Friday, 21 February 2014

လှည်းကူးမြို့နယ်၌ ဖေဖော်ဝါရီပထမပတ်အတွင်း တရားမ၀င်သစ် တန်ချိန် ရှစ်တန်နီးပါး ဖမ်းဆီးရမိ

ဖေဖော်ဝါရီ ပထမပတ်အတွင်း လှည်းကူးမြို့နယ် သဇင်ပန်းကွင်းအနီး၌ ယာဉ်တစ်စီးအား စစ်ဆေးရာ တရားမ၀င် ကညင်သစ်ခွဲသား ၇ ဒသမ ၉၆၉၆ တန်နှင့်အတူ ယာဉ်မောင်းနှစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

“ဖေဖော်ဝါရီလ ပထမပတ်တုန်းက လှည်းကူးမြို့နယ် အတွင်းမှာ ယာဉ်တစ်စီးကို စစ်ဆေးတဲ့အခါ တရားမ၀င် သစ်တန်ချိန် ၇ ဒသမ ၉၆၉၆ တန်ကို တွေ့ရှိခဲ့တယ်။ အဲဒါ ကြောင့် သစ်တွေကို ပိုင်ဆိုင်မှုရှိမရှိ ပြေစာတောင်းတဲ့အခါ ငွေပြေစာ အထောက်အထား ပြည့်စုံအောင် မတင်ပြနိုင်တဲ့အတွက် ယာဉ်မောင်း ဦးဥက္ကာနဲ့သစ်ရောင်းချသူ ဦးထွန်းထွန်းနိုင်တို့ကို သစ်တောဥပဒေပုဒ်မ ၄၂(ခ) နဲ့အရေးယူဖို့ လှည်းကူးမြို့နယ် တရားရုံးကို ဦးတိုက်လျှောက်ထား ထားပါတယ်” ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

ဇန်န၀ါရီ ၁၇ ရက်မှ ၂၈ ရက်အထိ ရှမ်းပြည်နယ်အတွင်း တရားမ၀င်သစ်တန်ချိန် ၂၄၆၃ ဒသမ ၇၉၄၈ တန်အား ဖမ်းဆီးရမိခဲ့ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ သိရသည်။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၈ ရက်မှ ၁၉ ရက်အထိက ကျောက်မဲခရိုင်၊ ပြင်ဦးလွင်ခရိုင်တို့တွင် တရားမ၀င်သစ် ပျဉ်းကတိုး၊ ပိတောက်၊ တမလန်း၊ သစ်ရာ၊ အင်ကြင်း၊ သစ်လုံး၊ သစ်ခွဲသား၊ စုစုပေါင်း ၇၂၈ တန် ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် မန္တလေး-မူဆယ် ကားလမ်းတွင် တရားမ၀င် သစ်များအား စစ်ဆေးရာ ယာဉ်ငယ်အစီး ၇၀ ပေါ်တွင် တင် ဆောင်လာသော ပိတောက်၊ တမလန်း၊ သင်း ၀င် ၁၂၅ ဒသမ ၁၂ တန်ကိုလည်းကောင်း၊ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်၊ နားဟန်ကျေး ရွာအနီးတွင် ကျွန်း၊ ပိတောက်၊ တမလန်း၊ စံကားဝါ စုစုပေါင်း ၉၂၈ တန်တို့ကို ဖမ်းဆီး ရမိခဲ့သည်။

 မြန်မာနိုင်ငံတွင် သစ်တောပြုန်းတီးမှုများ လျော့ကျနိုင်ရန် အတွက်လည်း အရပ်ဘက် အဖွဲ့အစည်းများမှ ပူးပေါင်းပြီး နိုင်ငံတကာ သို့တင်ပို့နိုင်သည့် တရားဝင်သစ်ထုတ်လုပ်ရေး လုပ်ငန်းများနှင့် သစ်တောထိန်းသိမ်းရေး လုပ်ငန်းများကို အထောက်အကူပြုနိုင်သော အစုအဖွဲ့ပိုင် သစ်တောထိန်းသိမ်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Ref: Eleven Media

No comments: