တပ်မတော်
ကျောင်းကြီးသုံးကျောင်း၏ တပ်ပိုင်မြေပေါ်တွင် ကျူးကျော်နေထိုင်သည်ဟုဆိုကာ
ရွာလုံးကျွတ်ဖယ်ရှားပေးရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက
လက်မှတ်ထိုးပြီး အမိန့်စာထုတ်ပြန်ထားသည့် လှည်းကူးမြို့နယ်
စာဘူးတောင်းကျေးရွာအုပ်စု သမီးကလေးကျေးရွာရှိ နေအိမ်များကို သက်ဆိုင်ရာက
ဖေဖော်ဝါရီ ၄ ရက် နံနက်ပိုင်းတွင် အင်အားသုံး ဖျက်သိမ်းခဲ့ကြောင်း သိရသည်။
ထိုသို့နေအိမ်များအား
ဖျက်သိမ်းရာတွင် လှည်းကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အမှတ်
(၅) ရဲတပ်ရင်း ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်လုပ်သားများ အပါဝင် အင်အား ၁၀၀၀
ကျော်ပါဝင်ခဲ့ပြီး ဖေဖော်ဝါရီ ၄ ရက် နံနက် ၅ နာရီခန့်မှစတင်၍
အသံချဲ့စက်ဖြင့် အသိပေးကြေညာပြီး တစ်ရွာလုံးရှိ နေအိမ်များအား ဖျက်ခဲ့ကာ
ဖေဖော်ဝါရီ ၄ ရက် ညနေ ၄ နာရီ နောက်ဆုံးထားပြောင်းရွှေ့ပေးရန်
အသိပေးထားကြောင်း ရွာသားများထံမှ သိရသည်။
သမီးကလေးကျေးရွာနေသူ
ဒေါ်မော်မော်က"မနက်အစောကြီး ငါးနာရီလောက်ကစပြီး ဖျက်တာပါ။
ဘာတစ်ခုမှပြန်မရပါဘူး။ သူတို့က ပစ္စည်းတွေကို အပြင်ကိုထုတ်ခိုင်းပြီး
အိမ်ကိုဖျက်သွားတယ်။ အိမ်က သစ်ဝါး ဘာတစ်ခုမှ သုံးစားလို့မရတော့ဘူး။
ခုအပြင်မှာထုတ်ထားတဲ့ ပစ္စည်းတွေကိုတစ်နေရာရာကို
ပြောင်းရွှေ့ပေးဖို့လည်းပြောတယ်။ မပြောင်းရွှေ့ရင်
မီးရှို့မယ်လို့ပြောတဲ့အတွက် အခုရွှေ့ဖို့လုပ်နေတာပါ" ဟုဆိုသည်။
အဆိုပါ
သမီးကလေးကျေးရွာမှာ အင်္ဂလိပ်ခေတ်ကတည်းက တည်ရှိခဲ့သည်ဟု
ရွာလူကြီးများကဆိုကြပြီး အချို့မှာ ပြောင်းရွှေ့လာသည်မှာ
မကြာမြင့်သေးကြောင်းနှင့် ထိုကဲ့သို့နေအိမ်များကို
အင်အားသုံးဖျက်သိမ်းခဲ့သဖြင့် ၎င်းတို့အနေဖြင့် လတ်တလောတွင်
နေစရာမရှိဖြစ်နေကြောင်း ဒေသခံများက ဆိုသည်။
နေအိမ်ဖျက်သိမ်းခံခဲ့ရသူတစ်ဦးဖြစ်သည့်
ကိုနီလာက "ဒီနေ့မနက်လေးနာရီခွဲ ငါးနာရီလောက်မှာ ကျွန်တော်တို့ကို
အသံချဲ့စက်နဲ့ အော်ပါတယ်။ မိဘပြည်သူများ ကျူးကျော်မြေထဲမှာ နေသည့်အတွက်
ဖယ်ပေးပါ။ ကျွန်တော်တို့ မေတ္တာရပ်ခံပါတယ်တဲ့။ တုတ်ဓားနဲ့ခုခံရင်လည်း
ထောင်ဒဏ်သုံးနှစ်ဆိုပြီးတော့ အော်တယ်။ အဲဒါနဲ့ ကျွန်တော်တို့လည်း
ပစ္စည်းတွေကို အသည်းအသန် ထသိမ်းရတယ်။ အားလုံးကို လမ်းဘေးမှာပဲ
ပုံထားလို့ပြောတယ်။ ခြောက်နာရီခွဲလောက်မှာ စက်ယန္တရားတွေနဲ့လာပြီးတော့
ဖျက်တယ်။ စုစုပေါင်း ၁၀၀၀ ကျော်လောက်တော့ရှိတယ်။ အိမ်ထဲမှာ လူရှိရင်လည်း
ဖယ်ပေးပါလို့ သူတို့ကပြောတယ်"ဟုဆိုသည်။
ထိုကဲ့သို့
သမီးကလေးကျေးရွာရှိ နေအိမ်များ ဖျက်သိမ်းမှုအား သတင်းလာရောက်ယူကြသည့်
သတင်းမီဒီယာသမားများအား ဖျက်သိမ်းသည့်ရွာထဲသို့ မွန်းလွဲ ၁ နာရီခွဲအထိ
ဝင်ခွင့်မပေးဘဲ ကြီးလေးကြီးလမ်းမပေါ်တွင် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက
တားဆီးခဲ့သည်။
ထိုကဲ့သို့ တားဆီးခဲ့ခြင်းနှင့်ပတ်သက်ပြီး
တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များက အထက်မှ ဖြတ်သန်းခွင့်မပေးထားသောကြောင့်
တားဆီးခဲ့ခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
"အိမ်တွေဖျက်လို့
ကျွန်မတို့ကငိုတော့ ရဲတွေကပြောတယ်။ သူတို့လည်း စိတ်မကောင်းပါဘူး။ တာဝန်အရ
လုပ်ရတာပါလို့ပြောတယ်။ သူတို့လည်း ဘာမှမသိဘူးလို့ပြောတယ်။ ကျွန်မတို့လို
မဖြစ်ပါစေနဲ့လို့ ဆုတောင်းပါတယ်"ဟု နေအိမ်အဖျက်သိမ်းခံခဲ့ရသူ
တစ်ဦးဖြစ်သည့် မဖြူက ပြောကြားသည်။
နေအိမ်ဖျက်သိမ်းရာတွင်
ပါဝင်ခဲ့သည့် အင်းတကော်မြို့နယ်မှ လာရောက်သူတစ်ဦးက"အိမ်တွေဖျက်ရမယ်ဆိုတာ
လှည်းကူးရောက်မှ သိရတာ။ လုပ်အားခက တစ်နေ့ ၃၀၀၀ ရတယ်။ သူများအိမ်တွေကို
ဖျက်ရတာစိတ်တော့ မကောင်းပါဘူး" ဟု ပြောကြားသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး
လှည်းကူးမြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး
ဦးအောင်ကိုဦးအား မေးမြန်းနိုင်ရန် လူကိုယ်တိုင် သွားရောက်သော်လည်း
ရုံးတွင်မရှိကြောင်း ၀န်ထမ်းတစ်ဦးက ဖြေကြားခဲ့ပြီး ညနေငါးနာရီခန့်က
ဖုန်းခေါ်ဆိုခဲ့သော်လည်း ဖုန်းပြန်လည်ဖြေကြားခြင်း မရှိပေ။
Ref: http://www.news-eleven.com/
No comments:
Post a Comment