးမှ စောင့်ငဲ့မကြည့်။ တစ်မနက်လုံး ပြင်ဆင်ထား လိုက်ရတာ အခုတော့ အလကားဖြစ်ကုန်ပြီ၊ ညိုထွေးတော်တော်မကျေမနပ်ဖြစ်ပြီး ကျန်ခဲ့သည်။
“ဒီမှာ ကိုရင်သာချို၊ ဣနြေ္ဒကြီးတခွဲသားနဲ့ သိပ်ကြီးကျယ်မနေနဲ့၊ ညိုထွေးရဲ့အလှမှာ ရစ်ဝဲနေတဲ့ ပျား ပိတုံးတွေ တပုံကြီးရှင့် သိရဲ့လား။ ဒီတစ်ခါ ရှင် ကျောက်ရုပ်ကြီးလို ဆက်ပြီးလုပ်နေဦးမယ်ဆိုရင်တော့ တောင်ပိုင်းက တာတီးကိုပဲ အဖြေပေးလိုက်တော့မယ်”
“တကယ် ပြောတာလား ညိုထွေး”
“ဟောတော် တာတီး“
http://moemaka.com/?p=31727
Wednesday, 30 January 2013
လယ်သမားများ အကြွေးဆပ်နိုင်ရန် ထမင်းတစ်နပ်လျှော့စားသင့်ကြောင်း လယ်ဆည်ဝန်ကြီး အကြံပြု
ရန်ကုန်၊ဇန်န၀ါရီ-၂၈
လယ်ယာစိုက်ပျိုးရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးမြင့်လှိုင်က အကြွေးကင်းအောင် နေထိုင်နည်းကို မျှဝေရင်း လယ်သမားများ အကြွေးဆပ်ရန် တစ်ရက်လျှင်ထမင်းတစ်နပ် လျှော့စားသင့်ကြောင်း ဓနုဖြူမြို့နယ်၌ လယ်သမားများနှင့် တွေ့ဆုံပွဲတွင် ပြောခဲ့ကြားသည်။
“ယခင်ရှိရင်းစွဲ အကြွေးတွေကိုလည်း စားစရာမရှိ လျော်စရာရှိ ဆိုသလိုပေါ့။ ငါ့အကြွေးမြန်မြန် ကျေအောင် ထမင်းတစ်နပ်လျှော့စားမယ်။ ဒီလိုဆို တစ်လပြည့်ရင် ဘယ်လောက်ဆပ်နိုင်မလဲ။ ခြောက်လပြည့် ဘယ်လောက်ဆပ်နိုင်မလဲ။ ငါ့မိသားစုနှင့်အတူ လျှော့စားမယ်။ ဥပုသ်စောင့်တဲ့ သဘောပေါ့။ ကုသိုလ်လည်းရ၊ ၀မ်းလည်း
ဝပေါ့။ ဥပုသ်စောင့်မယ်ဆိုတဲ့ စိတ်နဲ့ဆို အကြွေးကျေသွားမယ်။ အကြွေးမကျေရင် သံသရာထဲက မလွတ်နိုင်ဘူး။ နောင်ဘ၀မှာ ကျွန်ဖြစ်လိမ့်မယ်” ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
အကြွေးဆပ်နိုင်ရန် ထမင်းတစ်နပ်လျှော့စားရန် အကြံပေးခြင်းထက် ပြည်ထောင်စုဝန်ကြီးတစ်ဦးအေ နဖြင့် ထို့ထက်ကောင်းမွန်သော နည်းလမ်းကောင်းများ ရှာပေးသင့်ကြောင်း မြန်မာနိုင်ငံဆန် စပါးလုပ်ငန်းအသင်းမှ တာဝန်ရှိ သူများကဆိုသည်။
“အကြွေးကျေဖို့ဆိုရင် ထမင်းတစ်နပ် လျှော့စားရုံတင်မကဘူး။ ဆန်ပြုတ်သောက်ဆိုရင်လည်းသော က်မယ်” ဟု ဓနုဖြူမြို့နယ် နှဲကျိုးကျေးရွာအုပ်စုမှ လယ်သမားကြီး ဦးသိန်းအောင်ကလည်း ဆိုသည်။
လယ်သမားများအနေဖြင့် ယူထားသည့် အကြွေးများကို အကျေအလည်ပြန်ဆပ်မှသာ လာမည့် မိုးရာသီတွင် တစ်ဧကကို ကျပ်တစ်သိန်းချေးငွေကို ရယူနိုင်မည်ဖြစ်သည်။ ထို့အပြင် လယ်ယာမြေမှတ်ပုံတင်ကိုလည်း အကြွေးကျေမှ ထောက်ခံပေးမည်ဟု သတင်းရရှိသည်။
“ပြီးခဲ့တဲ့နှစ်ရက်လောက်က ကျွန်တော် ဆရာဦးမောင်အေးဆီသွားတော့ သံသရာကြွေးမပါအောင် လယ်သမားတွေ ဒုက္ခမရောက်အောင်လုပ်ဖို့ ပြောလိုက်တယ်” ဟု ဦးမြင့်လှိုင်ကဆိုသည်။
ပြည်ထောင်စုဝန်ကြီးက ကြွေးကင်းစွာနေထိုင်နိုင်ခဲ့ သော ၎င်း၏ ငယ်ဘ၀အကြောင်းကို လယ်သမားများအား ရှင်းပြသည်။ ထို့အပြင် ကြွေးကင်းသူများဖြစ်အောင်လည်း လယ်သမားများကို တိုက်တွန်းခဲ့သည်။
ကုမ္ပဏီများ၏ အကြွေးနှင့်ပတ်သက်၍လည်း အကျေအလည်ပြန်ပေးဆပ်ရန် လယ်သမားများကို ပြောကြားခဲ့သည်။ သို့မှသာ စေတနာဖြင့် လယ်သမားများ အကျိုးလာရောက် ဆောင်ရွက်ပေးနေသော လုပ်ငန်းရှင်များအတွက် ပိုအဆင်ပြေ လုပ်နိုင်ကိုင်နိုင်မည်ဟု ပြည်ထောင်စုဝန်ကြီးကဆိုသည်။
“တောင်သူများအတွက် ဖြစ်နိုင်ရင် ၀င်ဆပ်ပေးချင်တယ်။ လယ်သမားတွေ ဆင်းရဲတာ ကျွန်တော်လည်း စိတ်မချမ်းသာဘူး” ဟု ဦးမြင့်လှိုင်ကဆိုသည်။
လယ်သမားများ အကြွေးကျေ၍ လယ်ယာမြေမှတ်ပုံတင်ရရှိပါက ဘဏ်များ၌ လယ်ယာမြေပေါင်နှံနိုင်ရန် ထောက်ခံပေး မည်ဟုလည်း ပြောကြားသည်။
လယ်ယာမြေကို ဘဏ်များ၌ ပေါင်နှံခွင့်ရမည်ဆိုပါက ဒေသပေါက်ဈေး၏ ၃၀ ရာခိုင်နှုန်းခန့် ချေးခွင့်ရရန် ထောက်ခံပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးကပြောကြားသည်။
“နေပြည်တော်က လယ်တွေဆို တစ်ဧက ကျပ်သိန်း ၁၀၀ လောက်ရတယ်။ အဓိက လယ်တွေကို မြေပြင်ဖို့လိုတယ်” ဟု ဦးမြင့်လှိုင်က လယ်သမားများအား ပြောကြားသည်။
လက်ရှိအချိန်တွင် လယ်မြေပြုပြင်မှုစရိတ်မှာ တစ်ဧကလျှင် ကျပ်သိန်းများစွာ ကုန်ကျသောကြောင့် လယ်သမားအများစုမှာ မပြုလုပ်နိုင်ကြပေ။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးစရိတ်ချေးငွေရယူထားသော
ဧရာဝတီတိုင်းဒေသကြီးမှ လယ်သမားများမှာ အကြွေးပြန်ဆပ်ငွေ အပြည့်အ၀ရခဲ့ပြီး
ယခုနှစ်အတွက်မူ စိုက်ပျိုးစရိတ်များ မသိမ်းရသေး၍ မသိရသေးကြောင်းလည်း
အဆိုပါဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ သို့သော်
ဆန်စပါးအထူးပြုကုမ္ပဏီများမှ
ချေးငွေများကိုမူ ဧရာဝတီတိုင်းဒေသကြီးရှိ ဓနုဖြူမြို့ နယ်မှ လယ်သမားများ
ပြန်ပေးဆပ်နိုင်မှုမှာ ယခုနှစ်တွင် ၆၀ ရာခိုင်နှုန်း ၀န်းကျင်သာ
ရှိသေးကြောင်းလည်း သတင်းရရှိသည်။
From: 7days Journal
လယ်ယာစိုက်ပျိုးရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးမြင့်လှိုင်က အကြွေးကင်းအောင် နေထိုင်နည်းကို မျှဝေရင်း လယ်သမားများ အကြွေးဆပ်ရန် တစ်ရက်လျှင်ထမင်းတစ်နပ် လျှော့စားသင့်ကြောင်း ဓနုဖြူမြို့နယ်၌ လယ်သမားများနှင့် တွေ့ဆုံပွဲတွင် ပြောခဲ့ကြားသည်။
“ယခင်ရှိရင်းစွဲ အကြွေးတွေကိုလည်း စားစရာမရှိ လျော်စရာရှိ ဆိုသလိုပေါ့။ ငါ့အကြွေးမြန်မြန် ကျေအောင် ထမင်းတစ်နပ်လျှော့စားမယ်။ ဒီလိုဆို တစ်လပြည့်ရင် ဘယ်လောက်ဆပ်နိုင်မလဲ။ ခြောက်လပြည့် ဘယ်လောက်ဆပ်နိုင်မလဲ။ ငါ့မိသားစုနှင့်အတူ လျှော့စားမယ်။ ဥပုသ်စောင့်တဲ့ သဘောပေါ့။ ကုသိုလ်လည်းရ၊ ၀မ်းလည်း
ဝပေါ့။ ဥပုသ်စောင့်မယ်ဆိုတဲ့ စိတ်နဲ့ဆို အကြွေးကျေသွားမယ်။ အကြွေးမကျေရင် သံသရာထဲက မလွတ်နိုင်ဘူး။ နောင်ဘ၀မှာ ကျွန်ဖြစ်လိမ့်မယ်” ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
အကြွေးဆပ်နိုင်ရန် ထမင်းတစ်နပ်လျှော့စားရန် အကြံပေးခြင်းထက် ပြည်ထောင်စုဝန်ကြီးတစ်ဦးအေ
“အကြွေးကျေဖို့ဆိုရင် ထမင်းတစ်နပ် လျှော့စားရုံတင်မကဘူး။ ဆန်ပြုတ်သောက်ဆိုရင်လည်းသော
လယ်သမားများအနေဖြင့် ယူထားသည့် အကြွေးများကို အကျေအလည်ပြန်ဆပ်မှသာ လာမည့် မိုးရာသီတွင် တစ်ဧကကို ကျပ်တစ်သိန်းချေးငွေကို ရယူနိုင်မည်ဖြစ်သည်။ ထို့အပြင် လယ်ယာမြေမှတ်ပုံတင်ကိုလည်း အကြွေးကျေမှ ထောက်ခံပေးမည်ဟု သတင်းရရှိသည်။
“ပြီးခဲ့တဲ့နှစ်ရက်လောက်က ကျွန်တော် ဆရာဦးမောင်အေးဆီသွားတော့ သံသရာကြွေးမပါအောင် လယ်သမားတွေ ဒုက္ခမရောက်အောင်လုပ်ဖို့ ပြောလိုက်တယ်” ဟု ဦးမြင့်လှိုင်ကဆိုသည်။
ပြည်ထောင်စုဝန်ကြီးက ကြွေးကင်းစွာနေထိုင်နိုင်ခဲ
ကုမ္ပဏီများ၏ အကြွေးနှင့်ပတ်သက်၍လည်း အကျေအလည်ပြန်ပေးဆပ်ရန် လယ်သမားများကို ပြောကြားခဲ့သည်။ သို့မှသာ စေတနာဖြင့် လယ်သမားများ အကျိုးလာရောက် ဆောင်ရွက်ပေးနေသော လုပ်ငန်းရှင်များအတွက် ပိုအဆင်ပြေ လုပ်နိုင်ကိုင်နိုင်မည်ဟု ပြည်ထောင်စုဝန်ကြီးကဆိုသည်။
“တောင်သူများအတွက် ဖြစ်နိုင်ရင် ၀င်ဆပ်ပေးချင်တယ်။ လယ်သမားတွေ ဆင်းရဲတာ ကျွန်တော်လည်း စိတ်မချမ်းသာဘူး” ဟု ဦးမြင့်လှိုင်ကဆိုသည်။
လယ်သမားများ အကြွေးကျေ၍ လယ်ယာမြေမှတ်ပုံတင်ရရှိပါက ဘဏ်များ၌ လယ်ယာမြေပေါင်နှံနိုင်ရန် ထောက်ခံပေး မည်ဟုလည်း ပြောကြားသည်။
လယ်ယာမြေကို ဘဏ်များ၌ ပေါင်နှံခွင့်ရမည်ဆိုပါက ဒေသပေါက်ဈေး၏ ၃၀ ရာခိုင်နှုန်းခန့် ချေးခွင့်ရရန် ထောက်ခံပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးကပြောကြာ
“နေပြည်တော်က လယ်တွေဆို တစ်ဧက ကျပ်သိန်း ၁၀၀ လောက်ရတယ်။ အဓိက လယ်တွေကို မြေပြင်ဖို့လိုတယ်” ဟု ဦးမြင့်လှိုင်က လယ်သမားများအား ပြောကြားသည်။
လက်ရှိအချိန်တွင် လယ်မြေပြုပြင်မှုစရိတ်မှာ တစ်ဧကလျှင် ကျပ်သိန်းများစွာ ကုန်ကျသောကြောင့် လယ်သမားအများစုမှာ မပြုလုပ်နိုင်ကြပေ။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ
From: 7days Journal
Sunday, 27 January 2013
Saturday, 26 January 2013
အလင်းစေတမန်ယဉ်ကျေးလိမ္မာသင်တန်း အတွက် စာရင်းပေးနိုင်ပြီ
အလင်းစေတမန် ယဉ်ကျေးလိမ္မာသင်တန်းကို ရန်ကုန်တိုင်ဒေသကြီး၊
လှည်းကူးမြို့နယ်၊ စိုင်ဒီကုန်းကျေးရွာ သဒ္ဒမ္မသုစိန္တာကျောင်းတိုက်တွင်
နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ရာ သုံးကြိမ်တိုင်ခဲ့ပြီဖြစ်ပါသည်။ လေးကြိမ်မြောက်သင်တန်းကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပေးမည်ဖြစ်ရာ ယနေ့မှစတင်ပြီး ဆက်သွယ်နိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါသည်။
နေရာ။ ၊ ရန်ကုန်တိုင်ဒေသကြီး၊
လှည်းကူးမြို့နယ်၊ စိုင်ဒီကုန်းကျေးရွာ၊သဒ္ဒမ္မသုစိန္တာကျောင်းတိုက်
ဖွင့်မည့်နေရက်။ ။၁၃၇၄-ခုနှစ်၊ တပေါင်းလပြည့်ကျော် (၂)ရက်။ (၂၈-၀၃-၂၀၁၃) မွန်းလွဲ ၁-နာရီ။
ဆက်သွယ်ရန်။ ရန်ကုန်တိုင်ဒေသကြီး၊
လှည်းကူးမြို့နယ်၊ စိုင်ဒီကုန်ကျေးရွာ သဒ္ဒမ္မသုစိန္တာကျောင်းတိုက်၊ ဖုန်းနံပါတ်- ၀၉ ၄၂၀၀ ၃၆ ၂၇၀
သင်တန်းတက်ရောက်လိုသူ၏ အရည်အချင်း။ ၊ အနည်းဆုံး တတိယတန်းရောက်သူမှ စတင်ပြီး တက်ရောက်သင်ကြားနိုင်ပါသည်။ Tuesday, 22 January 2013
Thursday, 17 January 2013
ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၃၂)
“အကယ်၍ ဒေါက်တာ မိုက်ကယ်အဲရစ်အား ပြည်ဝင်ခွင့်ဗီဇာ ပေးရန် မြန်မာအစိုးရက
ဆက်လက် ငြင်းဆန်မည် ဆိုလျှင် လူသားချင်း စာနာမှုအရ ခွင့်မပြုနိုင်သော
လုပ်ရပ် ဖြစ်ပါမည်။ ဗြိတိသျှ တော်ဝင်မိသားစု အနေဖြင့် မြန်မာ အစိုးရက ဗီဇာ
ထုတ်ပေးနိုင်ရန် ပူးတွဲဆောင်ရွက် သွားမည် ဖြစ်ပါသည်” လို့ ချားလ်စ်
မင်းသားရဲ့ စာမှာ ဖော်ပြထားတာပါ။ ကျွန်မတို့လည်း ဒီစာဟာ ဒီ့ထက် စောပြီးများ
ရောက်လာခဲ့ရင်လို့ တွေး မိကြပါတယ်။
မသီတာ-စမ်းချောင်း http://www.myanmarij.com/%e1%80%b1%e1%80%92%e1%81%9a%e1%80%b1%e1%80%a1%e1%80%ac%e1%80%84%e1%80%b9%e1%80%86%e1%80%94%e1%80%b9%e1%80%b8%e1%80%85%e1%80%af%e1%81%be%e1%80%80%e1%80%8a%e1%80%b9-%e1%81%83%e1%81%82/
မိုက်ကယ်ဟာ သူ့အတွက် အချိန်
များများစားစား မကျန်တော့ဘူး လို့ သဘောပေါက်ချိန်မှာ မြန်မာ ပြည်ကို
သွားနိုင်တုန်း၊ လမ်းလျှောက်နိုင်တုန်း သွားကာ စုအနားမှာ အချိန်
နည်းနည်းလေးဖြစ်ဖြစ် နေခွင့်ရအောင် ကြိုးစားခဲ့ပါတယ်။ မြန်မာ့
စစ်အစိုးရကတော့ မိုက်ကယ့်ကို ဗီဇာမပေးရုံမကဘဲ စုရဲ့ တယ်လီဖုန်း ကိုတောင်
ဖြတ်တောက် ပစ်လိုက်ပါတော့တယ်။ ဒီတော့ မိုက်ကယ့်မှာ စုရဲ့ အသံကလေး
ကိုတောင်မှ မကြားနိုင်ခဲ့တာ နှစ်ကာလများစွာ ပါပဲ။
မိုက်ကယ်က စုကို အင်္ဂလန်က အိမ်ကို
ပြန်လာဖို့ မပြောခဲ့ပါဘူး။ စုအနေနဲ့ အင်္ဂလန်ကို လာခဲ့ရင် မြန်မာပြည် ကို
ပြန်လာလို့ ရမှာမဟုတ်ဘူးလို့ မိုက်ကယ်က သဘောပေါက် ခဲ့ပါတယ်။
အဲဒီလိုသာဖြစ်ခဲ့ရင် စုက သူ့နိုင်ငံ အတွက် လုပ်ခဲ့တာတွေ အားလုံး
အလဟဿဖြစ်သွားမှာ ပဲလေ။ မိုက်ကယ့်အနေနဲ့ အဲဒီလို မဖြစ်ရအောင် ဘယ်လို
ကိစ္စမျိုးကိုမဆို ရင်ဆိုင်သွားခဲ့ ပါတယ်။ စုရဲ့ ခံစားရတဲ့ အခက်အခဲတွေနဲ့
ယှဉ်ရင် သူခံရတာတွေက ဘာမှမဟုတ်ဘူး လို့ မိုက်ကယ်က ခံယူပါတယ်။ သူ့ ရဲ့
တစ်ခုတည်းသော ဆန္ဒက သူ့ရဲ့ နောက်ဆုံးအချိန်မှာ စုကို တွေ့သွား ချင်တာပါ။
ဒီဆန္ဒပြည့်မယ် လို့လည်း မျှော်လင့် ခဲ့ရှာပါတယ်။ သူက မြန်မာ စစ်အစိုးရကို
ဒုက္ခပေး လိုစိတ် မရှိခဲ့ပါဘူး။ သူ့ကို ချာချီလ်ဆေးရုံ က ဆရာဝန် နှစ်ယောက်က
အကူလိုက် ပေးမယ်လို့ ကမ်းလှမ်းခဲ့ပေမယ့် မြန်မာ စစ်အစိုးရကတော့ ရက်စက်
ခဲ့ပါတယ်။
မိုက်ကယ် ဆုံးတာကို လက်ခံ လို့
မရခဲ့သူကတော့ ကင်မ်ပါပဲ။ သူ့ကိုယ်သူလည်း မထိမ်းနိုင်ဖြစ် သွားခဲ့ပါတယ်။
ဘာကိုမှ လက်ခံလို့ မရတော့တဲ့ပုံစံမျိုးပေါ့။ သူ့ဒေါသ တွေက အန်ထော်နီ့အပေါ်
ပုံကျသွား လေရဲ့။ အန်ထော်နီရဲ့ ကြည့်ပုံနဲ့ အသံတွေက မိုက်ကယ်ရဲ့ အကြည့်တွေ၊
အသံတွေနဲ့ ချွတ်စွပ်တူလေတော့ အန်ထော်နီက ဒီမှာရှိနေရက်နဲ့ ဒယ်ဒီက ဘာလို့
မရှိရတော့တာလဲ ဆိုပြီးခံစားနေရပါတယ်။ သူ့မှာ အန်ထော်နီ က လွဲပြီး
စိတ်ဆိုးရမယ့်လူ လည်း မရှိတော့ဘူးလေ။ တကယ် တော့ အဲဒီခံစားမှုတွေဟာ အန်ထော်
နီ့မှာလည်း ရှိနေတာမို့ သူက ကင်မ် ရဲ့ ဒေါသတွေကို တိတ်တဆိတ်ပဲ
လက်ခံနေပါတယ်။ ကျွန်မလည်း ကင်မ့်ကို အတတ်နိုင်ဆုံး ချော့မော့
နှစ်သိမ့်ဖြစ်ခဲ့ပါတယ်။
ကင်မ်က တည်ငြိမ်စပြုတဲ့ အချိန်မှာ
ချက်ချင်းဆိုသလို “နိုရီကို၊ ကျွန်တော် ဝယ်ခဲ့ပေးတဲ့ ဗုဒ္ဓရုပ်ပွားတော်လေး
ရှိနေသေး ရဲ့လား”လို့ မေး လိုက်ပါတယ်။ “ရှိတာပေါ့။ အဲဒါ အန်တီ့အတွက်
ရတနာပဲလေ” လို့ ဖြေလိုက် ပါတယ်။ တကယ်တော့ ဆယ်နှစ်သားမှာ ကတည်းက မိခင်ရဲ့
ဂရုစိုက်မှုကို မရခဲ့တာမို့ သူက အခုလို ဝမ်းနည်းမှုတွေ ကြီးမားနေ ရတာပါ။
တကယ်တော့ ၁၉၉၉ ခုနှစ်၊ မတ် ၂၇ ရက်ဟာ
မိုက်ကယ်နဲ့ အန်ထော်နီ အမြွှာညီအစ်ကိုရဲ့ ၅၃ နှစ် ပြည့် မွေးနေ့ လည်း ဖြစ်
ပါတယ်။ ဘယ်လိုများ အကျီစားသန်တဲ့ ကံကြမ္မာ ပါလိမ့်။ သူတို့မိသားစုက နဂိုမူလ
အစီအစဉ်အတိုင်း မွေးနေ့ အထိမ်း အမှတ်ကိုလည်း ဆက်လုပ်မယ်လို့
ဆုံးဖြတ်လိုက်ပါတယ်။ ကိတ်နဲ့ စားသောက် စရာ တွေကိုလည်း မှာထားပြီး သား
ဖြစ်နေပြီလေ။ တကယ်တော့ စားစရာတွေက လောက်တောင် မလောက်ချင်ပါဘူး။ ကျွန်မ
ခင်ပွန်းကလည်း ကျွန်မကို မိုက်ကယ့် နောက်ဆုံး အချိန်အတွက် တစ်ခုခု
လုပ်ပေးဖို့ ငွေကိုမနှမြောကြစတမ်း လို့ပြောလာပါတယ်။ ဒီလိုနဲ့ ကျွန်မ လည်း
တတ်နိုင်သလောက် တစ်ခုခု လုပ်ပေးမယ် လို့ ဆုံးဖြတ်လိုက်တယ်။
ကင်မ့်သူငယ်ချင်းတွေက ကျွန်မကို
ဈေးကူဝယ်ပေးကြပါတယ်။ ကျွန်မက ဆူရှီ အလိပ်တစ်ရာစာမက ဈေးဝယ်လိုက်ပါ တယ်။
အန်ထော်နီ့ မွေးနေ့ပွဲနဲ့ မိုက်ကယ့်ဝိညာဉ်အတွက် ကျင်းပတဲ့ပွဲ ဆိုပါတော့။
မိုက်ကယ့် မိသားစု နဲ့ ဆွေမျိုးတွေက စားပွဲမှာ ဝိုင်းထိုင်လိုက်ကြပါတယ်။
ပါတီကို အလက်ဇန္ဒားက မဟုတ်ဘဲ ကင်မ် က ဦးဆောင် တာပါ။ “ဒီနေရာမှာ
ကျွန်တော်တို့အားလုံးဟာ မိသားစု ဝင်တွေပါ။ နိုရီကိုတစ်ယောက်ပဲ သွေးသား
မတော်စပ် ပေမယ့် သူက ကျွန်တော်တို့နဲ့ နက်နက်ရှိုင်းရှိုင်း ပတ်သက်နေတဲ့
မိသားစုဝင်တစ်ယောက် ပါပဲ”လို့ ကင်မ်က ပြောလိုက်ပါတယ်။ စိတ်ထဲမှာတော့ကျွန်မက
ကျွန်မဟာ စုနဲ့မိုက်ကယ်တို့ရဲ့ ကံကြမ္မာအတိုင်း တော်စပ်ရတဲ့ မိသားစုတွေပါပဲ
လို့ တွေးပြောပြောနေ မိတာပေါ့။
ဘယ်သူကမှ စကားမပြောတမ်း ဆူရှီကို
အားပေးကြပါတယ်။ သနားစရာကောင်းတာက သူတို့အားလုံးဟာ မိုက်ကယ် ဆေးရုံ စတက်ရတဲ့
လွန်ခဲ့တဲ့ နှစ်လလုံးလုံး ညစာရယ်လို့ ပီပီပြင်ပြင် မစားခဲ့ကြရရှာပါဘူး။
စိတ်လှုပ်ရှားမှုတွေ နဲ့ ပြည့်နှက်နေတဲ့ ပတ်ဝန်းကျင်လေးဟာ ခု
တော့တည်ငြိမ်စလည်း ပြုလာပါပြီ။
မိုက်ကယ့်ခယ်မက ကျွန်မကို “မိုက်ကယ့်ကို
ကျွန်မက ရှင်ဘာစားချင်လဲလို့မေးခဲ့ဖူးပါတယ်။ ပထမတော့ သူက
အသားညှပ်ပေါင်မုန့်လို့ ပြောပြီး နောက် မဟုတ်ဘူး၊ ဆူရှီ စားချင်တာလို့
ဖြေခဲ့တာပါ”လို့ ပြော ပြပါတယ်။
မိုက်ကယ်ရယ် ရှင့်ကို ကျွန်မ လက်ရာ ဆူရှီလေးတစ်ကိုက်ဖြစ်ဖြစ် ကျွေးချင်နေခဲ့တာပါရှင်။
ဂွဒ်ဘိုင်မိုက်ကယ်
မိုက်ကယ်က ၂၇ ရက်မှာ
ဆုံးပြီး ၂၈ ရက်မှာတော့ သူ့အလောင်းကို ချာချီလ်ဆေးရုံကို သယ်သွားခဲ့
ကြပါတယ်။ ၂၉-၃၀ မှာတော့ ကျန်ရစ်သူများလို့ အမည်ပေး ထားတဲ့ ကျောင်းထဲမှာ
ပြင်ဆင် ထားရှိခဲ့ပါတယ်။ သူ့ကို ဂွဒ်ဘိုင်လို့ နှုတ်ဆက် ချင်သူတွေ
နှုတ်ဆက်နိုင်အောင်ပေါ့။ ကျွန်မက ကျန်ရစ်သူများ ကျောင်း ဆိုတာ
ဘုရားရှိခိုးကျောင်း လို့ ထင်ပေမယ့် အဲဒါက ရေခဲတိုက်ပါ။ ဝင်္ကပါလို
အခန်းလေးတွေ အများကြီးရှိနေကာ မိုက်ကယ့်ကိုတော့ ဟိုးအနောက်က အခန်းလေး
ထဲမှာ ထားပေးထားပါတယ်။ သူက အိပ်ပျော်နေသလိုမျိုး လဲလျောင်းနေတာမို့
သူ့မျက်နှာကိုကြည့်ရင်း မိုက်ကယ် ဟာ ရုပ်ဖြောင့်သူပဲလို့ ဖျတ်ခနဲ တွေး
လိုက်မိပါတယ်။
မတ် ၃၁ ရက်မှာတော့ မိုက်ကယ့် အသုဘ
အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ အဲဒီနေ့က အောက်စ်ဖို့ဒ် ရဲ့ ကောင်းကင်ကြီးက
ပြာပြီး ကြည်လင်နေလေရဲ့။ ပါးကို တို့ထိ လာတဲ့ လေကလည်း နွေးနေသလိုပါပဲ။
စုနဲ့ မိုက်ကယ် ရဲ့ မွေးစားသမီးလို ဖြစ်နေတဲ့ ဂါနာသူ ရှေ့နေ အမျိုးသမီး
တစ်ယောက်ရယ်၊ မိုက်ကယ့်ကို ပြုစုပေး ခဲ့ဖူးတဲ့ မြန်မာ အမျိုးသမီး
တစ်ယောက်ရယ်၊ အန်ထော်နီ့ ဇနီးရယ်နဲ့ ကျွန်မတို့က အင်္ဂလန်ထုံးစံအရ အသုဘ
ရှုလာမယ့် ပရိသတ်ကို မနက်စာကျွေးဖို့ မနက် ၈နာရီခွဲကတည်းက စပြင်ဆင်ကြပါတယ်။
သူတို့သုံးယောက် သားက အသားညှပ်ပေါင်မုန့် ကို ပြင်ဆင်ကာ ကျွန်မကတော့
ဂျပန်စာ ဆန်မုန့် အိုနီဂီရီကို ပြင်ဆင်ပါတယ်။ အင်္ဂလန်မှာ အဲဒီလိုမနက်စာ
အတွက် မှာလို့ မလွယ်ဘူးလေ။
နေ့လယ် ၃ နာရီမှာတော့ ရေခဲ တိုက်က
အသုဘယာဉ်က မိုက်ကယ့် အခေါင်းကို တင်ဆောင်ကာ အိမ်ကို ရောက်လာ ပါတယ်။
မိုက်ကယ့်ကိုတော့ အိမ်ထဲကို မခေါ်လာခဲ့ပါ ဘူး။ မိုက်ကယ့် တပည့်ဖြစ်တဲ့
ဘူတန်သား ကာမဖွန်ဆိုက အခေါင်းထိပ်မှာ ဘူတန်ရိုးရာဝတ်စုံ ဝတ်ပြီး
ထိုင်နေပါတယ်။ အသုဘယာဉ်ရဲ့ နောက်မှာတော့ မိသားစုနဲ့ ဆွေမျိုးတွေ လိုက်ပါတဲ့
ကားနက်နှစ်စီးက လိုက်ပါလာပါတယ်။ အဲဒီနောက်က မြန်မာမလေး မောင်းတဲ့
ကားပေါ်မှာ တော့ ကျွန်မနဲ့ ဂါနာရှေ့နေ အမျိုးသမီးတို့ လိုက်ပါတယ်။
ကျွန်မတို့ ကားနောက်မှာ တော့ နောက်ထပ် ကားတွေ တသီတတန်းကြီး ပါပဲ။ ရှေ့က
ကားက တဖြည်းဖြည်းသွားနေကာ မထင်မှတ်ဘဲ ပါ့ခ်တောင်းအိမ် အဝိုင်းကို
တစ်ပတ်ပြီးတစ်ပတ် ပတ် ပေးပါတယ်။ စု၊ မိုက်ကယ်နဲ့ ကလေးတွေအတွက် အမှတ်တရအိမ်
နေရာလေးမို့လို့ပေါ့။ အသုဘယာဉ် က အိမ်နေရာ တည့်တည့်လည်း ရောက်ရော အသံရှည်
ဟွန်းကို အကျယ်ကြီးကို တီးလိုက်ပါတယ်။
Wednesday, 16 January 2013
ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် (၃၁)
မိုက်ကယ့်အတွက် “ဆူရှီ” တစ်ကိုက်
၁၉၉၉ ခုနှစ် ဇန်နဝါရီ ၂၇ ရက်မှာပေါ့။
အဲဒီအချိန်က ကျွန်မ ခင်ပွန်းဟာ ကိုဘေးတက္ကသိုလ်မှာ စာသင်နေချိန် ပါ။ သူက
အမြဲလိုလို ဧည့်ပညာရှင်တွေအတွက် အလုပ် တွေများနေတတ်သူမို့ အဲဒီအချိန်မှာ
လည်း သူ့မှာ ဧည့်က ရှိနေပါတယ်။ ဧည့်တစ်ယောက်က ကျွန်တော်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ခင်ပွန်းမှာ ကင်ဆာရောဂါ ခံစားနေရတယ်လို့ ကြားရတယ်။
ခင်ဗျားတို့ သိမှာပေါ့။ သိတယ်မဟုတ်လား” လို့ ပြောလာပါတယ်။ ကျွန်မတို့က
အဲဒီသတင်းမျိုးကို မခန့်မှန်းနိုင်ခဲ့လို့ အလွန်ကို စိတ်မကောင်းဖြစ်
လိုက်ရပါတယ်။ ကျွန်မတို့လည်း ဧည့်သည် မပြန်ခင်မှာဘဲ မိုက်ကယ့်ဆီ ဖုန်းဆက်ကြ
ပါတော့တယ်။
မိုက်ကယ့် အသံက အားနည်းနေပုံပါ။ “ဟုတ်ပါတယ်။ ဆရာဝန်က ကျွန်တော့်ရောဂါက
ဆီးကျိတ် ကင်ဆာလို့ ပြောပါတယ်” တဲ့။ သူကသာ နေမကောင်းနေတာ ကျွန်မရဲ့
ကျန်းမာရေးကိုလည်း သူက စိတ်ပူနေရှာပါ သေးတယ်။ ကျွန်မရဲ့ခင်ပွန်းကို
“ကျွန်တော့်ကင်ဆာက အဆိုးဝါးကြီး မဟုတ်ပါဘူးဗျာ။ ဒါပေမယ့် ကျွန်တော် ကတော့
ဒီရောဂါကို အကြောင်းပြ ပြီး မြန်မာပြည်ဝင်ခွင့် ဗီဇာရအောင်တော့
လုပ်ဦးမယ်ဗျာ။ ဒီကိစ္စကို ချဲ့ကား ပြောသံကြားရရင် စိတ်ထဲ သိပ်လန့်မသွား
နဲ့နော်” လို့ ပြောနေသေးတာပါ။ ကျွန်မတို့လည်း ဆီးကျိတ်ကင်ဆာ ဆိုတာ
အရေးမကြီးဘူးလို့ ဆရာဝန်ပြောစကား အတိုင်း ယုံလိုက်တော့တာပေါ့။
ဒီနှစ်နွေမှာတော့ သူ့ဆီသွား လည်မယ်လို့ ဆုံးဖြတ်လိုက်ကြပါတယ်။
ကျွန်မတို့လည်း မိုက်ကယ့်ကင်ဆာကို မေ့ထားလိုက်ကြပါတယ်။ မတ် ၂၄ ရက်လည်း
ရောက်ရော ယာတာ ရိုဆန်က ကျွန်မတို့ဆီကို မိုက်ကယ့်အခြေအနေ အတော်ကြီး
ဆိုးဝါးနေပြီလို့ ဖုန်းဆက်လာပါတော့တယ်။ သူ့ကို မိုက်ကယ်ရဲ့
အမြွှာညီအစ်ကိုဖြစ်တဲ့ အန်ထော်နီက ပြောပြတာပါတဲ့။ သူက အန်ထော်နီနဲ့
ပုံနှိပ်လုပ်ငန်း ဆိုင်ရာ အဆက်အသွယ် ရှိနေတာ ကိုး။
နောက်နေ့မှာတော့ ကျွန်မတို့ လန်ဒန်သွားဖို့ လေယာဉ်လက်မှတ်
စီစဉ်လိုက်နိုင်ခဲ့ပါတယ်။ ယာတာရိုဆန် ကတော့ ပတ်စ်ပို့သက်တမ်း ကုန်နေလို့
ချက်ချင်း လိုက်လာနိုင်မှာ မဟုတ်တော့ပါဘူး။ သူက ဆီးကျိတ် ကင်ဆာကြောင့်
ဖြစ်တဲ့ ခါးနာဝေဒနာ သက်သာအောင် အပ်စိုက်လို့ရကြောင်း ပြောလိုက်ပါသေးတယ်။
သူက ကျွန်မကို အပ်စိုက်နိုင်တဲ့ နေရာတွေ ကိုပြထားတဲ့ လူ့ခန္ဓာကိုယ် ပုံစံကို
ပို့ပေးပြီး ဘယ်နေရာတွေကို လက်နဲ့ ဖြစ်စေ ထောက်ပေးရမယ်လို့ သင်ပေးလိုက်
ပါသေးတယ်။
မတ် ၂၆ ရက်မှာတော့ ကျွန်မတို့ဟာ ကန်ဆိုင်လေဆိပ်ကနေ လန်ဒန်ကို
ထွက်ခွာလာခဲ့ပါတယ်။ ကျွန်မနဲ့ အတူ ပါလာတာက အပ်စိုက်နည်း ပုံတွေရယ်၊
အိမ်နေရင်း ဝတ်စုံရယ်၊ ဆူရှီလုပ်ဖို့လိုမယ့် ပစ္စည်းတွေရယ်၊ ဒါပဲ ထည့်ယူလာ
ခဲ့တာပါ။ မိုက်ကယ့်ကို ဆူရှီ တစ်ကိုက်စာလေးပဲ ဖြစ်ဖြစ်
ကျွေးလိုက်ချင်တယ်လေ။ ကျွန်မက မိုက်ကယ် ရဲ့ နောက်ဆုံး အချိန်လေးကို
မီပါရစေလို့ ဆုတောင်းနေခဲ့ပါတယ်။ ကျွန်မရဲ့စိတ် လောကြီးနေတဲ့
ရုပ်ကိုကြည့်ပြီး ကျွန်မနားမှာ ထိုင်သူက စကားတွေ ပြောလာပါတယ်။ သူ့ကြည့်ရတာ
သက်ကြီး မိန်းမသား တစ်ဦးက တစ်ယောက်တည်း ခရီးသွားနေတာကို စိတ်ပူနေပုံပါ။
လန်ဒန်ရောက်တော့ သူက လမ်းမခွဲခင်မှာ မိုက်ကယ့် ကျန်းမာ ရေး အတွက်
ဆုတောင်းပေးကြောင်း ပြော လိုက်ပါသေးတယ်။
ညကိုးနာရီခွဲမှာတော့ ကျွန်မက ဟိုတယ်ကို ရောက်ပါပြီ။ ရောက်ရောက်ချင်း
ဆိုသလိုပဲ ကျွန်မ မိုက်ကယ့်ဆီကို သွားလိုက်ပါတယ်။ “ဘယ်သူပါလဲ”တဲ့။
မိုက်ကယ့်ထူး သံပါ။ “နိုရီကိုပါ”ဆိုတော့ “အိုး နိုရီကို၊ ဝင်လာခဲ့လေ”
ဆိုပြီး တံခါးလှမ်း ဖွင့်ပေးလေရဲ့။ ဓာတ်လှေကားကနေ ထွက်လိုက်တယ်ဆိုရင်ပဲ
မိုက်ကယ် က ခါတိုင်းလို ကြိုနေပါတယ်။ “ခင်ဗျား၊ ဂျပန်ကနေ အဝေးကြီးကနေ
လာခဲ့တယ်နော်။ ကောင်းလိုက်တာဗျာ။ ဝင်လာပါ။ ဝင်လာပါဗျာ”လို့
လှိုက်လှိုက်လှဲလှဲ ကြိုပါတယ်။ ခရီးက ရှည်လေတော့ ကျွန်မလည်း မူးတူးတူးနဲ့
အိပ်မက်များ မက်နေသလား လို့လည်း စိတ်ထဲ ဘာဖြစ်နေ မှန်းတောင် မသိတော့ပါဘူး။
မိုက်ကယ်က ကျွန်မကို ခါတိုင်းလို မီးဖို ချောင်ထဲ ခေါ်မသွားဘဲ ဧည့်ခန်းကို
ခေါ်လာခဲ့ပါတယ်။ “သူက ကျွန်တော့်ညီ အန်ထော်နီရဲ့ ဇနီးမေရီလေ” လို့ ကျွန်မကို
မိတ်ဆက်ပေးပါတော့တယ်။ မိုက်ကယ့် ကြည့်ရ တာ ကောင်းလို့ပါပဲ။
“အန်ထော်နီ၊ ရှင်ဘာတွေပြော နေတာလဲ။ ကျွန်မက ရှင့်ဇနီးလေ” လို့မေရီက
ပြောလိုက်မှပဲ ကျွန်မလည်း နဂိုသိ စိတ်တွေ ပြန်ဝင်လာမိပါတော့တယ်။
အန်ထော်နီဟာ မိုက်ကယ့် နံဘေးမှာ လွန်ခဲ့တဲ့ နှစ်ပတ်လုံးလုံး ရှိနေခဲ့ရာက
စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်ကာ ကယောင်ကတမ်း တွေ ပြောနေတာပါ။ သူ့ကိုယ်သူ လည်း
မိုက်ကယ်နဲ့ သူ့ကိုယ်တိုင်ကို မခွဲနိုင်တော့သလိုပါပဲ။ သူတို့က
ရုပ်ချင်းထပ်တူကျတဲ့ အမြွှာတွေကိုး။ ကျွန်မအတွက်တော့ ဒီအတွေ့အကြုံက သိပ်ကို
အံ့ဩစရာကောင်းတဲ့ ပထမဆုံး အတွေ့အကြုံပါပဲ။
တကယ်တော့ မိသားစုတစ်ခုထဲ မိသားစုဝင်
တစ်ယောက်ရဲ့ နောက်ဆုံးအချိန်တစ်ခုမှာ သူစိမ်း တစ်ယောက်က ဝင်ရောက်
သွားတယ်ဆိုတာ စိတ်မသက်သာစရာ အဖြစ်မျိုးပါ။ ကျွန်မလည်း သွားသင့်၊
မသွားသင့်ကို အတော်ကြီး ဆုံးဖြတ်ခဲ့ ရပါတယ်။ ဒါပေမယ့် ကျွန်မခင်ပွန်းကရော
ကျွန်မကပါ ဘယ်လိုမှ စိတ်မထိန်းနိုင် တော့တာ မို့ ကျွန်မကို
သွားလို့ပြောခဲ့သလို ကျွန်မလည်း တစ်ကိုယ်တည်းပဲ ထွက်ခဲ့ပါတယ်။ ဒါပေမယ့်
သူတို့ က ဂျပန်ကနေတောင် မိုက်ကယ့် ကို ခင်မင်တဲ့စိတ် တစ်ခုတည်းနဲ့ အရောက်
လာခဲ့တဲ့ နိုရီကို ဆိုတဲ့ ကျွန်မကို နတ်သမီးတစ်ပါးလို နွေးနွေးထွေးထွေး
ကြိုဆိုကြပါတယ်။
အလက်ဇန္ဒားလည်း အမေရိက ကနေ
ပြန်ရောက်နေပါပြီ။ သူ့ကြည့်ရတာ နေကောင်းနေပုံ ရကာ အဲဒီနှစ် မေလမှာ ကွန်ပျူ
တာသိပ္ပံရယ်၊ ဖလော်ဆော်ဖီရယ်နဲ့ ဘွဲ့ရတော့မယ် လို့ပြောပြပါတယ်။ ပါရဂူ
ဒေါက်တာဘွဲ့ ရတဲ့အထိ ဆက်သင်မယ် လို့လည်း ဆိုပါတယ်။ အခန်းထဲမှာ
မိုက်ကယ့်အမေရယ်၊ အန်ထော်နီရယ်၊ သူ့ဇနီးမေရီ ရယ်၊ မိုက်ကယ့် အချစ်ဆုံး
သူငယ်ချင်း ဗီကာရဲ့ အမေရယ် ထိုင်နေကြပါတယ်။ အလက်ဇန္ဒားက သူ့အခန်းထဲကို
အနားယူဖို့ ဝင်သွားတော့ ကျန်သူတွေ က မိုက်ကယ့် အကြောင်း ပြောကြပါတယ်။
နောက်တစ်နေ့မနက်၊ ၁၉၉၉ ခု နှစ် မတ်လ ၂၇
ရက် နံနက် ၈ နာရီလောက်မှာ ကျွန်မက ဟိုတယ် မှာ မနက်စာ စားနေ ချိန်ပေါ့။
မိုက်ကယ့်အိမ်ကနေ ဖုန်းဝင်လာပါ တယ်။ အလက်ဇန္ဒားဆက်တာပါ။ “နိုရီကိုရယ်
ကျွန်တော် စိတ်မကောင်းစရာ သတင်း ပြောရပါမယ်။ ဒယ်ဒီဟာ ဒီနေ့မနက်ကပဲ
ဆုံးသွားပါပြီ” တဲ့။ မနက်စာတောင် မစားတော့ဘဲ ကျွန်မနေတဲ့ ဟိုတယ် ကနေ
တစ်လံလောက်ပဲဝေးတဲ့ မိုက်ကယ့်အိမ်ကို ပြေးသွားခဲ့ပါတယ်။ မနက် ၆ နာရီ ခွဲမှာ
မိုက်ကယ်ဟာ အန်ထော်နီ ရဲ့ လက်ကိုကိုင်ကာ အသက်နှစ်ချက် ပြင်းပြင်း
ရှိုက်လိုက် ပြီးနောက် ကွယ်လွန်ခဲ့ပါတယ်။ မကွယ်လွန်မီ နောက်ဆုံး
ငါးမိနစ်မှာတော့ “ကင်မ်.. ကင်မ်..”လို့ ငါးခါ တိတိ ခေါ်သွား လေရဲ့။
သူတို့အားလုံးက မိုက်ကယ် ဆုံးတာကို
မိသားစုက လွဲရင် ဘယ်သူ့ကိုမှ မပြောဖို့ ဆုံးဖြတ်ခဲ့ကြပေမယ့် နေ့လယ်ပိုင်း
မှာတော့ ဘီဘီစီ က ထုတ်လွှင့်လိုက်ပါတယ်။ ဒီလိုနဲ့ သူတို့အိမ်ကို
လူတွေတဖွဲဖွဲ ရောက် လာပါတော့တယ်။ ညနေ သုံးနာရီ လောက်မှာတော့
အောက်စ်ဖို့ဒ်တက္ကသိုလ်က ကျောင်းသူတစ်ယောက် ရောက်လာကာ မိုက်ကယ့်အတွက်
တယောနဲ့ သီချင်းတစ်ပုဒ် တီးခွင့် ပေးဖို့ ခွင့်တောင်းလာပါတယ်။ သူက
တယောတီးနေစဉ်မှာ မျက်ရည်တွေလည်း ကျကာ ငိုနေပါတယ်။ လူတွေကလည်း ကြမ်းပြင်မှာ
ထိုင် ကြကာ တေးသွားကို ခံစားရင်း ကြေကွဲလို့နေခဲ့ကြပါတယ်။ အန်ထော်နီ ကလည်း
မျက်ရည်တွေ ကြားကပဲ ချားလ်စ် မင်းသားရဲ့ ပူပူနွေးနွေး ပေးပို့လာတဲ့
စာလွှာကို ဖတ်ကြားလိုက်ပါတယ်။ ဒီစာက မိုက်ကယ့်ကို ပြည်ဝင်ခွင့်ဗီဇာ
ထုတ်ပေးဖို့ မြန်မာအစိုးရကို တောင်းဆိုတဲ့စာ ဖြစ်နေပါတယ်။
မတူတာလေးများ အပိုင်း (၇) (သို့) နိုင်ငံတော်အလံ
နိုင်ငံတော်အလံ
နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ သူတို့ရဲ့ နိုင်ငံအတွက် သတ်မှတ်ထားတဲ့ အလံတွေရှိကြပါတယ်။ မြန်မာပြည်မှာလဲ နိုင်ငံတော်အလံ ရှိပါတယ်။ မြန်မာပြည်က လူတွေက ကိုယ့်နိုင်ငံက အလံကို တော်တော် လေးစားတာကို တွေ့ရပါတယ်။ စာသင်ကျောင်း စတက်စဉ်ချိန်ကတည်းက စတင်ပြီး နိုင်ငံတော်အလံကို ကမ္ဘာမကြေ သီချင်းနဲ့ အလေးပြုခဲ့ရပါတယ်။ ရွာကျောင်းရဲ့ အသင်းခေါင်းဆောင် ဖြစ်တဲ့အချိန်မှာလဲ နိုင်ငံတော်အလံကို လေးလေးစားစား လွှင့်တင်ခြင်း၊ ညနေပိုင်းကျောင်းလွှတ်ခါနီးမှာ နိုင်ငံတော် အလံကို မြေကြီးကို မထိအောင် သတိနဲ့ ပြန်ချပြီး ကျောင်းအုပ်ဆရာကြီးကို ပြန်အပ်ရပါတယ်။ နောက်နေ့ ကျောင်းတက်ရင်လဲ ဒီလိုပဲ နိုင်ငံတော် သီချင်းဆိုပြီး ကျောင်းတက်ခဲ့ရပါတယ်။ တဖြေးဖြေး အတန်းတွေကြီးလာပြီး မြို့ကျာင်း ရောက်သွားခဲ့တော့လဲ ဒီလိုပါပဲ။ နိုင်ငံတော် အလံကို တလေးတစားရှိလှပါတယ်။
မဆလခေတ်တုံးက ပြည်ထောင်စုနေ့နီးပြီဆိုရင် ပြည်ထောင်စု အလံတော်ကို တတိုင်းပြည်လုံး လက်ဆင့်ကမ်း သယ်ဆောင်လေ့ရှိခဲ့ပါတယ်။ စကားတစ်ခွန်းကြားဘူးပါတယ်။ ဟုတ်လား၊ မဟုတ်ဘူးလားတော့ မသိပါ။ အဲဒီစကားကတော့ - နိုင်ငံတော် အလံကို ကိုင်ဆောင်သူဟာ နိုင်ငံတော်အလံကို တည့်မတ်စွာ ကိုင်ဆောင်ရပါတယ်။ အကယ်ရွေ့ ယိုင်သွားလျှင် (သို့) စောင်းသွားလျှင် (သို့) ပြုတ်ကျသွားလျှင် ဘေးက အစောင့်ရဲ့ သေနတ်နဲ့ ပစ်သတ်ခြင်းကို ခံရနိုင်တယ်လို့ ကြားမိပါတယ်။ လေးစားတတ်အောင် လူကြီးသူမများက ဆုံးမခြင်းလဲ ဖြစ်နိုင်ပါတယ်။ သေချာတာကတော့ မြန်မာလူမျိုးများက နိုင်ငံတော်အလံကို အရမ်းကို လေးစားကြတာပါပဲ။
ဒီသြစီမှာတော့ များသေားအားဖြင့် လေးစားမှု့ မရှိတာကို တွေ့ရပါတယ်။ ဒါကလဲ အရှေ့တိုင်းသား အမြင်နဲ့ ကြည့်လို့လား မသိပါ။ သူတို့ အနောက်နိုင်ငံသားတွေရဲ့ အမြင်နဲ့ဆိုရင်တော့ ဘယ်လိုမြင်မလဲမသိပါ။ နေရာတိုင်နီးပါးမှာ နိုင်ငံတော် အလံကို လေးစားမှု့ နည်းပါးကြပါတယ်။ လူ့အသုံးအဆောင်တွေဖြစ်တဲ့ ဦးထုတ်မှသည် ဖိနပ်အထိ နိုင်ငံတော်အလံကို ရိုက်နှိပ် အသုံးပြုနေကြတာကို တွေ့ရှိနိုင်ပါတယ်။ ဒါတွေဟာ ဈေးဆိုင်တွေ စူပါမားကတ်တွေမှာ တရားဝင်ရောင်းချနေတာကို တွေ့နိုင်ပါတယ်။ စာရေးသူ ရေချိုးခန်းထဲ အသုံးပြုတဲ့ ဖိနပ်ပင်လျှင် နိုင်ငံတော် အလံနဲ့ပါပဲ။ တချို့ အားကစားပြိုင်ပွဲတွေမှာ နိုင်ငံတော် အလံကို ဖြန့်ခင်းပြီး ထိုင်နေကြတာကိုလဲ မမြင်ချင် အဆုံးပါပဲ။
ဒီလိုမြင်ရတာ စိတ်ထဲမှာတော့ တမျိုးကြီးပါပဲ။ တစ်ခုတော့ရှိပါတယ်။ နိုင်ငံတော် အလံကို ဆန္ဒပြပွဲတွေမှာ ခြေထောက်နဲ့ ချနင်းခြင်း၊ မီးရှို့ခြင်းများကိုတော့ သူတို့မကြိုက်ကြပါ။ အဲဒါဘာကြောင့်လဲဆိုတာတော့ သူတို့မှပဲ သိမှာပါ။ ဂုဏ်ယူစရာကောင်းတဲ့ အချက်ကတော့ မြန်မာလူမျိုးတွေဟာ နိုင်ငံတော်အလံကို အရမ်းပဲ ရိုသေကြတယ်ဆိုတာပါပဲ။
မတူတာလေးတွေကို ပြောပါတယ်။
နောက်တစ်ပတ်မှ ဆုံကြတာပေါ့။

Tuesday, 15 January 2013
မတူတာလေးများ အပိုင်း (၆)
Copyright (သို့မဟုတ်) မူပိုင်ခွင့်
ဒီတစ်ပတ်မှာတော့ Copyright (သို့မဟုတ်) မူပိုင်ခွင့် အကြောင်းကို ရေးချင်ပါတယ်။
မြန်မာပြည်မှာတော့ Copyright (သို့မဟုတ်) မူပိုင်ခွင့် ဆိုတာ မရှိဘူးမဟုတ် ရှိပါတယ်။ ဒါပေမယ့် တော်တော်လေးကို တွင်ကျယ်မှု့ နည်းပါးလှပါတယ်။
မြန်မာပြည်မှာ နေစဉ်တုံးက British Council စာကြညိ့တိုက်မှာ အမြဲတမ်း သွားရောက်ပြီးတော့ စာဖတ်လေ့ရှိပါတယ်။ ကိုယ်ကြိုက်တဲ့ စာအုပ်ဆိုရင်တော့ ငှါးလာပြီး မိတ္တူဆိုင်မှာ တစ်အုပ်လုံး ကူးလိုက်တာပါပဲ။ စာအုပ်ရဲ့ စာမျက်နှာ တော်တော်များများမှာ Copy မကူးရဆိုပြီး တံဆိပ်တွေ ရိုက်နှိပ်ထားတာပါပဲ။ ဒါပေမယ့် စာအုပ်တစ်အုပ်လုံးကို ကူးလိုက်တော့ စာအုပ်ခမျာ တော်တော်လေးကို ဆုပ်ပဲ့သွားခဲ့ရပါတယ်။
စာရေးသူ တစ်ယောက်ထဲလားဆိုတော့ မဟုတ်ပါဘူး။ လူတိုင်းနီးပါး ကူးယူကြတာပါပဲ။ ဒါဟာ Copyright (သို့မဟုတ်) မူပိုင်ခွင့်ကို ချိုးဖောက်တာပါပဲ။ ဒီလိုချိုးဖောက်လို့လဲ ဘယ်သူမှလဲ အရေးယူခံရတာ မရှိသလောက်ပါပဲ။ တစ်ချို့ ခင်မင်ရင်းနှီးတဲ့ မိတ္တူဆိုင်များဆိုရင် တော်ရုံတန်ရုံ စာရွက် ဆယ့်လေးငါးရွက်လောက်ဆိုရင် မိတ္တူ ကူးခယူတောင်မယူရှာပါဘူး။ သူတို့ဆိုင်တွေက စာအုပ်လိုက်ကို ကူးကြတာများပါတယ်။
အသိမိတ်ဆွေတစ်စုဆိုရင် သူတို့ကိုယ်ပိုင် သုတေသနပြုထားတဲ့ စာတမ်းတစ်ခုကို အခြားသူက ပွားပြီး သူ့နာမည်တပ်ပြီးတော့ စာအုပ်ထုတ်ခြင်းကိုပင် ခံလိုက်ရပါတယ်။ အခု အဲဒီစာအုပ်က ဈေးကွက်ဝင် စာအုပ်တစ်အုပ် အဖြစ်ရောက်နေပါတယ်။ စာရေးသူတွေခမျာ Copyright (သို့မဟုတ်) မူပိုင်ခွင့်ကို မခံစာလိုက်ရပါဘူး။ (စာအုပ်နာမည် မဖေါ်ပြလိုပါ။)
ဒီသြစီမှာကတော့ ဒီလိုကူးလို့ မရပါဘူး။ ကူးမယ်ဆိုရင် Copyright (သို့မဟုတ်) မူပိုင်ခွင့် နဲ့ ငြိနေပြီသာ မှတ်ပါတော့။ စာကြည့်တိုက်မှာ ကူးမယ်ဆိုရင် ဆက်မျက်နှာ၊ ဆယ့်ငါးမျက်နှာထက် ပိုပြီးတော့ ကူးယူခွင့် မရှိပါဘူး။ ဒီမှာ ဒီCopyright (သို့မဟုတ်) မူပိုင်ခွင့်ဟာ တော်တော် ကြောက်စရာကောင်းပါတယ်။ အသိ တက္ကသိုလ်ကျူတာတစ်ယောက် ပြောပုံအရ- သူတို့တွေ ကျောင်းသားတွေကို စာသင်ဖို့ကူးယူလျှင်လည်း ကူးတဲ့စာအုပ်ပေါ်မှာ ဘယ်နေ့ကကူးကြောင်း တံဆိပ်တုံးထုရပါတယ်။ တစ်ခန်း၊ နှစ်ခန်းထက် ပိုပြီးတော့ ကူးခွင့် မပေးပါဘူး။ တစ်အုပ်လုံးကူးထားမိလို့ စစ်ဆေးတဲ့သူတွေ့သွားရင် အဲဒီကျောင်းတော့ လျှော်လို့ကို ဆုံးတော့မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ Copyright (သို့မဟုတ်) မူပိုင်ခွင့်ပါပဲ။ စာရေးသူအတွက် မူပိုင်ခွင့်ဟာ ဘယ်လောက်အရေးကြီးလဲ ဆိုတာကို သက်သေပြနေတာပါပဲ။
စာအုပ်တင်မဟုတ်ပါဘူး။ အခြားနေရာတွေမှာလဲ Copyright (သို့မဟုတ်) မူပိုင်ခွင့်ရှိပါတယ်။ ဥပမာ- လူတစ်ယောက်က အာလူးသေးသေးလေးတွေကို တစ်ဦးထဲမူပိုင် စိုက်ပျိုးရောင်းချတယ်ဆိုပါစို့။ အခြားသူက အဲဒီ အာလူးသေးသေးလေးတွေကို စိုက်ပျိုးပြီး ရောင်းချရင် Copyright (သို့မဟုတ်) မူပိုင်ခွင့်အရ တရားစွဲဆို ခံရနိုင်ပါတယ်။ နေရာတိုင်း Copyright (သို့မဟုတ်) မူပိုင်ခွင့်ဆိုတာရှိပါတယ်။
မြန်မာပြည်မှာတော့ ရုပ်ရှင်ဆိုလဲ ရုပ်ရှင်အလျောက်၊ ဗီဒီယိုဆိုလဲ ဗီဒီယိုအလျောက် Copyright (သို့မဟုတ်) မူပိုင်ခွင့်ဆိုတာရှိတာပါပဲ။ ဒါပေမယ့် ခိုးကူးကြတာပါပဲ။ ဒါကြောင့် စဉ်းစားမိပါတယ်။
