Wednesday, 19 February 2014

ဖယ်ရှားခံ သမီးကလေးကျေးရွာသားများအား ခေါ်ဆောင်နိုင်ရန် DKBA မှ တပ်မှူးသုံးဦး ဦးဆောင်သည့်ယာဉ်များ ယနေ့ရောက်ရှိမည်

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေသည့် ဖယ်ရှားခံ သမီးကလေးကျေးရွာသားများအား ခေါ်ဆောင်ရန်အတွက် DKBA မှ တပ်မှူးသုံးဦး ဦးဆောင်သည့် ကားများမှာ ဖေဖော်ဝါရီ ၁၈ ရက်တွင် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှ စတင်ထွက်ခွာလာပြီး ဖေဖော်ဝါရီ ၁၉ ရက် (ယနေ့) တွင် အဆိုပါ ဘုန်းကြီးကျောင်းသို့ ရောက်ရှိမည်ဖြစ်ကြောင်း ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က ဖေဖော်ဝါရီ ၁၈ ရက် နံနက်ပိုင်းက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

 ဗိုလ်မှူးကြီးစောဆန်းအောင်က “ဒီနေ့ပဲ ကျွန်တော့်လက်အောက်က တပ်မှူးသုံးဦးကို ကရင်ပြည်နယ် မွန်ပြည်နယ်ကနေ ကားကြီးနှစ်စီး ကားလေးသုံးစီးနဲ့ စေလွှတ်လိုက်ပါပြီ။ ဒီကိုလိုက်ချင်တဲ့သူရှိရင် ခေါ်သွားမှာပါ။ ကျွန်တော်တို့ဘက်ကတော့ အတင်းအကျပ်ကြီး လိုက်ခဲ့ပါလို့တော့ မခေါ်ပါဘူး။ သူတို့ဆန္ဒရှိရင် လိုက်လို့ရပါတယ်။ ကျွန်တော်တို့က သူတို့အားလုံးကို လူသားထဲကလူဖြစ်တယ်လို့ပဲ မြင်ပါတယ်။ ကရင်ပြည်နယ်မှာ သူတို့သူဌေးမဖြစ်ရင်တောင်မှ အလုပ်အကိုင် အခွင့်အလမ်းရှိမယ်။ နေထိုင်စရာ နေရာကတော့ သေချာပေါက်ရမယ်လို့ ကျွန်တော်ပြောရဲပါတယ်” ဟုဆိုသည်။

 ဖေဖော်ဝါရီ ၄ ရက် နံနက်အစောပိုင်းက တပ်ပိုင်မြေတွင် ကျူးကျော်သည်ဟုဆိုကာ ဖျက်သိမ်းခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ သမီးကလေးကျေးရွာသားများမှာ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အလိုင်နီဆည်ဘေးရှိ အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်းဝင်း အတွင်း၌ ယာယီတဲများထိုး၍ နေထိုင်လျက်ရှိပြီး သက်ဆိုင်ရာမှ ဆည်မြောင်းပိုင်မြေပေါ်တွင် ဆောက်ထားသည်ဟုဆိုကာ အဆိုပါတဲများအနက် ကျောင်းသားမရှိသည့် အိမ်ထောင်စုများအား ဖယ်ရှားပေးရန် ဖေဖော်ဝါရီ ၁၇ ရက်က နောက်ဆုံးသတိပေးခဲ့ပြီးနောက် ၎င်းတို့မှာ ယာယီတဲများကို ဖျက်သိမ်းကာ အောင်သိဒ္ဓိ ဘုန်းကြီးကျောင်း ဓမ္မာရုံထဲသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရကြောင်း သိရသည်။

ထို့ပြင် ဖေဖော်ဝါရီ ၁၇ ရက် ည ၁၁ ခန့်က အလိုင်နီကျေးရွာ အုပ်ချုပ်ရေးမှူးက အောင်သိဒ္ဓိဘုန်းတော်ကြီးကျောင်း ဆရာတော် ဦးအဂ္ဂဓမ္မထံ မြို့နယ်အုပ်ချုပ်ရေးမှူးမှ ဆက်ခိုင်းသဖြင့် ဖုန်းဖြင့်ဆက်သွယ်ပြီး လက်ရှိဓမ္မာရုံထဲတွင် နေထိုင်နေသည့် လူများအား မည်သည့်အချိန်တွင် ပြောင်းရွှေ့ပေးနိုင်မလဲဟု မေးမြန်းခဲ့ကြောင်း သိရသည်။ ဆရာတော်က “မနေ့က ည ၁၁ နာရီလောက်မှာ ဦးဇင်းဆီကို အလိုင်နီကျေးရွာ အုပ်ချုပ်ရေးမှူးက ဆက်တယ်။ သူကပြောတာတော့ ပဲခူးမြို့နယ် အုပ်ချုပ်ရေးမှူးက ဆက်ခိုင်းလို့ ဆက်တာပါလို့ပြောတယ်။ သူကဘာပြောလဲဆိုတော့ ဒီဓမ္မာရုံထဲမှာ နေထိုင်နေတဲ့သူတွေကို ဘယ်နေ့လောက် ပြောင်းရွှေ့ပေးမလဲလို့မေးတယ်။ ဦးဇင်းလဲ ညဥ့်နက်နေလို့ သိပ်ရှည်ရှည်ဝေးဝေး မပြောတော့ဘဲ ကလေးတွေ စာမေးပွဲပြီးတဲ့ တစ်ပတ်အတွင်းတော့ ရွှေ့ပေးမယ်လို့ ပြောလိုက်တယ်” ဟု မိန့်ကြားသည်။

 အိမ်ဖျက်သိမ်းခံ ရွာသားတစ်ဦးဖြစ်သူ ဦးရွှေမောင်က “ကျွန်တော်တို့ကတော့ ဖြစ်နိုင်ရင် ဒီနေရာမှာပဲ နေချင်တာပေါ့။ ဒါပေမဲ့ အစိုးရက ကျွန်တော်တို့အပေါ်ကို တစ်ခုခုမပေးနိုင်ရင်တော့ ကရင်ပြည်နယ်ကို လိုက်သွားမှာပါ။ ဒါကလည်း အများဆန္ဒအရပါ။ ဘယ်လိုဆုံးဖြတ်မှန်းတော့ မသိသေးပါဘူး။ အားလုံးလိုက်မယ်ဆိုရင် ကျွန်တော်လည်း လိုက်မှာပါ” ဟုဆိုသည်။

သမီးကလေးကျေးရွာ ဖယ်ရှားခဲ့သည့် ဖြစ်စဉ်နှင့် ယင်းကဲ့သို့ ကျူးကျော်ဖယ်ရှားမှု ပြဿနာများအပေါ် အစိုးရအနေဖြင့် မည်သို့ကိုင်တွယ် လုပ်ဆောင်ရန် စီစဉ်လုပ်ဆောင်ထားမှု ရှိ၊ မရှိနှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ်သို့ ဆက်သွယ်မေးမြန်းခဲ့ရာတွင် ၎င်းက သမီးကလေးကျေးရွာတွင် နေထိုင်သူအများစုမှာ အခြားဒေသများမှ ရန်ကုန်သို့ ရွှေ့ပြောင်းလာပြီး ယခုသမီးကလေးကျေးရွာတွင် ငှားရမ်းခမပေးရသဖြင့် လာရောက်ကျူးကျော် နေထိုင်သူများ၊ နေထိုင်ရန်ရှိသော်လည်း အကျိုးအမြတ် ရယူလိုခြင်းကြောင့် မြေဦး၊ နေရာဦး နေထိုင်သူများဖြစ်ကြောင်း၊ အဆိုပါ ကျူးကျော်ကိစ္စများ ဖြေရှင်းနိုင်ရန် ပထမဆုံးအချက်အနေဖြင့် ရန်ကုန်တွင်သာမက တိုင်းပြည်၏ နေရာအသီးသီးတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် ဆောင်ရွက်နေကြောင်း၊ သို့မှသာ မြို့ပြသို့ ရွှေ့ပြောင်းအခြေချသူ လျော့နည်းလာမည်ဖြစ်ကြောင်း ဒုတိယအချက်အနေဖြင့် မြန်မာပြည်အနှံ့ တန်ဖိုးသင့်အိမ်ရာများ၊ မြေကွက်လပ်များ ဖန်တီးပြီး အမှန်တကယ် မြေယာမဲ့သူများလက်သို့ ရောက်ရှိနိုင်အောင် ဆောင်ရွက်နေကြောင်း၊ အပြောင်းအလဲကာလကို အခွင့်ကောင်းယူပြီး ကျူးကျော်နေထိုင်လိုသူများအား ငွေကြေးရယူကာ အကွက်ချပေးနေသည့် နောက်ကွယ်မှ လှုပ်ရှားဆောင်ရွက်သူများ၊ အမြတ်ထုတ်သူများကိုလည်း ဥပဒေနှင့်အညီ ကိုင်တွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။

 Ref: athttp://www.news-eleven.com

No comments: