ရန်ကုန်၊ ဖေဖော်ဝါရီ ၉
မြန်မာနိုင်ငံ တစ်ဝန်းရှိ မှတ်ပုံတင် ထားရခြင်း မရှိသေးသော လိုင်စင်မဲ့
ဆိုင်ကယ်များအား ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် မှတ်ပုံတင်ခြင်း လုပ်ငန်းများ
စတင်ဆောင်ရွက်ပေးမည်ဟု ထုတ်ပြန်မှုများ ရှိခဲ့သော်လည်း ဖေဖော်ဝါရီလ ၁၇
ရက်နေ့မှသာ မှတ်ပုံတင်ခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်ပေးမည်
ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ပြန်လည် အသိပေးခဲ့သည်။
“ဘာကြောင့် ပြောင်းလဲ သတ်မှတ်လိုက်တယ်တော့ မသိပါဘူး။ ကျွန်တော်တို့
စသိရတုန်းက ဖေဖော်ဝါရီ ၁၀ ရက်နေ့လို့ သိတာပါ။ ဒါပေမဲ့ ၁၇ ရက်နေ့မှ
သေချာပေါက် စတင်နိုင်တော့မှာပါ။ မုံရွာမှာ လိုင်စင်လုပ်ပေးဖို့
ကားကြီးကွင်းထဲမှာလဲ ပြင်ဆင်မှုတွေ လုပ်ပြီးပါပြီ။ နည်းနည်း ရက်နောက်ဆုတ်
သွားတာပဲ ရှိတာပါ” ဟု မုံရွာက.ည.နမှ ဝန်ထမ်းတစ်ဦးက ပြောကြားသည်။
မြန်မာတစ်နိုင်ငံလုံးရှိ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန(ကညန)
ရုံးများ၌ လိုင်စင်မဲ့ မော်တော် ဆိုင်ကယ်များကို ဖေဖော်ဝါရီလ ၁၇
ရက်နေ့တွင် တရားဝင်လိုင်စင် ထုတ်ပေးရန် သတ်မှတ်လိုက်ခြင်းကြောင့်
ဖေဖော်ဝါရီလ ၁၀ ရက်နေ့ အစား ပြောင်းလဲခဲ့ခြင်း ဖြစ်သည်ဟု
ဧရာဝတီတိုင်းဒေသကြီး ကုန်းလမ်း ပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာန
(တိုင်းကညန) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယင်းသို့ လိုင်စင် ထုတ်ပေးရာတွင် နောက်ဆုံးအကြိမ် လိုင်စင်ထုတ်ပေးခဲ့သည့်
၂၀၁၂ ခုနှစ်က လိုင်စင်ကြေး များအတိုင်း ပေးသွင်းရမည် ဖြစ်သော်လည်း
ထိုင်းဘီးများမှာမှု အနည်းငယ် သက်သာနိုင်သည်ဟု ၎င်းကရှင်းပြသည်။
နောက်ဆုံး ထုတ်ပေးခဲ့သည့် လိုင်စင်ကြေး နှုန်းထားများအရ ထိုင်းနိုင်ငံထုတ်
ဆိုင်ကယ်တစ်စီးလျှင် အမြင့်ဆုံး လိုင်စင်ကြေး ကျပ်တစ်သိန်း ငါးသောင်းကျော်
ပေးသွင်းရပြီး၊ ယခုနှစ်တွင် ကျပ်တစ်သိန်း သုံးသောင်းကျော်သာ ပေးသွင်းရမည်
ဖြစ်ကြောင်း၊ တရုတ်နိုင်ငံထုတ် ဆိုင်ကယ် လိုင်စင်ကြေးမှာ တစ်စီးလျှင်
ကျပ်ခြောက်သောင်းကျော် ပေးသွင်းရမည် ဖြစ်ကြောင်း မုံရွာ က.ည.နမှ
ဝန်ထမ်းတစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံတစ်ဝန်း ဆိုင်ကယ် မှတ်ပုံတင်ခြင်း လုပ်ငန်းများ မကြာခဏ
လုပ်ပေးခဲ့သော်လည်း၊ လိုင်စင်မဲ့ ဆိုင်ကယ်များမှာ ပပျောက်သွားခြင်း မရှိဘဲ
လိုင်စင်မဲ့ ဆိုင်ကယ်မျိုးစုံမှာ နည်းလမ်းမျိုးစုံဖြင့် ဆိုင်ကယ် အဓိက
အသုံးပြုရာ မြို့ကြီးများ သို့နေ့စဉ် အင်တိုက်အားတိုက်ဖြင့် ဝင်ရောက်နေဆဲ
ဖြစ်သည်။
The Voice Weekly
No comments:
Post a Comment