မြန်မာပြည်မှာလဲ Copyright (သို့မဟုတ်) မူပိုင်ခွင့်ကို ထိထိရောက်ရောက် ကျင့်သုံးခဲ့လျှင် ဘာတွေဆက်ဖြစ်မလဲပေါ့။
မတူတာလေးတွေ ပြောပါတယ်။
နောက်တစ်ပတ်မှ တွေ့ကြတာပေါ့။

မတူတာလေးများ အပိုင်း (၅)
တန်းစီခြင်း (သို့မဟုတ်) တုံကင်ယူခြင်း
မြန်မာပြည်မှာတော့ တန်းစီခြင်းကို တွင်တွင်ကျယ်ကျယ် သုံးလေ့မရှိတာကို တွေ့ရပါတယ်။ တန်းစီခြင်းနဲ့ အလားတူတဲ့ တုံကင်လက်မှတ် ယူခြင်းဆိုတာလဲ ရှိပါသေးတယ်။ တန်းစီခြင်းကိုတော့ အနည်းအကျဉ်းတော့ တွေ့ရတတ်ပါတယ်။ သင်တန်းတစ်ခုခုတက်တဲ့အခါတွေ၊ စစ်သားများ၊ ရဲသားများ အမှတ်စဉ်ခေါ်သော အခါမျိုးတို့တို့မှာ စသဖြင့် သုံးစွဲကြတာများပါတယ်။ ငယ်ငယ်တုန်းက သမ၀ါယမဆိုင် တန်းစီဘူးတယ်။ တော်တော်လေးကို ဒုက္ခရောက်ပါတယ်။ လူကြားထဲမှာ မွန်းကြပ်တဲ့ ဒုက္ခက တော်တော်လေးကို ဆိုးဝါးပါတယ်။ တန်းစီမှု့အလေ့အကျင့် မရှိကြတော့ ကိစ္စတိုင်းမှာ စုပြုံတိုးနေရတော့တာပါပဲ။ တန်းစီခြင်းဟာ ဘယ်လောက် ထိရောက်ကောင်းမွန်တယ်ဆိုတာ လူများများနှင့် သက်ဆိုင်တဲ့ ကိစ္စတွေမှာ သိနိုင်ပါတယ်။
စာရေးသူရဲ့ အတွေ့အကြုံအရ တစ်ခုကို တင်ပြလိုပါတယ်။ တစ်နေ့ မလေးရှားကို သွားတဲ့ ခရီးစဉ်တစ်ခုမှာ ဖြစ်ပါတယ်။ စာရေးသူနှင့် လေယာဉ်တစ်စီးထဲ ရွှေမြန်မာတွေတော်တော်များများ ပါလာကြပါတယ်။ လ၀ကကောင်တာရှေ့ရောက်တော့ ရွှေမြန်မာတွေက တန်းစီရမှန်းမသိကြပါဘူး။ ဘေးက ပါလာကြတဲ့ နိုင်ငံခြားသားခရီးသွားတွေက အထင်သေးတဲ့ မျက်လုံးတွေနဲ့ ကြည့်ခြင်းကို ခံရပါတယ်။ ခဏကြာတော့ တာဝန်ကျ ရဲအရာရှိတစ်ယောက်ရောက်လာပြီး တန်းစီကြဖို့ရယ်၊ သတ်မှတ်ထားတဲ့ စီးမျဉ်းကို မကျော်ဖို့ရယ်၊ တစ်ယောက်ချင်းစီ လာဖို့ရယ်ဆိုပြီး သြ၀ါဒတွေ ပေးပါလေရော။ စာရေးသူကတော့ တုံးထုပြီးသူဖြစ်ခြင်းကြောင့် အပြင်တစ်နေရာကနေပြီးတော့ သူတိုကတွေ ဘာဆက်ဖြစ်မလဲဟု ကြည့် နေခဲ့ပါတယ်။ တစ်ခဏနေတော့ အုပ်စုလိုက်ကြီး အခြားတစ်နေရာကို ခေါ်သွာတာ တွေ့လိုက်ရပါတယ်။ နောက်ပိုင်း သူတို့တွေ ၀င်ခွင့်ရ၊ မရတော့ မသိတော့ပါဘူး။ ကိုယ်လဲ လာကြိုနေတဲ့ သူတွေနောက်ကို လိုက်သွားခဲ့ပါတယ်။
ဒီတော့ နိုင်ငံခြားတိုင်းပြည်တော်တော်များများမှာ တန်းစီရတယ်ဆိုတာကို ရွှေမြန်မာ တော်တော်များများရဲ့ စိတ်ထဲမှာသိကြပုံ မပေါ်ဘူး။ မြန်မာတို့မှာ တစ်စုံတစ်ယောက်၏ သြဇာ အာဏာကို အသုံးပြုပြီး မိမိကိစ္စပြီးမြောက်အောင်၊ သူတစ်ပါးထက် အလျှင်ပြီးအောင် လုပ်ခဲ့ကြသည်မှာ တော်တော်လေးကို အရိုးစွဲနေပုံရပါတယ်။ နိုင်ငံခြားတိုင်းပြည်တိုင်းမှာ သမ္မတစီးတဲ့ကားပင်ဖြစ်စေ မီးနီနေရင်တော့ ရပ်ထားရမည်ဖြစ်ပါတယ်။ ငါ သမ္မတပဲ ကျော်တတ်မည်ဟု လုပ်လို့မရပါဘူး။
စာရေးသူဟာ အခု သြစီမှာနေသူဖြစ်နေတော့ သြစီကအကြောင်းကို ပြောချင်ပါတယ်။ ဒီမှာကတော့ ဌာနအားလုံးမှာ တန်းစီစနစ် (သို့မဟုတ်) တုံကင်ယူစနစ်ပါပဲ။ ဘယ်နေရာကြည့်ကြည့် ဒါမျိုးတွေပဲ တွေ့ရမှာပါ။ ယုတ်ဆွအဆုံး ကေအက်စ်စီတို့၊ မက်ဒေါ်နယ်တို့ ဆိုင်တွေပင်လျှင် တန်းစီမှ ရပါသည်။ ပြီးခဲ့တဲ့ လပိုင်းများက မဲထည့်ဖို့ပင်လျှင် တန်းစီစောင့်ရတာကို တွေ့ခဲ့ရပါတယ်။
စာရေးသူ မြန်မာနိုင်ငံမှာရှိစဉ် နိုင်ငံကူးလက်မှတ်ရုံးကို သွားရာ တုံကင်မရှိ။ တန်းစီမှု့ မရှိတာကို သတိထားမိပါတယ်။ အခုတော့ တုံကင်ယူရသည်ဟု အသံကြားမိပါတယ်။ အလွန် ကောင်းပါတယ်။ တဆက်တည်း အနေဖြင့် လူများတဲ့နေရာ အားလုံးမှာ တန်းစီခြင်း (သို့မဟုတ်) တုံကင်စနစ်ကို အသုံးပြုသင့်ပါကြောင်း သက်ဆိုင်ရာများအား တိုက်တွန်းချင်ပါတယ်။
မတူတာလေးတွေ ပြောပါတယ်။
နောက်အပတ်မှ ဆုံကြတာပေါ့

Sunday, 13 January 2013
အလင်းစေတမာန် ယဉ်ကျေးလိမ္မာသင်တန်း
အလင်းစေတမာန် ယဉ်ကျေးလိမ္မာသင်တန်းကို ရန်ကုန်တိုင်ဒေသကြီး၊ လှည်းကူးမြို့နယ်၊ စိုင်ဒီကုန်ကျေးရွာ သဒ္ဒမ္မသုစိန္တာကျောင်းတိုက်တွင် နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ရာ သုံးကြိမ်တိုင်ခဲ့ပြီဖြစ်ပါသည်။
နှစ်စဉ်သင်တန်းသား 80 မှ 100 ထိတက်ရောက်ခဲ့ကြပါသည်။ နိုင်ငံတော်မှ ကျင်းပပြုလုပ်သည့် ယဉ်ကျေးလိမ္မာစာမေးပွဲသို့ ၀င်ရောက်ဖြေဆိုခဲ့ရာ မြို့နယ်ပထမ၊ ဒုတိယ စသည်ဖြင့် ရရှိအောင်မြင်ခဲ့ပါသည်။
ယခုနှစ်တွင်လည်း ကျင်းပဖွင့်လှစ်မည်ဖြစ်ရာ သင်တန်းတက်ရောက်လိုပါက ရန်ကုန်တိုင်ဒေသကြီး၊ လှည်းကူးမြို့နယ်၊ စိုင်ဒီကုန်ကျေးရွာ သဒ္ဒမ္မသုစိန္တာကျောင်းတိုက် ဖုန်းနံပါတ်- ၀၉ ၄၂၀၀ ၃၆ ၂၇၀ သို့ ဆက်သွယ်နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်၊

Subscribe to:
Posts (Atom)