Wednesday, 26 February 2014

လှည်းကူးမြို့နယ်၊ ၀ါးယားကုန်းကျေးရွာမှာ သမီးကလေး ကျေးရွာမှ အိမ်ထောင်စု ၁၅၇ စု အတွက် ရွာတည် မြေနေရာဝယ်ယူ၊ ပန္နက်ရိုက်ခြင်း၊ လမ်းအူကြောင်းများ သတ်မှတ်ခြင်းများ ဆောင်ရွက် (သမီးလေးကျေးရွာ နောက်ဆုံးရသတင်း)

၂၆.၂.၂၀၁၄

ယမန်နေ့ နံနက် ၀၉၄၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရ လယ်/ဆည် ၀န်ကြီး ဦးစိုးမင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းမှ ဦးလှသန်း၊ ဒေါက်တာအောင်မြတ်သူတို့ ဦးဆောင်သော အဖွဲ့သည် ရန်ကုန် တိုင်းဒေသကြီးနှင့် လှည်းကူးမြို့နယ်တို့မှ မြေစာရင်း၊ စည်ပင် အပါအ၀င် အင်အား ၃၀ ခန့်ဖြင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ ဘယ်ဘက်ရှိ ၀ါးယားကုန်းကျေးရွာသို့ ရောက်ရှိခဲ့သည်။

ကျူးကျော် နေထိုင်မှုကြောင့် ဖျက်ဆီးခံရသောကြောင့် ပဲခူးတိုင်း အလိုင်နီ ကျေးရွာရှိ အောင်သိဒ္ဓိ ဘုန်းတော်ကြီး ပညာသင်ကျောင်းတွင် မှီခိုနေထိုင်လျက်ရှိသော သမီးကလေး ကျေးရွာမှ အိမ်ထောင်စု ၁၅၇ စု အတွက် ရွာတည် မြေနေရာနှင့် အိမ် ၁၅၇ လုံး ၀ယ်ယူ ဆောက်လုပ် ပေးနိုင်ရန် ၀ါးယားကုန်းကျေးရွာသား ကိုညိုအေးထံမှ တစ်ဧကလျှင် ၂၂ သိန်းနှုန်းဖြင့် မြေ ၁၀ ဧကကို ၀ယ်ယူခဲ့သည်။ ထိုနေရာသည် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၀ မိုင် ၁ ဖာလုံ အနီးတွင်ဖြစ်သည်။

အရောင်းအ၀ယ် စာချုပ်စာတမ်းများ ပြုလုပ်ပြီးနောက် အိမ်ခြေ ၁၅၇ လုံးအတွက် ပန္နက်ရိုက်ခြင်း၊ လမ်းအူကြောင်းများ သတ်မှတ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ အိမ်ဆောက်ပေးနိုင်ရေးအတွက် လိုအပ်သည့် အိမ်ဆောက် ပစ္စည်းများ ၀ယ်ယူစုဆောင်လျက်ရှိကြောင်းနှင့် စက်ရေတွင်း ၂ တွင်း တူးဖော် ပေးမည်ဟု သိရသည်။ မြေနေရာ ထပ်မံ လိုအပ်ပါက နောက်ထပ် ၂ ဧက ၀ယ်ယူမည်ဟုဆိုသည်။

ဝါးယားကုန်း တိုးချဲ့အဖြစ် သတ်မှတ်ပေးပြီး သမီးလေးကျေးရွာအတွက် ဘုန်းကြီး ၂ ပါးအား ထိုအနီးရှိ မြို့ရိုးတောင် ဘုန်းတော်ကြီးကျောင်းတွင် သတင်းသုံးနိုင်စေရန် ရန်ကုန်ကုန်တိုင်းဒေသကြီး အစိုးရမှ လျှောက်ထား ညှိနိုင်းပေးခဲ့သည်။ ရွာ ၂ရွာကွဲသွားမည် စိုးသည့်အတွက် ယင်းသို့ စီစဉ်ရခြင်းဖြစ်သည်ဟု ဆိုသည်။
မှတ်ချက်။ ။

ထိုနယ်မြေတကြောတွင် တာဝန်ကျနေသော မိတ်ဆွေတစ်ဦး၏ ယမန်နေ့ညက ဖုန်းဖြင့် သတင်း ပေးပို့ချက်များကို တင်ပြပေးခြင်းဖြစ်ပါသည်။ လွတ်လပ်လပ်စွာရယူနိုင်ပါသည်။ ခွင့်တောင်းရန်မလိုပါ။


Ref: Nyunt Hlaing

No comments: